“၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမြို့နှင့် နမ့်ခမ်းမြို့တို့အား ထိန်းချုပ် ထားနိုင်ပြီး ဒေသတခုလုံး အပြည့်အဝစိုးမိုးရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ညီနောင် မဟာ မိတ်သုံးဖွဲ့ဘက်က ပြောသည်။
လားရှိုး- သိန္နီ- ချင်းရွှေဟော်လမ်းကြောင်းရှိ အဓိက အချက်အချာကျရာ ကွမ်းလုံမြို့နယ်တိုက်ခိုက်ရာတွင် လူနေရပ် ကွက်ရှိသည့် သံလွင်မြစ်အရှေ့ခြမ်းအား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် မြို့တဖက်ကမ်းရှိ (သံလွင်မြစ် အနောက်ဘက် ခြမ်း) စစ်ကောင်စီတပ်ရင်းစခန်းများကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MDNAA) ပြောခွင့်ရှိသူ ကိုရန်ရန်က ပြောသည်။
ယမန်နေ့တွင်လည်း MNDAA တပ်ဖွဲ့ဝင်များက အလံများလွှင့်ကာ ကွမ်းလုံတံတားသစ် (သံလွင်မြစ်ကူး) ပေါ် ချီတက် လမ်းလျှောက်နေသည့် ဗီဒီယိုဖိုင်များ ထုတ်ပြန်ခဲ့သည်။
ကိုရန်ရန်က “ကွမ်းလုံတံတားအသစ်ပေါ်မှာ ကျနော်တို့ လှုပ်ရှားနေတဲ့ပုံတွေ မှန်ပါတယ်ခင်ဗျ၊ မြို့ရှိတဲ့ဘက်ခြမ်းကို တော့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် ဒေသတခုလုံးကို ထိန်းချုပ်ထားတယ် လို့တော့ ပြောလို့မရသေးပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီ တပ်စခန်းတွေ အများကြီးရှိနေသေးတယ်။ တိုက်ပွဲ တွေ ဆက်လက်ပြင်းထန်နေသေးတယ်။ အခုချိန်ထိ တိုက်ပွဲတွေဖြစ်နေတယ်” ဟု ပြောသည်။
ယင်းပြင် ကချင်ပြည်နယ်နှင့် ဆက်စပ်နေသည့် နမ့်ခမ်း- မူဆယ်လမ်းကြောင်းရှိ နမ့်ခမ်းမြို့ကိုလည်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်စိုးမိုးထားပြီး အပြည့်အဝ ထိန်းချုပ်နိုင်ရေး မြို့တောင် ဘက်အထွက်ရှိ စခန်းသစ်ကုန်း တပ်စခန်းသာကျန်ရှိနေကြောင်းနှင့် အဆိုပါစခန်းကိုလည်း ဆက်လက်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “အခု နမ့်ခမ်းမြို့အခြေအနေက ၈၀ ရာခိုင်နှုန်းသိမ်းမိပြီလို့ပဲပြောရမှာပေါ့ဗျာ။ ဒါပေမယ့် စခန်းသစ်ကုန်း မကျ သေးဘူး။ အဲဒီကုန်းပဲ ကျန်တော့တာ။ အဲဒီကုန်းက သိမ်းပြီးပြီဆိုရင် ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီ၊ မြို့ထဲမှာတော့ TNLA တပ် တွေ ထိန်းချုပ်ထားတယ်” ဟု ပြောသည်။
TNLA အနေဖြင့် နမ့်ခမ်းမြို့ရဲစခန်းအား ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့လယ်ဘုရားဝင်းအတွင်း ပုန်းခိုကျန်ရှိနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကိုလည်း ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၂၈ လက်၊ ပစ္စတို ၁ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန်ထားသည်။
နမ့်ခမ်းမြို့လယ်ဘုရားကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် နေရာယူထားခြင်းဖြစ်ပြီး TNLA ဘက်က ယမန်နေ့ညပိုင်း ပိတ်ဆို့တိုက်ခိုက်ရာ သေဆုံးသူများပြားပြီး၊ အရှမ်းဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရှိရသည် ဟု လည်း ဒေသခံတဦးက ပြောသည်။
လက်ရှိ နမ့်ခမ်းမြို့တွင် TNLA တပ်များက စီးနင်းထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် မြို့ခံ များမှာ ဗန်မော်မြို့၊ မူဆယ်မြို့နှင့် တရုတ်နယ်စပ်ဘက်တို့ထဲ ထွက်ပြေးတိမ်းရှောင်မှုများရှိနေပြီး မြို့တွင်း၌လည်း ဒေသ ခံများ အသွားအလာ နည်းပါးကာ ခြောက်ကပ်နေကြောင်းလည်း ၎င်းက ပြောပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း TNLA အနေဖြင့် နမ့်ခမ်းမြို့မှ ကချင်ပြည်နယ်၊ မန့်ဝိန်းကြီးဘက်အသွားလမ်းရှိ ရွှေလီကြိုး တံတားကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး နမ့်ခမ်းမြို့အား မြေပြင်မှစစ်ကူလာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ ထိန်းချုပ်ထားကြောင်းလည်း သိရသည်။
စစ်ရေးလေ့လာသုံးသပ်သူတဦးက “နမ့်ခမ်းမှာ လောလောဆယ် စခန်းတခု မကျသေးဘူးဆိုတော့ စစ်ကူပို့မယ်ဆို ရဟတ်ယာဉ်နဲ့ ပို့လို့ရတယ်၊ ပို့တာတော့ မကြားရသေးဘူး။ မြေပြင်အနေနဲ့ လားရှိုးက တက်လာမယ်ဆိုရင် သိန္နီမှာ လည်း ပိတ်ထားတယ်။ ကွတ်ခိုင်- နမ့်ဖက်ကာ ကြားလည်း ပိတ်ထားတယ်။ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားလည်း သိမ်း ထားတယ်။ နမ့်ဖတ်ကာနဲ့ မူဆယ်ကြားလည်း စခန်းတွေအများကြီး သိမ်းထားတယ်။ အဲဒီတော့ စစ်တပ်က နမ့်ခမ်း ရောက်အောင် ချီတက်တိုက်ဖို့ဆိုရင်တော့ တလမ်းလုံး တိုက်ရမှာ၊ လကြာလိမ့်မယ် ထင်တယ်” ဟု သုံးသပ်သည်။
စစ်ကောင်စီအနေဖြင့် နမ့်ခမ်းသို့ ကချင်ပြည်နယ်၊ ဗန်မော်- မံစီလမ်းကြောင်းမှ ဆင်းလာမည်ဆိုပါကလည်း လမ်း ကြောင်း ရှည်လျားသည်။
လက်ရှိတွင် ညီနောင်မဟာမိတ်တပ်များက ကွမ်းလုံမြို့နယ်တခုလုံးနှင့် နမ့်ခမ်းမြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ် သိမ်းပိုက်ရန် ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်သည့်အပြင် စစ်ဆင်ရေးဒေသဖြစ်သည့် ကိုးကန့်ခရိုင်အတွင်း၌လည်း ယနေ့ တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိရာ တပ်စခန်းသုံးခုအား ထပ်မံသိမ်းပိုက်ထားနိုင်ကြောင်း MNDAA ဘက် က ပြောထားသည်။
You may also like these stories:
စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာစခန်း စွန့်ခွာထွက်ပြေး
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
စစ်ရေးအရ ပိတ်ဆို့ခံ လောက်ကိုင်မြို့ရှိ လုပ်ငန်းများ ရပ်ဆိုင်းလာ
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်