စစ်ကိုင်းတိုင်း တမူးမြို့နှင့် နယ်စပ်ချင်းထိနေသည့် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့တွင် ရဲအရာရှိတဦး အသတ်ခံ ရပြီးနောက် စစ်ရှောင်များအပါအဝင် မြန်မာနိုင်ငံသား ၄၀ ခန့်ကို အိန္ဒိယရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၃၁ ရက်နေ့က မိုးရေးမြို့ပေါ်တွင် လုံခြုံရေး တာဝန်ကျနေသည့် ရဲအရာရှိကြီးတဦး သေနတ်ဖြင့်ပစ်သတ် ခံရပြီးနောက် မြန်မာနိုင်ငံသားများကို လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း မိုးရေးမြို့ပေါ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား တဦးက ပြောသည်။
၎င်းက “ ပြဿနာဖြစ်တာက ဒီဖမ်းဆီးမှု မဖြစ်ခင် တရက်က အိန္ဒိယရဲတပ်ဖွဲ့က ခရိုင်ရဲမှူး အဆင့်ရှိသူတဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်။ သူ့ကိုမှန်တဲ့ကျည်က မြန်မာနိုင်ငံလုပ် ကျည်ဆန်ဖြစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ နောက်တနေ့မှာ မြန်မာနိုင်ငံသား စစ်ရှောင်ဒုက္ခသည်ကို စဆွဲတော့တာပဲ ၊ ဈေးဝယ်လာတဲ့လူတွေကိုလည်း ဈေးထဲက ဖမ်းသွားတယ်လို့ ပြောတယ်။ လူပေါင်း ၄၀ နီးပါးလောက် အဖမ်းခံရတယ်လို့တော့ သတင်းကြားတယ်။ ကျနော်တို့လည်း ထွက်ပြေးနေရလို့ အတိကျတော့ မသိဘူး ” ဟု ဧရာဝတီသို့ပြောသည်။
သေဆုံးသူမှာ ရဲအရာရှိ အနန်ကူးပါးမှာ ၎င်း၏အဖွဲ့ဖြင့် ရဟတ်ယာဉ်ကွင်းဆောက်ရန်နှင့် ကျောင်းသန့်ရှင်းရေးအတွက် လာရောက်ကြည့်ရှုစဉ် ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ တခြားရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း Hindustan Times အိန္ဒိယ သတင်းစာတွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်သည် မြန်မာနိုင်ငံမှရောက်လာသော အကြမ်းဖက်အဖွဲ့များကြောင့်ဟု မဏိပူရအစိုးရဘက်မှ စွပ်စွဲကာ ရဲအရာရှိကို သတ်သွားသူများမှာလည်း မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆကြောင်း သတင်းတွင် ထည့်သွင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုများကြောင့် လက်ရှိ မိုးရေးမြို့ပေါ်၌ ခိုလှုံနေသည့် စစ်ရှောင်များအပါအဝင် မြို့ပေါ် တွင် ဈေးရောင်းနေ သည့် တမူးဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း တမူးဒေသခံအမျိုးသမီးတဦးက ပြောသည်။
၎င်းက “ယောင်္ကျားလေးတွေကို အဓိက လိုက်ဖမ်းနေလို့ အကုန် တိမ်းရှောင်နေရတယ်။ ကျမ အမျိုးသားနဲ့ သားလေး ဆိုရင်လည်း မနေ့က လိုက်ဖမ်းလို့ နယ်စပ်ဘက်ကို ထွက်ပြေးသွားရတယ်။ အိမ်တွေကို ဝင်ရှာတယ်။ ဆိုင်ကယ်တွေရင် ဆိုင်ကယ်ကို သိမ်းတယ်။ ကျမအမျိုးသားစီးတဲ့ ဆိုင်ကယ်ဆိုလည်း ရဲတွေ သိမ်းယူတဲ့အထဲ ပါသွားတယ်။ မြန်မာဘက်မှာ နေပြန်တော့လည်း မအေးချမ်းဘူး။ အခု ဒီမှာလည်း မအေးချမ်းဘူးဆိုတော့ ကျမတို့ ပြေးစရာလည်း မရှိတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် တမူးမြို့နယ်အတွင်းက ဒေသခံများသည် အိန္ဒိယနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်ကာ စစ်ရှောင်ဘဝဖြင့် ခိုလှုံနေထိုင်ခြင်း၊ ကုန်စည်ရောင်းဝယ် ခြင်းပြုလုပ်ကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။
ပြီးခဲ့သော ဇွန်လအတွင်းကလည်း အဆိုပါ နှစ်နိုင်ငံနယ်စပ် မိုးရေးမြို့ပေါ်တွင် ကူကီး ချင်းလူမျိုးများနှင့် ကသဲလူမျိုး တို့အကြား လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားမှုကြောင့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှု တခုဖြစ်သည့် မိုးရေးမြို့နယ်နှင့် တမူးမြို့၏ ဝင်ပေါက် ထွက်ပေါက်များကို အိန္ဒိယအစိုးရက အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်းနှင့် လက်ရှိဖြစ်ပွားသော ရဲအရာရှိ လုပ်ကြံခံရမှု ဖြစ်စဉ်ကြောင့် နေထိုင်ရသည်မှာ လုံခြုံမှုမရှိကြောင်းလည်း မိုးရေးမြို့ပေါ်တွင် နေထိုင်သည့် စစ်ရှောင်များက ဆိုသည်။
You may also like these stories:
ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ် တပတ်ပိတ်
မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း
မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ