မြန်မာနိုင်ငံမြောက်ပိုင်း နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းသည် တရုတ်နှင့် ကုန်သွယ်ရေး၊ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံမှုတို့ကို အနှောင့်အယှက် ဖြစ်စေကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက ရေးသည်။
အဓိကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့သည် အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် တိုက်ပွဲဆက်တိုက် ဆင်နွဲနေသည်။ ထိုဒေသများမှ အရေးပါသည့် စခန်းများနှင့် လမ်းများကို သိမ်းပိုက်ထားသည်။
တရုတ်သည် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နယ်နိမိတ် ကီလိုမိတာ ၂,၀၀၀ ကျော် (၁,၂၅၀ မိုင်) ထိစပ်နေပြီး ယူနန်ပြည်နယ်တွင် နယ်စပ်စခန်း အနည်းဆုံး ၁၀ ခု လည်ပတ်နေသည်။
တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်ဘက်ခြမ်း ဝမ်တိန်မြို့နယ်မှ စာသင်ကျောင်း သုံးကျောင်းကို အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင် ပိတ်ထားရကြောင်း ရွှေလီမှ အာဏာပိုင်များက ပြောသည်။
ကျည်ဆံများ လွဲချော်ထိမှန်မည်ကို ရှောင်ရှားရန်အတွက် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအနေဖြင့် သေနတ်သံကြားလျှင် အလျင်အမြန် အကာအကွယ်ယူရန် ကျောင်းတကျောင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် တရုတ်သို့သွားသည့် အဓိကလမ်းများနှင့် စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်ထားကြောင်း TNLA နှင့် MNDAA က ဖော်ပြသည်။
ကုလသမဂ္ဂ၏ အဆိုအရ လူရာပေါင်းများစွာသည် တိုက်ပွဲများမှ လွတ်မြောက်စေရန် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အသစ် ၆,၂၀၀ ကျော်ရှိကြောင်း သိရသည်။
ဂွမ်ဇီ မင်ဇူ တက္ကသိုလ်ရှိ တရုတ်-အာဆီယံ နိုင်ငံတကာနှင့် ဒေသတွင်းလေ့လာရေး အကယ်ဒမီမှ တွဲဖက် ပါမောက္ခ လီဖန်းက ထိုပဋိပက္ခသည် ယူပြည်နယ် နယ်စပ်ဒေသများ လူမှုတည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ထင်ရှားသည်ဟု ပြောသည်။
“ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ တရုတ်နဲ့ မြန်မာအကြား ကုန်သွယ်ရေးနဲ့ ပြည်သူချင်း ဆက်ဆံရေးကို သိသိသာသာ ထိခိုက်စေမယ်။ ဒါဟာ နှစ်နိုင်ငံလုံးရဲ့ ဘုံအကျိုးစီးပွားနဲ့ မကိုက်ညီဘူး” ဟု တွဲဖက် ပါမောက္ခ လီက ပြောသည်။
အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာစစ်ကောင်စီသည် မြန်မာကို ၎င်းတို့ ထိန်းချုပ်ထားကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ပြသရန် ကြိုးစားနေသော်လည်း မြောက်ပိုင်းမှ လွတ်လပ်ရေး အင်အားစုများနှင့် ပဋိပက္ခများကို မဖြေရှင်းနိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။
တင်းမာမှု ဆက်လက် မမြင့်မားစေရန်အတွက် အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရန် တရုတ်က တောင်းဆိုထားသည်။
ယခုတပတ် ဘေဂျင်းသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက “တရုတ်နိုင်ငံသည် ပဋိပက္ခများနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ပြီး တင်းမာမှု မြင့်မားစေသည့် ဖြစ်ရပ်များကို ရှောင်ရှားကာ တရုတ်-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးနှင့် တည်ငြိမ်ရေးရရန် လက်တွေ့ကျ ထိရောက်သော အစီအမံများလုပ်ရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းသည်” ဟု ပြောသည်။
မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အော်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်းပိုက်လိုင်း အပါအဝင် မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရာပေါင်းများစွာ ရှိသည်။
ရပ်ဝန်းနှင့်လမ်း အစီအစဉ်အောက်မှ စီမံကိန်းတခုဖြစ်သော ကူမင်းကို ကျောက်ဖြူနှင့် ချိတ်ဆက်သည့် ရထားလမ်း၏ ကြီးမားသော အစိတ်အပိုင်းသည် ရှမ်းပြည်နယ်ကို ဖြတ်သန်းနေသည်။
တရုတ်သည် မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသော်လည်း ဖရိုဖရဲအခြေအနေများ အကြားတွင် တရုတ်နှင့် မြန်မာတို့သည် ပူးတွဲလုံခြုံရေး အားထုတ်မှုများ တောင့်တင်းကြံ့ခိုင်အောင် ပြုလုပ်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံရာ၌ တရုတ်ပြည်သူ့လုံခြုံရေးရာ ဝန်ကြီး ဝမ်ရှောက်ဟုန်က ဘေဂျင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြင့်မားအောင်လုပ်မည်ဟု ပြောသည်။
“နှစ်နိုင်ငံက တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနတွေဟာ အွန်လိုင်းလောင်းကစားနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသမှာ မူးယစ်ဆေးဝါး ထိန်းချုပ်မှု၊ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးနဲ့ နှစ်နိုင်ငံအကျိုးကို ကာကွယ်ဖို့ အဓိကကျတဲ့ စီမံကိန်းများ လုံခြုံရေး စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ်” ဟု ဝန်ကြီး ဝမ်က ပြောသည်။
ဘေဂျင်းသည် အွန်လိုင်းငွေကြေး လိမ်လည်မှု တိုက်ဖျက်ရန် စစ်ကောင်စီနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်နေရသည်။ ထိုအွန်လိုင်းငွေကြေး လိမ်လည်မှု အများအပြားသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အလုပ်တုဖြင့် သိမ်းသွင်းဖမ်းဆီးခိုင်းစေသည်။
ဘေဂျင်းနှင့် နေပြည်တော်မှ သံတမန်များသည် နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန် သြဂုတ်လတွင် တွေ့ဆုံဆွေးနွေးသည်။ နောက်ပိုင်းတွင် တရုတ်လုံခြုံရေးတပ်များသည် နယ်စပ်ဖြတ်ကျော် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆိုက်ဘာလိမ်လည်မှုနှင့် ပတ်သက်သည့် မြန်မာမှ သံသယရှိသူများကို အများအပြား လက်ခံခဲ့သည်။
ထို့ပြင် ဝနှင့် ကိုးကန့် ထိပ်တန်းခေါင်းဆောင်တချို့ကို တရုတ်က အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ကြောင်း စွပ်စွဲပြီး ဝရမ်းထုတ်ပြန် ဖမ်းဆီးထားသည်။
ကိုးကား ။ ။ South China Morning Post သတင်း Risks ahead for China as northern Myanmar clashes near border, analyst says
You may also like these stories:
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ
UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
UWSA ၀ အရာရှိ ၂ ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား