နှစ်နိုင်ငံနယ်စပ် တည်ငြိမ်မှု ထိန်းသိမ်းရေး မြန်မာသည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်အရာရှိတဦး တနင်္လာနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောသည်။ ထိုဒေသများတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြားတိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ယင်းနယ်စပ်အနီး နေထိုင်သူများအား တရုတ်အာဏာပိုင်များက ရွှေ့ပြောင်းပေးနေချိန် ထိုသို့ ပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့ခြမ်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့က ညှိနှိုင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် နယ်စပ်အနီးတွင် တည်ငြိမ်မှု ထိန်းသိမ်းရေး လုပ်ဆောင်နေကြောင်း အာဏာသိမ်း မြန်မာဗိုလ်ချုပ်များ လွန်ခဲ့သော အပတ်က ပြောသည်။
“တရုတ်-မြန်မာနယ်စပ် တည်ငြိမ်မှုထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တရုတ်နယ်စပ် ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရရေး စိတ်အားထက်သန်စွာ အာမခံဖို့နဲ့ တရုတ် နိုင်ငံသားတွေ အသက်အန္တရာယ် လုံခြုံရေး အားကောင်းခိုင်မာစေရေး ထိရောက်တဲ့ အစီအမံတွေလုပ်ဖို့ မြန်မာကို တိုက်တွန်းတယ်” ဟု တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နုန်ရုန် ပြောသည်။
မြန်မာစစ်တပ်က ပစ်ခတ်လိုက်သည့် အမြောက်ဆံသည် စနေနေ့တွင် ပစ်မှတ်ကိုကျော်ကာ တရုတ်နိုင်ငံ အတွင်းကျရောက်ပြီးနောက် တရုတ်နိုင်ငံသား တဦးသေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု Asia Times သတင်းက ဖေါ်ပြသည်။
ရှမ်းပြည်နယ် မုံးကိုးမြို့ တဘက်ကမ်းရှိ တရုတ်နိုင်ငံ မန်ဟိုင်းမြို့နေ တရုတ်ပြည်သူများအား ခရီးသည်တင် မှန်လုံကားများဖြင့် မန်စီမြို့ကို နိုဝင်ဘာလ ၅ ရက် နံနက် တရုတ်စံတော်ချိန် ၇ နာရီအချိန်ခန့်မှ စတင်ကာ တရုတ်အစိုးရက ပြောင်းရွှေ့ ပေးနေ ကြောင်း သိရသည်။
တရုတ်၏ အကြောင်းပြချက်မှာ မြန်မာဘက်ခြမ်းတွင် စစ်ပွဲအရှိန်မြင့်တက်လာမည် ဖြစ်၍ ဘေးကင်းလုံခြုံရေးအတွက်ဟု မန်စီမြို့ နေသူတဦးက ပြောသည်။
အလားတူ မြန်မာစစ်တပ်က အမြောက်ကြီးများ ပစ်ခတ်နေပြီး တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေသော ကချင်ပြည်နယ်ရှိ လိုင်ဇာမြို့ တဘက်ကမ်းနေ တရုတ်အရပ်သားများ ရွှေ့ပြောင်းသွားနေကြောင်းလည်း သိရသည်။
မြန်မာသို့ နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်ခဲ့သည့် တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နုန်က မြန်မာအနေဖြင့် တည်ငြိမ်မှုထိန်းသိမ်းမည်ဟု တရုတ်က မျှော်လင့်ပြီး သက်ဆိုင်သူအားလုံးအနေဖြင့် သဘောထား ကွဲလွဲမှုများကို စနစ်တကျ ကိုင်တွယ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြန်လည်သင့်မြတ်မှု အမြန်ဆုံး ရအောင်ဆောင်ရွက်ခြင်းကို ထောက်ခံမည်ဟု ပြောသည်။
ထိုင်းနိုင်ငံသည်လည်း မြန်မာမှ တိုက်ပွဲများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို နိုင်ငံသို့ပြန်ခေါ်ရန် ကြိုးစားနေသည်။
နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖရိုဖရဲဖြစ်နေသည်။
ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အဖွဲ့အစည်းများသည် ဒေသအချို့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် စစ်အုပ်စုကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
အနောက်တိုင်းအစိုးရများသည် မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း တရုတ်နှင့် ရုရှားတို့သည် ထိုဗိုလ်ချုပ်များကို ထောက်ခံကြသည်။ တရုတ်က ၎င်းတို့သည် မြန်မာအနေဖြင့် “ကိုယ့်လမ်းကိုယ်ရှာ”သည်ကို ထောက်ခံပြီး မြန်မာ၏ အချုပ်အခြာ အာဏာပိုင်မှုကိုလေးစားရန် နိုင်ငံတကာ အသိုက်အဝန်းကိုပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့သည် မြန်မာမှ ပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေကြောင်း လွန်ခဲ့သောအပတ်က ပြောသည်။
“သက်ဆိုင်သူအားလုံးအနေနဲ့ တိုက်ခိုက်မှုတွေချက်ခြင်းရပ်ပြီး သဘောထားကွဲလွဲမှုတွေကို တွေဆုံ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် တိုက်ခိုက်မှု ပြင်းထန်ခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းတယ်” ဟု လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝေဘင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။
နုန်ကလည်း သူ၏ခရီးစဉ်အတွင်း မြန်မာမှ တရုတ်အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ လုံခြုံရေး တောင့်တင်းအောင်လုပ်ရန် မြန်မာကို တိုက်တွန်းခဲ့သည်။
သူသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကွန်ရက်မှ မြန်မာအနောက်ဘက် ကမ်းခြေ ရမ်းဗြဲကျွန်း နှင့် တရုတ်နယ်စပ် ရွှေလီကို ဆက်သွယ်ထားသည့် ၇၉၃ ကီလိုမီတာရှည်သည့် ဓာတ်ငွေ့ပိုက်လိုင်းသို့လည်း သွားရောက်ခဲ့သည်။
ကိုးကား။ ။ Reuters သတင်း China urges Myanmar to cooperate on maintaining stability on border
You may also like these stories:
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
တရုတ်က လူထောင်ချီ ဖမ်းမိသော်လည်း ဆိုက်ဘာလိမ်လည်မှု ကွန်ရက် အရာမယွင်း
လောက်ကိုင်ရှေ့တန်းတွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး စစ်တပ်က လူသားဒိုင်းလုပ်ထား