စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီက အောက်တိုဘာ ၁၈ရက်မှ နိုဝင်ဘာ ၁ရက်အထိ စစ်ကြောင်းထိုး ရာ အရပ်သားပြည်သူ ၁၃ ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် ပြည်သူ ၇ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးအား ဦးခေါင်းဖြတ်ခြင်း၊ ကိုယ်အင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အပြင် နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ရေဦးကြာဖူး အဝိုင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရှိ အမျိုးသမီး ၂ ဦး သေဆုံးကာ၊ ၅ နှစ်အရွယ်ကလေး ၁ ဦးနှင့် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ကိုကြီးဖြိုးက ပြောသည်။
၎င်းက “မစိုးရိမ်ရွာကို ပစ်ခတ်တာကြောင့် ပြည်သူတွေရော ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရော ထိခိုက်ဒဏ်ရာရတာ ရှိ တယ်။ ညကလည်း လက်နက်ကြီးနဲ့ ဆက်တိုက် ရေဦးမြို့နယ်တောင်ခြမ်းကို ဦးတည်ပစ်တော့ ဒီပဲယင်းမြို့နယ်ထဲ ကျ တာရှိတယ်။ အသက် ၄၂ နှစ်အရွယ် မချယ်ရီအေး လက်နက်ကြီးကျည်စထိမှန်ပြီး ညကတည်းက ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့သူတွေလည်းရှိနေသေးတယ်”ဟု ပြောသည်။
ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ မစိုးရိမ်ကျေးရွာကိုလည်း အောက်တိုဘာ ၃၁ ရက်ညက စစ်ကြောင်းထိုး ဝင်ရောက်၍ စီးနင်းပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒီပဲယင်းမြို့နယ် ညီနောင်များ အသင်းက ထုတ်ပြန်ထားသည်။
ထိုသို့ပစ်ခတ်မှုများကြောင့် မူးကတွင်း၊ လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော အစရှိသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော်မှာ ညတွင်းချင်း ထွက်ပြေးခဲ့ရသလို၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အလစ်ဝင်တိုက်ခြင်းများ ယခု ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာသောကြောင့် ဒီပဲယင်းမြို့အနီးရှိ ငြိမ်းချမ်းရွာသစ်၊ ယင်းဒွေး၊ လက်တီး၊ ဝဘာ၊ သပြေသာ အစရှိသည့် ရွာ ၇ ရွာမှ ဒေသ ခံ ၇၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသည့် ပြည်သူ ၂၁ ဦးအနက် ၁၂ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ် သောကြောင့် ကျန်ရှိသည့် ပြည်သူများမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ဒေသခံများက ပြောသည်။
ဒီပဲယင်းဒေသခံ ပြည်သူတဦးက “ရေဦးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာမျိုးတွေရှိတယ်။ စစ်ကောင်စီ ဘက်ကလည်း စခန်းသိမ်းခံနေရတာတွေရှိတော့ သူတို့ စခန်းဝင်သိမ်းမှာ၊ ဝင်တိုက်မှာ ကြောက်ပြီး ရမ်းကားမှု လုပ်နေတာ ရှိတယ်။ နင်းမိုင်းတွေထောင်တာမျိုးလည်း ရှိတယ်။ ညကဆို လက်နက်ကြီးနဲ့ ပစ်တယ်။ ဒီပဲယင်းနဲ့ ရေဦးနယ်စပ်မှာ တောက်လျှောက် ဖြစ်နေတဲ့ အခြေအနေတွေပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီတပ်ဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခြင်း၊ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံများ ထံက သိရသည်။
You may also like these stories:
စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်
ဒီပဲယင်းတွင် စစ်ကြောင်းက အရပ်သား ၇ ဦးကို ဦးခေါင်းဖြတ် သတ်သွား