စစ်ကောင်စီဆန့်ကျင်ရေး “၁၀၂၇ စစ်ဆင်ရေး” သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်။ ထိုစစ်ဆင်ရေး ၁၃ ရက်အတွင်း အနည်းဆုံး မြို့ ခုနစ်မြို့နှင့် စစ်ကောင်စီစခန်း ၁၂၅ ခုကို သိမ်းဆည်းမိကြောင်း MNDAA က ကြေညာသည်။
ထိုစစ်ဆင်ရေးသည် စစ်ကိုင်းတိုင်းသို့ အလျင်အမြန် ပျံ့နှံ့သွားပြီး စစ်ကိုင်းတိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တို့ ပူးပေါင်းတပ်များသည် ထီးချိုင့်မြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည်။
ထို့နောက် ခုခံတော်လှန်ရေးတပ်များသည် ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် စစ်ကိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီစခန်း အနည်းဆုံး ၁၀ ခုကို သိမ်းပိုက်ခဲ့ကြသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ခုခံတော်လှန်ရေးအင်အားစုများသည် စစ်ကိုင်းတိုင်းမြို့နယ်များဖြစ်သည့် ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသိုနှင့် ကျွန်းလှမှသာမက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ စစ်ကောင်စီ စခန်းများနှင့် ရဲစခန်းများကိုလည်း တိုက်ခိုက်ကြသည်။ ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းနှင့် တမူးမြို့နယ်မှ ခါမ်းပါတ်မြို့ကို ခုခံတော်လှန်ရေး အင်အားစုများက လေးရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည်။
ညှိနှိုင်းတိုက်ခိုက်မှုများကို စစ်ကိုင်းတိုင်းမှ ကျန်မြို့နယ်များသို့ ချဲ့ထွင်နိုင်ကြောင်း ထီးချိုင့်မှ PDF ကိုယ်စားလှယ်တဦးက ပြောသည်။
“ထိုးစစ်က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အောက်ပိုင်းနဲ့ နိုင်ငံအလယ်ပိုင်းကို ချဲ့ထွင်နိုင်တယ်” ဟု ဧရာဝတီသို့ ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ PDFs များသည် မြို့များကို သိမ်းပိုက်ရန် ပြင်ဆင်နေကြောင်း ဟုမ္မလင်း PDF ခေါင်းဆောင်တဦးက ပြောသည်။
စစ်ကိုင်းတိုင်းတခုလုံးကို သိမ်းပိုက်ရန်အတွက် ဒေသ ခုခံတော်လှန်ရေး အင်အားစုများသည် ရွှေဘိုခရိုင်မှ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရန် လိုမည်ဖြစ်ပြီး ချင်းပြည်နယ်အခြေစိုက် ခုခံတော်လှန်ရေး အင်အားစုများသည် စစ်ကိုင်းတိုင်းမြောက်ပိုင်း ကန္နီ၊ ကလေးနှင့် ကလေးဝ မြို့နယ်များကို သိမ်းပိုက်ရမည် ဖြစ်ကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ဒီနည်းလမ်းနဲ့ စစ်ဆင်ရေးတွေဟာ တောင်ဘက်ကို တိုးချဲ့ပြီး မြန်မာနိုင်ငံ ဒုတိယအကြီးမားဆုံးမြို့ မန္တလေးမှာ ဆုံစည်းမယ်။ အဲဒီလိုဖြစ်လာရင် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းကို တပ်ကူ မပို့နိုင်တော့ဘူး” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ကယားပြည်နယ်မှ ကရင်နီ ခုခံတော်လှန်ရေး အင်အားစုများက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် “၁၁၀၇ စစ်ဆင်ရေး” ကို စတင်လိုက်သောအခါ ထိုးစစ်သည် အရှေ့တောင်ပိုင်း ကယားပြည်နယ်သို့ ကျယ်ပြန့်လာသည်။ လက်ရှိအချိန်အထိ မယ်စဲ့မြို့နယ်မှ စစ်ကောင်စီစခန်း အနည်းဆုံး နှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြသည်။
စစ်ဆင်ရေး ၁၁၀၇ ကို ကယားပြည်နယ် လွတ်မြောက်ရေးအတွက်နှင့် ခုခံတော်လှန်ရေး အင်အားစုများ စစ်ကောင်စီ ခံတပ် နေပြည်တော်အနီး ပျဉ်းမနားသို့ ချီတက်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။
တချိန်တည်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် အင်အားကြီးမားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်နေကြသည်။ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် ထိုလမ်းကြောင်းကို ထိန်းချုပ်ရန်အတွက် တောင်ငူ၊ ဒိုက်ဦး၊ ပြွန်တန်ဆာနှင့် ညောင်လေးပင်မှ အရေးပါသော စစ်စခန်းများကို သိမ်းပိုက်ရန် လိုမည်ဖြစ်သည်။
“အဲဒီစစ်ဆင်ရေးတွေ ပြီးဆုံးသွားရင် ခုခံတော်လှန်ရေး အင်အားစုတွေ နေပြည်တော်ကို ချီတက်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သည် မြောက်ဘက်တွင် PDF ထိန်းချုပ် အချက်အချာဒေသများနှင့် ထိစပ်နေပြီး တောင်ဘက်တွင် KNU က စစ်ကောင်စီကို တိုက်နေသည့် ပဲခူးတိုင်းနှင့် ထိစပ်ကာ အနောက်ဘက်တွင်လည်း PDF အမာခံဒေသ မကွေးတိုင်းနှင့် ထိစပ်နေသည်။ ထို့ပြင် အနောက်ဘက်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် PDF များ လှုပ်ရှားနေသည့် ကယား (ကရင်နီ) ပြည်နယ်နှင့် ထိစပ်နေသေးသည်။
တနိုင်ငံလုံးမှ ခုခံတော်လှန်ရေး စစ်ဆင်ရေးများကို တနိုင်ငံလုံး ကျယ်ပြန့်သည့် သေနင်္ဂဗျူဟာအောက်တွင် ညှိနှိုင်းဆောင်ရွက်နေကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
“ဒီသေနင်္ဂဗျူဟာကို အကောင်အထည် ဖော်လိုက်တာဟာ တော်လှန်ရေးတပ်တွေအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ခံစစ်အနေအထားသို့ ရောက်နေပြီး ဆုံးရှုံးနယ်မြေများကို ပြန်လည် သိမ်းပိုက်မည်ဟု ပြောသည်။ သို့သော် ရှမ်းပြည်နယ်မှ စစ်ကောင်စီတပ်များသည် ထိခိုက်သေဆုံးမှု များပြားပြီး အစုလိုက်အပြုံလိုက် လက်နက်ချကာ အဓိကလမ်းမကြီးများကို ခုခံတော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားသောကြောင့် တပ်ကူများပေးပို့ နိုင်ခြင်းမရှိတော့ကြောင်း သတင်းများက ဖော်ပြနေသည်။
တိုက်ခိုက်မှုသစ်များ ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီသည် တပ်များကို တနေရာမှ တနေရာသို့ ရွှေ့ပြောင်းနေရပြီး တပ်ရင်းများမှ တပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရကြောင်း သုတေသီများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Resistance Offensive ‘Expanding Nationwide’ With All Eyes on Naypyitaw ကို ဘာသာပြန်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့
စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်
မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်တပ်စခန်း ၄ ခု ပူးပေါင်းတပ်များ သိမ်းပိုက်ထား