ထိုင်းနိုင်ငံ လယောင်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှ မြန်မာအလုပ်သမား ၂၃၇ ယောက်မှာ အလုပ်သမား ခေါင်းဆောင်က ၂ လစာ လုပ်အားခမရှင်းပေးသဖြင့် တောင်းဆိုရာ အလုပ်မှ ထုတ်ခံလိုက်ရကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမား ၂၃၇ ဦး၏ လုပ်အားခ ဘတ် ၆ သန်းကျော်ပမာဏခန့်ရှိပြီး You Thai ဆောက်လုပ်ရေး လုပ်ငန်းဘက်က ရှင်းပေးသော်လည်း ကုမ္ပဏီ၏ အလုပ်သမားခေါင်းဆောင်ဖြစ်သူက ဩဂုတ်လ ၁၆ ရက်မှ စတင်ကာ ထုတ် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
ထိုအလုပ်သမားအများအရေး ကူညီပေးနေသည့် Union Brothers ပြည်သူ့ အကျိုးဆောင်အဖွဲ့မှ ကိုမိုက်ကယ်က “အလုပ်သမား ၂၃၇ ယောက် လူတယောက်ကို ဘတ် ၂ သောင်းကျော် ၃ သောင်းနီးပါး စုစုပေါင်း ဘတ် ၆ သန်းကျော် လောက်ရှိတယ်။ ပိုက်ဆံမရှင်းပေးလို့ အခု အလုပ်သမားရုံးနဲ့ သံရုံး ပူးပေါင်းပြီး ဖြေရှင်းပေးမယ် ပြောကြတယ်” ဟု ပြောသည်။
အလုပ်သမားများ၏ လုပ်ခလစာကို မရှင်းပေးသည့် ကမော္ဘဒီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်မှာ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံ သူဌေးဖြစ်သူကလည်း အလုပ်သမားများအတွက် တစုံတရာ တာဝန်ယူ ဖြေရှင်းပေး ခြင်းမရှိသည့်အပြင် လုပ်အားခ တောင်းခံခဲ့သည့် မြန်မာအလုပ်သမား ၂၃၇ ဦးတို့ အောက်တိုဘာ ၆ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
လုပ်ခလစာ ၂ လကြာမရရှိသည့် အလုပ်သမားစားဝတ်နေရေး အခက်အခဲရှိနေသည့်အတွက် Union Brothers အဖွဲ့ အနေဖြင့် လက်ရှိတွင် ငွေကြေးအကူအညီတချို့ ပေးထားရကြောင်း ယင်းအဖွဲ့က ဆိုသည်။
ကိုမိုက်ကယ်က “ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးအလုပ် လာလုပ်တယ်ဆိုတာ နေပူပူထဲမှာ ချွေးနဲ့သွေးရင်းပြီး ပေးဆပ်ခဲ့ ရတဲ့ အရာတွေပဲ။ သက်တောင့်သက်သာနဲ့ ရတာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရွှေ့ပြောင်းလုပ်သား တိုင်း ရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ လုပ်အားခ တယောက်ကို ဘတ် ၂ သောင်းကျော် ၃သောင်းဆိုတာ နည်းတာ မဟုတ် ဘူး။ ဒါတွေကို ထိုင်းနိုင်ငံက အလုပ်သမားဝန်ကြီးဌာနနဲ့ရော သံရုံးနဲ့ပါ ကျနော်တို့က ပြန်ရအောင် ပူးပေါင်း ဆောင်ရွက် သွားမှာပါ” ပြောသည်။
ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံးတို့ကို ကူညီဖြေရှင်းပေးရန် တောင်းဆိုထားသဖြင့် အောက်တိုဘာ ၃၁ ရက်တွင် အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားများပါ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ် ကြောင်း အလုပ်သမားများက ဆိုသည်။
အဆိုပါ အလုပ်သမားများမှာ စက်ရုံအလုပ်ရှင်၏အမည်နှင့် အလုပ်သမားကတ်ပြုလုပ်ရန် နာမည်စာရင်းတင်ထားသူ များ၊ ပန်းရောင်ကတ်ဖြင့် နေထိုင်လုပ်ကိုင်နေကြသူများ ဖြစ်သည်။
အလုပ်သမားတဦးက “လုပ်အားခ မရှင်းပေးလို့ ကျနော်တို့လည်း အလုပ်ဆက် မလုပ်ဘူး။ စက်ရုံဘက်က ကျနော်တို့ နေရာမှာ MoU တွေ ခေါ်ထည့်နေတာ ရှိတယ်။ အယောက် ၁၀၀ ကျော် ၂၀၀ ကို အစားထိုးထည့်ဖို့ လုပ်နေတာရှိတယ်” ဟု ပြောသည်။
အဆိုပါ အလုပ်သမားများအရေးနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအများစုမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အကြောင်းမဲ့အလုပ်မှ ထုတ်ပယ်ခံရ ခြင်း၊ နှစ်နိုင်ငံသဘောတူညီစာချုပ်ဖြင့် ရောက်လာသည့် MoU အလုပ်သမားများအနေဖြင့်လည်း နှစ်နိုင်ငံအေဂျင်စီများ ၏ ဥပဒေ မလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ် ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ဖြုတ်ခံရခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့ နေရကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံက သိရသည်။
You may also like these stories:
အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို