တရုတ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တွင် မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များက စခန်းများကို သိမ်းပိုက်ပြီးနောက် တရုတ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဘေဂျင်းက နိုဝင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဝမ်ဝန်ဘင်က တရုတ်နိုင်ငံသားများ သေဆုံးသည် သို့မဟုတ် ဒဏ်ရာရသည်နှင့် ထိုဖြစ်ရပ် မည်သည့်နေရာတွင် ဖြစ်ပွားသည်ကို ပြောကြားခြင်း မရှိပေ။
စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာကို အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် တရုတ်နိုင်ငံသား တဦးသေဆုံးပြီး အခြားသူ နှစ်ဦးဒဏ်ရာရကြောင်း မြန်မာပြည်တွင်း သတင်းများက နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖော်ပြကြသည်။
အမြောက်ဆံတခု တရုတ်နိုင်ငံဘက်သို့ ကျရောက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။
လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာခြင်းနှင့် တရုတ်နိုင်ငံသားများကို ထိခိုက်စေခြင်းအတွက် အပြင်းအထန် မကျေမနပ်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောခဲ့သည်ဟု မစ္စတာ ဝမ်က ပြောသည်။
တရုတ်နိုင်ငံသည် သက်ဆိုင်သူများကို အလေးအနက် ကန့်ကွက်ခဲ့ပြီး မြန်မာမြောက်ပိုင်း ပဋိပက္ခ အခြေအနေကို အထူးအာရုံစိုက်နေကြောင်း ၎င်းကပြောသည်။
“မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခမှာ သက်ဆိုင်သူအားလုံး အနေနဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်က ထပ်မံ တောင်းဆိုတယ်” ဟု မစ္စတာ ဝမ်က ပြောသည်။
ထိုသက်ဆိုင်သူများအနေဖြင့် တရုတ်နယ်စပ်ဒေသများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထပ်မံ အန္တရာယ်ကျရောက်စေသည့် မည်သည့်ဖြစ်ရပ်ကိုမဆို တားဆီးရန် လက်တွေ့ကျသော အစီအမံများ လုပ်ရမည်ဟု ၎င်းက ဆက်ပြောသည်။

တရုတ်အစိုးရသည် နိုင်ငံသားများ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လိုအပ်သည့် အစီအမံများ ပြုလုပ်မည်ဟုလည်း ၎င်းကပြောသည်။
မြန်မာနယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်နေခြင်းကို စိုးရိမ်ပူပန်ကြောင်း တရုတ်က လွန်ခဲ့သောအပတ်တွင် ထုတ်ပြောခဲ့သည်။
တရုတ်အဆင့်မြင့် သံတမန် မစ္စတာ နုန်ရုန်သည် မြန်မာသို့ နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်ပြီး စစ်ကောင်စီ အဆင့်မြင့်အရာရှိများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို တိုက်တွန်းခဲ့သည်။
တရုတ်နယ်စပ်ဒေသတွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အလေးအနက် အာမခံရန်နှင့် မြန်မာမှ တရုတ်နိုင်ငံသားများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ၏ လုံခြုံရေး တောင့်တင်းစေရန် ထိရောက်သည့် အစီအမံများ လုပ်ဆောင်ရေး သူက စစ်ကောင်စီကို တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
ရပ်ဝန်းနှင့်လမ်း စီမံကိန်း
ပူးတွဲထိုးစစ် စတင်ပြီးနောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်စခန်း ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ခဲ့သည်။
ထိုဒေသတွင် တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့တင်ပို့သည့် ပိုက်လိုင်းများနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်း အစိတ်အပိုင်း ဒေါ်လာ ဘီလီယံချီသည့် ရထားလမ်းစီမံကိန်း တည်ရှိသော ဒေသဖြစ်သည်။
တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများအား ပစ်မှတ်ထားခြင်းကို လက်ခံမည် မဟုတ်ကြောင်း အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်များက ပြောကြားခဲ့ဖူးသည်။
TNLA တိုက်ခိုက်ရေးသမားများသည် နမ့်ခမ်းကို ထိန်းချုပ်ရေးအတွက် နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်ဟု TNLA ပြောခွင့်ရသူတဦးက AFP သို့ ပြောသော်လည်း အသေးစိတ် မပြောပေ။
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများနှင့် ပတ်သက်ပြီး မှတ်ချက်ချ ပြောကြားပေးရန် စစ်ကောင်စီကို အကြိမ်ကြိမ် တောင်းဆိုသော်လည်း တုံ့ပြန်ခြင်း မရှိပေ။
နမ့်ခမ်းမှ ၁၅ မိုင်ခန့်အကွာရှိ ကုန်သွယ်ရေး အချက်အချာ မူဆယ်တွင် အင်တာနက်နှင့် ဖုန်းအဆက်အသွယ်များ ပြတ်တောက်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
“နယ်စပ်ကုန်သွယ်ရေး လုံးဝ ရပ်တန့်သွားတယ်” ဟု ဒေသခံများက ပြောသည်။
“နမ့်ခမ်းနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီ။ ကျနော်တို့ မူဆယ်နားက တခြားမြို့တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟုလည်း ၎င်းတို့က ပြောသည်။
“ကျနော်တို့ဆီမှာ တိုက်ပွဲဘယ်တော့ဖြစ်မလဲ မသိဘူး။ လူတွေလည်း ကြောက်လန့်နေရတယ်” ဟုလည်း ပြောသည်။
ကိုးကား ။ ။ AFP သတင်း Beijing Confirms Chinese Casualties in Myanmar Border Battle
You may also like these stories:
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို တရုတ်တိုက်တွန်း
မြန်မာမြောက်ပိုင်းပဋိပက္ခ နယ်စပ်နှင့် နီးလာသောကြောင့် တရုတ်အတွက် အန္တရာယ်ရှိ
မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ
တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်