ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၂၇ ရက်နေ့ကစတင်သည့် စစ်ဆင်ရေး တပတ်အတွင်း နောင်ချို-လားရှိုး-သိန္နီ-ကွမ်းလုံလမ်းပိုင်း၊ သိန္နီ-ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်လမ်းပိုင်းနှင့် ကိုးကန့်ဒေသအနောက်ဘက် နမ့်ခမ်း-မူဆယ်လမ်း ပိုင်းတို့ရှိ စစ်ကောင်စီ တပ်စခန်းများအား မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ပြောခွင့်ရှိသူ ကိုရန်ရန်က “ ရှမ်းမြောက်ဘက်ကိုတော့ သိန္နီတံတားကို ဖျက်ချနိုင်ခဲ့တယ်၊ သိန္နီကနေ ချင်းရွှေဟော်အထိ ပြည်ထောင်စုလမ်းမတလျောက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်း ပိုက်မှုတွေလုပ်နေတယ်။ ဒါကတော့ စစ်ရေးလိုအပ်ချက်အရ သိမ်းပိုက်မှရမယ့် နေရာတွေဖြစ်တယ်။ နမ့်ခမ်း-မူဆယ်ဘက်မှာလည်း ကျနော်တို့ရဲ့ နောက်ကျောကို ခိုင်ခိုင်လုံလုံ ကာကွယ်ပေးလို့ရထားတဲ့ မဟာမိတ်တပ်ဖွဲ့တွေရှိနေပါတယ်ခင်ဗျ။ ဒါကြောင့်အဲ့ဒီဘက်ကိုလည်း ကျနော်တို့က တော်တော်လေးစိတ်ချရပါတယ်” ဟု ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ကို ကိုးကန့်အဖွဲ့ (MNDAA) အပါအဝင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့လည်းပါဝင်ကြသည်။
ကိုးကန့်ဒေသအတွင်းသို့ တောင်ဘက်လမ်းကြောင်းမှ အဓိကကျသည့် သိန္နီမြို့အား အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်တပ်ဖွဲ့ က ယမန်နေ့က ကြေညာခဲ့ပြီး အရှေ့ဘက်ရှိ စစ်ရေးအရအရေးပါသော ကွမ်းလုံမြို့သိမ်း စစ်ဆင်ရေးကိုလည်း ဆက်လက်တိုက်ခိုက် လျှက် ရှိသည်။
ယင်းအပြင် မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှို-မူဆယ်လမ်းပိုင်းတွင်လည်း စစ်ဆင်ရေးစတင်ကလည်း TNLA နှင့် မန္တလေး PDF တို့က ပြင်းဦးလွင်-နောင်ချို လမ်းပိုင်းတွင် ဖြတ်တောက်တိုက်ခိုက်လျှက်ရှိသည့်အပြင် ပြည်ထောင်စု လမ်းမကြီး တလျောက်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိသည်။
နိုဝင်ဘာ ၁ ရက်နေ့က ပြင်ဦးလွင်မြို့ဘက်မှ နောင်ချိုဘက်သို့ တက်လာသည့် စစ်ကား ၂၂ စီးနှင့် သံချပ်ကာ ၂ စီးပါ စစ်ယာဉ်တန်းအား မဟာမိတ်တပ်က နောင်ချိုမရောက်မီ အုမ္မခါးကျေးရွာအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း အဆိုပါစစ်ယာဉ်တန်းသည် နောင်ချိုမြို့အား မကျော်လွန်သေးကြောင်းလည်း မဟာမိတ်တပ်များ၏ ထုတ်ပြန်ချက်အရသိရသည်။
TNLA တာဝန်ရှိသူတဦးက “မန္တလေးဘက်ကလာတဲ့လမ်းကြောင်းကတော့ ဖြတ်လိုက်ပြီ။ စစ်တပ်က မြေပြင်စစ်ကူလာဖို့မလွယ်တော့ဘူး။ ပြည်သူတွေလည်းသွားလို့မရတော့ဘူး။ ပြည်သူတွေကို ကွက်ပြီးလွှတ်ပေးရင်လည်း စစ်တပ်က ပြည်သူယောင်ဆောင်ဝင်လာလို့ ကျနော်တို့ကပစ်ရင် ပြည်သူကိုပစ်တယ်ဖြစ်ဦးမယ်။ ဒါကြောင့်အားလုံးပိတ်ထားလိုက်တယ်” ဟု ဧရာဝတီသို့ပြောသည်။
ကိုးကန့်ဒေသအနောက်ခြမ်းလမ်းကြောင်းဖြစ်သည့် နမ့်ခမ်း-မူဆယ်လမ်းကြောင်းရှိ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် မန့်ဝိန်းကြီးနှင့် နမ့်ခမ်းကြားရှိ ရွှေလီကြိုးတံတားကိုလည်း TNLA ယနေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး တံတားရဲကင်း စခန်းနှင့်တပ်စခန်းတို့အား တိုက်ခိုက်ချေးမှုန်းနိုင်ခဲ့ကြောင်း မဟာမိတ်တပ်က ကြေညာထားသည်။
ယင်းအပြင် နမ့်ခမ်း-မူဆယ်ကြားရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ်များပူးပေါင်းတပ်စွဲထားသည့် မန်ခမ်းစခန်း၊ စယ်လန့်စခန်း တို့ကိုလည်း သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းတို့ကပြောထားသည်။
မူဆယ်မြို့နယ်အတွင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ-၆ ဌာနချုပ်လည်းရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ထိုသို့ အဓိကဆက်သွယ်ရေးလမ်းကြောင်းများအား မဟာမိတ်တပ်များက ပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီအနေဖြင့် ကိုးကန့်ဒေသ မြေပြင်မှ စစ်ကူ၊ ခဲယမ်းဖြည့်တင်းမှုများ မပြုလုပ်နိုင်ဘဲ လေကြောင်းတခုတည်းသာ အသုံးပြုလုပ်ဆောင်နေရကြောင်း လည်း ကိုရန်ရန်ကပြောသည်။
၎င်းက “စစ်ကောင်စီက အဓိကတော့ လေကြောင်းပါပဲ၊ မြေပြင်ကနေပို့လာတဲ့ အင်အားတော့မရှိသေးဘူး။ လေကြောင်းကနေ လူ၊ ပစ္စည်းတွေပို့တယ်၊ လေကြောင်းကနေ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်” ဟု ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးနှစ်ခုအား ပိတ်ကြောင်း မဟာမိတ်တပ်က ကြေညာထားပြီး စစ်ရေးအရအရေးပါသည့် လမ်းကြောင်းတွင် စစ်ကောင်စီဘက်က အရပ်သားများနှင့်ရောနှောကာ စစ်ကူအင်အားဖြည့်တင်းမည်ကို တားဆီးရန်လိုအပ်သည့်အတွက် လမ်းခရီးပိတ်ဆို့ထားမှုအား ပြည်သူများအနေဖြင့် သည်းခံနားလည်း ပေးမည်ဟု ယုံကြည်ကြောင်းလည်း မဟာမိတ်တပ်ဘက်ကပြောထားသည်။
ယနေ့နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း စစ်ဆင်ရေးအနေဖြင့် ကိုးကန့်ဒေသအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မနက်ပိုင်းတွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များက ထပ်မံသိမ်းပိုက်ထားနိုင်ပြီး စစ်ဆင်ရေးမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မကွေးတိုင်း ဂန့်ဂေါ-ကလေး-တမူးဒေသများအထိ ကျယ်ပြန့်လာလျက်ရှိသည်။