ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ အရေးပါသော စခန်းတခုဖြစ်သည့် မုံးကိုးမြို့ဗျူဟာကုန်းကို ညီနောင်မဟာမိတ် တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တာယာဘီးတပ် သံချပ်ကာယာဉ်တစီးလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MDNAA) ပြောခွင့်ရှိသူ ကိုရန်ရန်က ဆိုသည်။
ညီနောင်မဟာမိတ်တပ်အနေဖြင့် ယခုရက်ပိုင်းအတွင်း မုံးကိုးမြို့အား ထိန်းချုပ်သိမ်းပိုက်ရေး ထိုးစစ်ဆင်လျက်ရှိရာ ဒုတိယမြောက်အရေးပါသည့် တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုရန်ရန်က “ဒီနေ့နေ့လယ်ပိုင်းလောက်မှာ မုံးကိုးဗျူဟာကုန်းကို ကျနော်တို့ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီ။ အဲဒီမှာ သံချပ်ကာတစီး ထပ်မံရရှိတယ်။ ဖောင်းဆိုင်ဒေသစစ်ဆင်ရေးပြီးမှ မုံးကိုးကိုစပြီး စစ်ရေးဖော်ဆောင်တာဆိုတော့ ဒေသတခုလုံးကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားတဲ့ အခြေအနေမရှိသေးဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။
ယနေ့ သိမ်းပိုက်ခဲ့သည့် စစ်တပ်ဗျူဟာကုန်းစခန်းသည် မုံးကိုးမြို့နှင့် တဆက်တည်းရှိပြီး မုံးကိုးအထက်တန်းကျောင်း အနီး တည်ရှိသောစခန်း ဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုသည်။
ယနေ့ သံချပ်ကာတစီး ထပ်မံရရှိခဲ့သည့်အတွက် ညီနောင်မဟာမိတ်တပ်အနေဖြင့် စုစုပေါင်း သံချပ်ကာနှင့် တင့်ကား ၇ စီးခန့် သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။
စစ်ရေးလေ့လာသူအချို့ကမူ မြို့နှင့်တဆက်တည်းရှိသည့် စစ်ဗျူဟာစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်သော ကြောင့် မုံးကိုးမြို့အား ညီနောင်မဟာမိတ်တပ်များ စီးနင်းထိန်းချုပ်ထားသည့် အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆို သည်။
နိုဝင်ဘာ ၅ ရက်ကလည်း မုံးကိုးဒေသတွင် အဓိကအရေးပါသည့် ပန်လုံဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ၏ ဦးဆောင်တိုက်ခိုက်မှုဖြင့် ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်မ-၉၉ တပ်မမှူးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်လွင် ဒရုန်းဗုံးထိမှန် ကာ သေဆုံးခဲ့သည့်အပြင် နှစ်ဖက်တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သည့် တိုက်ပွဲကြီးတပွဲ ဖြစ်ကြောင်းလည်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
တရုတ်နိုင်ငံနယ်စပ်မျဉ်းနှင့် ကပ်လျက်တည်ရှိသည့် မုံးကိုးမြို့အား အပြည့်အဝ သိမ်းပိုက်ထားနိုင်ပါက ယခင်ရက်များ၌ ထိန်းချုပ်ထားသည့် ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်တို့နှင့် တဆက်တည်း ထိန်းချုပ်ထားနိုင်သော နယ်မြေတခုဖြစ်လာ မည် ဖြစ်သည်။
ညီနောင်မဟာမိတ်အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည်မှာ ယနေ့ ၁၂ ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း အကြီးအသေး ၁၂၀ ခန့်အား သိမ်းပိုက်နိုင်ခဲ့ကာ ရှမ်းမြောက်ဒေသ တွင်း ဆက်သွယ်ရေးလမ်းများအား ထိန်းချုပ်ထားသည်။
ကိုးကန့်ဒေသအတွင်း ယနေ့ စစ်ဆင်ရေးဖော်ဆောင်မှုအနေဖြင့်လည်း ကိုးကန့်ခရိုင်၊ တုံးရှန်းဒေသနှင့် ရှင်ဝမ်းဒေသတို့ရှိ စစ်တပ်စခန်းနှစ်ခုနှင့် ယာယီတပ်စခန်းတို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်ထံမှ သိရသည်။
You may also like these stories:
စစ်ရေးအရ ပိတ်ဆို့ခံ လောက်ကိုင်မြို့ရှိ လုပ်ငန်းများ ရပ်ဆိုင်းလာ
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်