မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် တိုက်ခိုက်ရေး စစ်သားများ မလုံမလောက်ဖြစ်နေသောကြောင့် လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။
ခုခံတော်လှန်ရေး အင်အားစုက ပြုလုပ်နေသည့် စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်သားအများအပြားနှင့် စစ်စခန်း ၁၀၀ ကျော် ဆုံးရှုံးပြီးနောက်တွင် စစ်ကောင်စီက ထိုအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ ထို စစ်ဆင်ရေးသည် ရှမ်းပြည် မြောက်ပိုင်းမှ နိုင်ငံအလယ်ပိုင်းသို့ ရွှေ့လျားလာနေသည်။
လက်ရုံးတပ်များ ရှေ့တန်းစစ်မျက်နှာသို့ ပူးပေါင်းရန် အမိန့်သည် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ထံမှ လာခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း လင်းထက်အောင်က စစ်ဘက်သတင်းပေးများကို ကိုးကားပြောဆိုသည်။
“လက်ရုံးတပ်အားလုံးကို တပ်လှန့်ပြီး အများအပြားကို ရှေ့တန်းက ခြေလျင်တပ်ရင်းတွေကို ပို့ထားတယ်” ဟု ဗိုလ်ကြီးဟောင်း လင်းထက်အောင် ပြောသည်။ သူသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပူးပေါင်း ပါဝင်သူဖြစ်သည်။
စစ် ဆေးရုံများတွင် ဘွဲ့ရရန် လုပ်ကိုင်နေသည့် စစ်တပ် ဆရာဝန်များကိုလည်း ပဋိပက္ခဇုန်များတွင် တိုက်ခိုက်ရေး တပ်များနှင့် ပူးပေါင်းရန် အမိန့်ထုတ်ထားပြီးဖြစ်သည်။
“စစ်တပ်က အခုလောလောဆယ် တနိုင်ငံလုံးက စစ်မျက်နှာ အများအပြားမှာ တိုက်ခိုက်နေရပြီး တိုက်ခိုက်ရေး စစ်သား မလုံမလောက်ဖြစ်နေတယ်။ စစ်ကောင်စီဟာ လိုအပ်ချက်တွေကို သူတို့ ရှာလို့ရသမျှ စစ်သားတွေနဲ့ ဖြည့်ဆည်းဖို့ ကြိုးစားနေတယ်” ဟု စစ်ကောင်စီအတွက် တိုက်ခိုက်ပေးရန် ငြင်းဆန်သည့် စစ်သားများကို ကူညီရန် စစ်သားဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း လင်းထက်အောင် ပြောသည်။
ထိုကဲ့သို့ လက်ရုံးတပ် ၄၀ မှ စစ်သားများကို စုစည်းထုတ်နုတ်ယူသော သတင်းကို စစ်တပ်နှင့် နီးစပ်သော ဧရာဝတီ၏ အခြား သတင်းရင်းမြစ်များကလည်း အတည်ပြုပေးပြီး ၎င်းတို့ကို နောင်ချိုနှင့် ပြင်ဦးလွင်ကြား စစ်ဆင်ရေးတွင် စတင်သုံးပြီး ရပ်စောက်၊ နန့်လန်၊ သီပေါမြို့များသို့ လက်နက်၊ ရိက္ခာ ယာဉ်တန်းတွင်လည်း လိုက်ပါစေကြောင်း ပြောဆိုကြသည်။
ရှမ်းမြောက်စစ်ဆင်ရေးအတွက် လက်ရုံးတပ်များဖြစ်သော အမြှောက်တပ်နှင့် သံချပ်ကာယာဉ်တပ်များမှ စစ်သားများသည် တိုက်ခိုက်ရေးစစ်သည်များအဖြစ် စစ်ကြောင်းများတွင် လိုက်ပါနေရသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား လုံခြုံရေးတာဝန်ယူရသော အရင်က ရှေ့တန်းမထွက်ရသည့် တပ်များမှ စစ်သည်များသည် တိုက်ခိုက်ရေးတပ်မများတွင် စစ်သားအဖြစ် လိုက်ပါတိုက်ခိုက်နေရကြောင်း လည်း အမည်မဖော်လိုသော CDM ဗိုလ်ကြီးတဦးကဆိုသည်။
“လက်ရုံးတပ်က စစ်သားတွေကို တပ်ပြောင်းဆိုပြီး ဂဏန်း (တပ်မ ၁၁ ကနေ တပ်မ ၁၀၁ ထိ) တွေထဲကို ထည့်လိုက်တယ်။ တပ်ပြောင်းသွားတဲ့အချိန်မှာ အချို့က လမ်းမှာပဲ ထွက်ပြေးကြတယ်” ဟု သူက ပြောသည်။
စစ်ဆင်ရေး ၁၀၂၇ ကို လွန်ခဲ့သော အပတ်တွင် တိုင်းရင်းသား ညီနောင်မဟာမိတ်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ဆင်နွဲခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးသည် လက်ရှိအချိန်အထိ စစ်ကောင်စီစခန်း ၁၀၀ ကျော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်းမှ မြို့ အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ထိုစစ်ဆင်ရေးတွင်အင်အားကြီးမားလှသော ကချင်လွတ်လပ်ရေးတပ်မတော် အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုအများအပြား ပူးပေါင်းပါဝင်ကြသည်။
စစ်ဆင်ရေး ၁၀၂၇ သည် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်နေပြီး နောက်ထပ် ဒါဇင်ပေါင်း များစွာအနေဖြင့် စခန်းများနှင့် လက်နက်များချရန် ဖြစ်စေသည်။ ခုခံတော်လှန်ရေး အုပ်စုများသည် ရှမ်းပြည်မြောက်ပိုင်းမှ နယ်စပ်မြို့များအပါအဝင် မြို့အနည်းဆုံး ၇ မြို့ကိုလည်း သိမ်းပိုက်ထားပြီး တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပိတ်သွားသည်။
အမြောက်များနှင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သော်လည်း စစ်ကောင်စီတပ်များသည် စစ်ဆင်ရေး ၁၀၂၇ အတွင်း ဆုံးရှုံးသည့် မည်သည့် စခန်းကိုမျှ ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပေ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ခုခံတော်လှန်ရေး အင်အားစုများသည် ထိုစစ်ကို တိုးချဲ့ပြီး နိုင်ငံအခြားဒေသများမှ စစ်ကောင်စီ စခန်းများနှင့် မြို့များကိုလည်း သိမ်းပိုက်လာသည်။
စစ်ကောင်စီတပ်များသည် ယခုနောက်ဆုံး ထိုးစစ်မတိုင်မီကပင် အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေပြီးဖြစ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်းစတီကျုနှင့် ဝီလ်ဆင်စင်ငတာမှာ နိုင်ငံရေး သုတေသီ ကိုရဲမျိုးဟိန်း ဖေါ်ပြသည်။
စစ်ကောင်စီသည် ထိခိုက်ဒဏ်ရာရမှုများ၊ တပ်ပြေးခြင်းနှင့် ဘက်ပြောင်းခြင်းကြောင်း တပ်ဖွဲ့ဝင် ၂၁၀၀၀ ဆုံးရှုံးကာ တိုက်ခိုက်ရေးတပ်သား ၇၀၀၀၀ အပါအဝင် စစ်သားစုစုပေါင်း ၁၅၀၀၀၀ သာကျန်တော့ကြောင်း မေလက သူ ခန့်မှန်းသည်။
ထိုင်းနိုင်ငံတွင် ယာယီနေထိုင်နေသော အခြားစစ်ရေးလေ့လာစောင့်ကြည့်သူတဦးက ယခု ရှမ်းမြောက်တိုက်ပွဲတခွင်လုံးအတွက် မြန်မာစစ်တပ်မှ တိုက်ခိုက်ရေးစစ်သား ၇၀၀၀ ဝန်းကျင် သုံးစွဲနေရကြောင်း ပြောဆိုသည်။
You may also like these stories:
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်
မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား