ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်း၌ ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် တိုက်ပွဲများ ဖြစ်ပွားနေချိန် ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်များက လက်နက်ကြီးများ စမ်းသပ်ခြင်း၊ စစ်နက်လက်နက်ပစ္စည်းများ ဖြည့်တင်းခြင်းများ ပြုလုပ်လာသည့် အပေါ် AA က သတိထားစောင့်ကြည့်နေကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ပြီးခဲ့သည့် ရက်က မင်းပြားမြို့နယ်မေလွန်းရွာအနီးရှိ တိုင်းဗဟို (၉ )သင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့ ခြေမြန်တပ်ရင်း ခမရ (၅၅၀)၊ မောင်တောမြို့နယ် အင်းဒင်နယ်ခြားစောင့်ရဲစခန်း အပါအဝင် တောင်ကုတ် မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတို့က လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။
ထို့သို့ လက်နက်ကြီးများ စမ်းသပ်ခြင်း၊ စစ်လက်နက်များ ဖြည့်တင်းခြင်းတို့သည် ပြည်သူကို ခြိမ်းခြောက်မှု တခုဖြစ်သဖြင့် ၎င်းတို့၏ လူပ်ရှားမှုအပေါ်ကိုလည်း သေချာ လေ့လာစောင့်ကြည့်လျက်ရှိကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
“ရှမ်းမြောက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာ မှန်ပါတယ်။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကြေညာချက်လည်း ထုတ်ပြန်ထားပါ တယ်။ အဲဒီ ရှမ်းမြောက် တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဖြစ်မဖြစ် ဆိုတာကတော့ အသေချာ ပြောလို့မရဘူး။ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှု အပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၂၇ရက်မှစ၍ “ ၁၀၂၇ စစ်ဆင်ရေး ” အမည်ဖြင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA ) ၊ ပလောင် ( တအာင်း ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) ၊ ရက္ခိုင့်တပ်တော် ( AA ) ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ( PDF )က ပူးပေါင်း၍ တပြိုင်တည်း စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေရာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် AA တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့သည်။
ထိုတိုက်ပွဲများတွင် ရက္ခိုင့် တပ်တော်(AA)ပါဝင်လာမှုကြောင့် နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်ထားသော ရခိုင်ပြည်နယ် တွင်လည်း တိုက်ပွဲ ပြန်ဖြစ်လာမည်ကို ဒေသခံ လူထုက စိုးရိမ်နေသည်။
လတ်တလော စစ်ကောင်စီသည် စစ်တွေ-ရန်ကုန်ကားလမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်များ၌ ခရီးသွား ပြည်သူများအား စစ်ဆေးမှုတင်းကျပ်နေသလို ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ရှိ ရပ်ကွက်များတွင် ဝင်ရောက် စစ်ရေးလှုပ်ရှားမှုများ ရှိကြောင်း မြို့ခံများက ပြောသည်။
ကျောက်တော်မြို့ခံတဦးက “ဒီနေ့မနက် ကျနော်တို့ ကျောက်တော် ရှမ်းရွာရပ်ကွက်ဈေးနဲ့ လမ်းမတွေမှာ စစ်ကောင်စီတပ် တွေ အသင့်ကျည်ထိုးပြီးတော့ လုံခြုံရေး ပုံစံမျိုး လာလုပ်နေတာကိုတွေ့တယ်။ အခုထိတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေတော့ မတွေ့သေးဘူး။ ဒါပေမယ့် သူတို့ကို မြင်ရင်တော့ အားလုံးက ကြောက်ကြတာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
ရသေ့တောင်မြို့နယ်မှ ဒေသခံတဦးကလည်း လက်ရှိအခြေနေမှာ ငြိမ်သက်နေသည်ဆိုသော်လည်း စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဘက်လုံး စစ်ပြင်ဆင်နေသည့် အခြေနေရှိသည်ဟု ဆိုနိုင်ကြောင်းဆိုသည်။
“AA ကတော့ တိုက်ပွဲအတွက် အသင့်အနေအထားကို ပြင်ဆင်နေတဲ့ အခြေအနေရှိတယ်။ စစ်တပ်ကတော့ ဒီအချိန် သူတို့ စတိုက်မယ့် သဘော မရှိဘူး။ ခံစစ်က လွဲပြီး တိုက်ပွဲဖော်မယ့်အနေအထားကိုတော့ မမြင်ရဘူး။ ဒေသခံတွေ ကတော့ စပါး ရိတ်ပြီးချိန်အထိတော့ တိုက်ပွဲဖြစ်မှာကို မလိုလားဘူး။ ဒါပေမယ့် တကယ့် ဖြစ်လာရင်လည်း တားလို့မှ မရတာ။ ကိုယ့် မိသားစု လုံခြုံရေးအတွက်ပဲ သတိထား ပြီးတော့ လုပ်ကြရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်
၂၀၂၂ ခုနှစ် သြဂုတ်လက ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီသည် ဒေသခံတပ်ရင်း ၊ တပ်ဖွဲ့များအပြင် ပြည်မ မှ တပ်မ ၁၁ ၊ တပ်မ ၂၂ ၊ တပ်မ ၅၅ ၊ တပ်မ ၇၇ ၊ စသည့် တပ်မ လက်အောက်ခံ တပ်ရင်း ၊ တပ်ဖွဲ့မှ ထုတ်နုတ်အင်အား များကို ရခိုင်သို့ ပိုဆောင်ခဲ့သည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် တပ်မ ၁၁ နှင့် တပ်မ ၂၂ တို့မှ အင်အားတပ်ဖွဲ့တချို့သာ ရခိုင်ပြည်နယ် အတွင်း ကျန်နေခဲ့ပြီး ကျန်တပ် မလက်အောက်ခံ တပ်ဖွဲ့များအား တခြားနေရာသို့ ပို့ဆောင်ရန် ထုတ်ယူသွားပြီ ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
ထိုသို့ အင်အားချည့်နဲ့နေသည့်အတွက် စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် AA ကို စစ်မျက်နှာဖွင့်ရန် မဖြစ်နိုင်သေးသလို ရက္ခိုင့်တပ်တော် ( AA )ကလည်း သဘဝဘေးန္တရာယ်ကြောင့် ဒုက္ခကြုံခဲ့ရသော ရခိုင်ပြည်သူများ ပိုမို အကျပ်မရိုက်စေရန် သတိထား ကိုင်တွယ်ပြီး စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
You may also like these stories:
ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား
စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး
မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်ဆိုင်ဇာတ်လမ်း
ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်