စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်အရပ်သား ပြည်သူ ၇ ဦးကို စစ်ကောင်စီ၏ အောင်လံအခြေစိုက် ခလရ ၇၁ စစ် ကြောင်းက ဦးခေါင်းဖြတ်၊ ဗိုက်ခွဲခြင်းများပြုလုပ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဒေသခံ ၂၀ ကျော်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းမှာ အင်အား ၁၃၀ ဝန်းကျင်ရှိပြီး အောက်တိုဘာ ၂၁ ရက်မှ ၂၈ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ ထိုသို့ သတ်ဖြတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်ကြောင်း ပြန်ထွက်သွားချိန်တွင် ဒီပဲယင်းမြို့နယ်၊ သိမာ္ဘရွာအနီး၌ အသက် ၃၀ ကျော်ဝန်းကျင် ပြည်သူ ၄ ဦးအား ဦးခေါင်းဖြတ်၊ ခြေထောက်ဖြတ်၊ ဗိုက်ခွဲ၍ သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိရပြီး၊ ဘုတ္ထန်းရွာမှ အသက် ၅၀ အရွယ် ဦးကြည်ဝင်းကိုမူ ထန်းပင်ပေါ်မှာပင် ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ရှမ်းတောကျေးရွာမှ ၃၉ နှစ်အရွယ် ပန်းပုရွာသား ကိုငြိမ်းမင်းဦး၊ ရှမ်းတောကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ကံပြား ရွာသား ကိုကျန်ထွန်းနှင့် မင်းတဲကုန်းကျေးရွာမှ အသက် ၆၀ အရွယ် မင်းတဲကုန်းရွာသား ဦးညိုဝင်း တို့ကိုလည်း ခေါင်းဖြတ် သတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးထံက သိရသည်။
၎င်းက “အမျိုးသားတွေချည်းပဲ ၇ ဦးက ခေါင်းဖြတ်သတ်ခံရတယ်။ ၁ ဦးကတော့ ထန်းပင်ပေါ်မှာတင် ပစ်သတ်ခံရတယ်။ ကျန်တာတွေကတော့ ဓားနဲ့ ခုတ်သတ်သွားတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တာ တွေ့ရတယ်။ နောက်တခါ ဗိုက်တွေကို ဓားနဲ့ ခွဲထားတာ တွေ့ရတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိလောက်အောင် ရုပ်ပျက်ဆင်းပျက် သတ်ထားတဲ့ အခြေအနေမျိုးဖြစ် တယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
အောက်တိုဘာလ ၂၁ ရက်မှ ၂၈ ရက်အထိ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒီပဲယင်း အနောက်ခြမ်းရှိ တောကျောင်း၊ အင်းတန်း၊ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းဒွေ၊ လက်တီး၊ ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမာ္ဘ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ ကလန့် အစရှိသည့် ရွာပေါင်း ၂၅ ရွာမှ ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ထိုသို့ ပြည်သူ ၈ ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က “ခေါင်းဖြတ် အသတ်ခံခဲ့ရတာတွေ အမျိုးသားတွေပါပဲ။ စစ်ရှောင်ပြည်သူတွေ အရှောင်အတိမ်းမတတ်တော့ အခုလို အသတ်ခံရတာ။ စစ်ကြောင်းဝင်ခဲ့တဲ့ ဘုတ်ထန်းရွာထဲမှာလဲ မီးရှို့အသတ်ခံထားရတဲ့ လူအရိုးစု ထပ်တွေ့ထားတာ ရှိပါတယ်။ အရိုးစုတွေက တော့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိ အတည်ပြုချက်အရတော့ အသတ်ခံရတာ ၈ ဦး ပါ။ ဒါက ၂၁ ရက်ကနေ ၂၈ရက်အထိ ဒီပဲယင်းနယ် အနောက်ခြမ်းရွာတွေကို တိုက်ပွဲမဖြစ်ထားဘဲ ၈ ရက်ကြာ စစ်ကြောင်းထိုး သတ်ဖြတ်ခဲ့ကြတာ” ဟု ဧရာဝတီသို့ အတည်ပြု ပြောပြသည်။
ထို့ပြင် ယင်းစစ်ကြောင်းဝင်ရောက်ခဲ့စဉ် ဝဘာရွာမှ နေအိမ် ၇၊ စပါးတိုက် ၄ လုံး (စပါးတင်းရေ ၈၀၀) မီးရှို့ ဖျက်ဆီးခဲ့သည့် အပြင် မြေဆီ (ဓာတ်မြေဩဇာ)များကို သွန်ချဖျက်ဆီးခဲ့ပြီး၊ ကလန့်ရွာမှ ပြည်သူ ၉ ဦး အပါအဝင် ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ အောက်တိုဘာ ၂၈ ရက်တွင် ဒီပဲယင်းမြို့တွင်းသို့ ပြန်ဝင်သွားခဲ့သည်ဟု ၎င်းက ရှင်းပြ သည်။
ယခုအချိန်တွင် အထက်ပါ ကျေးရွာနေ ပြည်သူများမှာ ရွာသို့ ပြန်ဝင်နိုင်ဖြစ်သော်လည်း စစ်ကောင်စီ၏ အင်အား ၁၀၀ ဝန်းကျင်ရှိ ခလရ ၇၁ စစ်ကြောင်းကပင် အောက်တိုဘာ ၃၀ ရက်တွင် ဒီပဲယင်းမှ ရေဦးနယ်အနောက်ခြမ်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်၍ အောင်သာ၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ မူးဆုံ၊ ရွာမိဿာ၊ မုတ်စီ၊ ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှော ကုန်းနှင့် ပြည်တော် စသည့်ရွာများမှ ပြည်သူ ၅ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ထိုအောက်တိုဘာ ၃၀ ရက် ညတွင်ပင် မုတ်စီရွာကို ဝင်ရောက်ခဲ့သည့် စစ်ကြောင်းက ဒီပဲယင်းနှင့် ရေဦးအစပ်ရှိ မစိုးရိမ်ရွာ သို့ ပစ်ခတ်ဝင်ရောက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း ဒီပဲယင်းဒေသခံများ ထံက သိရသည်။
ဒီပဲယင်းဒေသခံ တဦးက “မနေ့က ညပိုင်း ၁၁ လောက်မှာ မုတ်စီရွာကနေ မစိုးရိမ်ရွာဘက်ကို နောက်ပြန်လှည့်ပီး လက်နက် ကြီးတွေ စက်လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြန်တယ်။ အဲဒါကြောင့် ဒေသခံတွေ ညကြီးမိုးချုပ် ထွက်ပြေးကြရတယ်။ ညက မစိုးရိမ်ရွာကို စစ်ခွေးတွေ ဝင်စီးလို့ ဒေသခံတချို့လည်း ထပ်အဖမ်းခံလိုက်ရတယ်။ ဒီမနက်တော့ ဖမ်းထားတဲ့သူတွေ ကို ကြိုးတုပ်ပြီး ဒီပဲယင်းမြို့တွင်း ပြန်ဝင်သွားတယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံအရေအတွက် အတိအကျကိုမူ အတည်ပြုနေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရေဦးနောက်ခြမ်းရှိ ရွာများသို့ စစ်ကြောင်းဝင်နေသည့် အနေအထားရှိကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်
အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း