ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား- ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ အရေးပါသော ဂန်ဒေါင်ယန်နှင့် အောင်ဂျာ စခန်းတို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့ပြီးနောက် လိုင်ဇာမြို့ကို လေကြောင်း၊ လက်နက်ကြီး စသည်တို့ဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်မှုလုပ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က စတင်၍ လိုင်ဇာမြို့ဝန်းကျင်ရှိ ဒေါဖုန်းယန်၊ ခါရာ၊ ဘွမ်ရယ်စသည့် တောင်များ တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများဘက်မှ ၁၀၅ မမ၊ ၁၂၀မမ၊ ၁၂၂ မမ အမြောက်ကြီးများဖြင့် တောက်လျှောက် ပစ် ခတ်နေသလို အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင်လည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒါက သူတို့ စခန်းတွေက ကျသွားတော့ လိုင်ဇာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်နေတာလည်း ဖြစ်နိုင်တယ်။ သူတို့ ဘက်ကလည်း လိုင်ဇာကို တိုက်မယ်ဆိုပြီး ထုတ်ပြန်ကြေညာထားတယ်” ဟု ဆိုသည်။
ထိုသို့ လိုင်ဇာကို လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် မြို့အတွင်းသို့ လက်နက်ကြီး ကျရောက်မှုများရှိခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရကာ ၁ ဦးသေဆုံးခဲ့ပြီး ဒေသခံရာနှင့်ချီလည်း ထွက်ပြေးတိမ်းရှောင်ရ ကြောင်း သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “မြို့ထဲကိုလည်း ဗုံးတွေ ကျတာတွေရှိတယ်။ ဒါကြောင့် လူထုတွေကတော့ နည်း နည်းလုံခြုံတဲ့ နေရာတွေဘက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တော်တော်များများကတော့ မိုင်ဂျာယန်ဘက်ကို ရောက် သွားကြ တယ်။ ကျန်တဲ့ ပြည်သူလူထုကတော့ ညဘက်ဆို နည်းနည်း ရှောင်ကြတာပေါ့ နေ့လယ်ပိုင်းမှာ အလုပ်တွေ လာလုပ်ပေါ့။ အဲဒီလို သတိအနေအထားနဲ့ ကျီးလန့်စာစား နေကြတာများပါတယ်” ဟု ဆိုသည်။
ထို့ပြင် ပြီးခဲ့ရက်ပိုင်းအတွင်း၌ စစ်ကောင်စီသည် ခါရာတောင်နှင့် ဘွမ်ရယ်တောင်ရှိ တပ်စခန်းများကို အင်အားအများ အပြား ဖြည့်တင်းထားလျက်ရှိကြောင်း KIA ထံက သိရသည်။
လိုင်ဇာမြို့တွင် ခိုလှုံနေသူတဦးက “လက်နက်ကြီးတွေနဲ့ ပစ်နေတာက နေ့တိုင်းဖြစ်လာတယ်၊ အကြိမ်ရေတောင် လိုက်ရေ လို့ မရတော့ဘူး။ တရုတ်တွေကတော့ တရုတ်ပြည်ထဲ ပြန်ကြတယ်။ တချို့ကကျတော့ မိုင်ဂျာယန်ဘက်ကို သွားရှောင် ကြတယ်။ ကလေးနဲ့လူကြီးတွေ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် လိုင်ဇာမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျရောက်မှုများကြောင့် နေဝင်မီးငြိမ်း အခြေအနေမျိုးဖြင့် နေထိုင်နေကြရကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးမှာ လိုင်ဇာမြို့တဖက်ကမ်းရှိ တရုတ်နိုင်ငံဘက် သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KIA က အင်အားအလွန်အကျွံသုံး၍ ကချင်ပြည်နယ်က လုံခြုံရေးစခန်း များကို တိုက်ခိုက်သဖြင့် မိမိတို့လည်း လုံခြုံရေးအရ ပြန်လည်တုံ့ပြန်ဆောင်ရွက်ခဲ့ရကြောင်း၊ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကိုလည်း တန်ပြန်တိုက်ခိုက် ချေမှုန်းသွားမည်ဟု နိုဝင်ဘာ ၂ ရက်က ထုတ်ဖော် ပြောဆိုထားသည်။
လက်ရှိတွင် ကချင်ပြည်နယ် နေရာတချို့တွင်သာမက ရှမ်းပြည် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့၌ပါ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
ယနေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်ကာ မြို့ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော်(AA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့သည် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ “၁၀၂၇ စစ်ဆင်ရေး” အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ ယနေ့အထိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ ရဲစခန်း နှင့် အုပ်ချုပ်ရေးဆိုင်ရာ စခန်းပေါင်း ၁၂၀ ကျော်အား သိမ်းပိုက်ရရှိထားသည့်အပြင် သံချပ်ကာကားများ၊ အမြောက် လက်နက်ကြီး များကိုပါ သိမ်းဆည်းရရှိထားကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
You may also like these stories:
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်
တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်