ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တပ်စခန်းများဆုံးရှုံးကာ တပ်ဖွဲ့ဝင်အမြောက်မြား သေဆုံးမှုနှင့် မြို့ရွာများလက်လွှတ်ရသည့်အချိန်တွင် စစ်ခေါင်းဆောင်များသည် ဘာသာရေးအစီအမံ ညွှန်ကြားသည့် ကြေးနန်းစာတစောင် ထွက်ပေါ်လာခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာသည့် စစ်တပ်ကြေးနန်းတစောင်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း တပ်တွင်း ဓမ္မာရုံများ၌ ရဲမေများ မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ်တို့အား နိုဝင်ဘာ ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၉ နာရီတိုင်း မပျက်မကွက် ရွတ်ဖတ်ကြရန် ညွှန်ကြားထားသည်။
ပရိတ် ရွတ်ဖတ်မည့် ရဲမေများသည် ယောဂီဝတ်စုံဝတ်ဆင်ရန်နှင့် ၉ ပါး သီလခံယူထားရန်လည်း ဆိုထားပြီး မရွတ် ဖတ်မီတွင် ဘုရားကျောင်းဆောင်ရှေ့၌ ကျောက်ကျော ၃ တုံး၊ ဘယာကြော် ၃ ခုနှင့် မုန့်လုံးရေပေါ် ၃ လုံးစီး ထည့်ထား သည့် ပန်းကန် ၁၀၈ အား ဦးစွာကပ်လှူရန်လည်း ပြောထားသည်။
ထိုသို့ ပရိတ်ရွတ်၊ ယတြာချေသည့် အစီအမံများသည် စစ်ခေါင်းဆောင်များ အခက်အခဲကြုံတိုင်း လုပ်ဆောင်လေ့ရှိပြီး လက်ရှိမှာလည်း ရှမ်းမြောက်ဒေသ စစ်ဆင်ရေးနှင့် ဆက်စပ်ပြီး ပိုမိုကျယ်ပြန့်လာသည့် ခုခံတိုက်ခိုက်မှုများ ကြုံနေရ ချိန်တွင် ယတြာချေရန် ညွှန်ကြားလာခြင်းဖြစ်သည်။
စစ်တပ် CDM အရာရှိတဦးဖြစ်သူ ကိုလင်းထက်အောင်က “ဗေဒင်ယတြာက သူတို့ အခက်အခဲ ကြီးကြီးမားမား ကြုံ နေရပြီဆို စစ်တပ်ခေါင်းဆောင်တွေက လုပ်လေ့လုပ်ထရှိတဲ့အရာ။ အခုချိန်မှာ တပ်တွင်း ရဲမေတော်တော်များများရဲ့ စိတ်က အတော်ကို ခြောက်ခြားနေတဲ့ ပုံစံမျိုးဘက်ကို သွားနေတယ်။ အဲဒါကို ဘာသာတရားနဲ့ တဖက်ကနေ ငါတို့ ဒါတွေလုပ်ရင် ဒါတွေ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်တခု ပြန်ထည့်တဲ့ပုံစံပါပဲ” ဟု ပြောသည်။
စစ်တပ်က ညွှန်ကြားထားသည့် ယတြာ၏အဓိပ္ပာယ်ကို သိရှိရန်ခက်ခဲသော်လည်း ရွတ်ဆိုရမည့်ရက်၊ မုန့်အရေအတွက်၊ ပန်းကန်အရေအတွက်တို့သည် ၉ ဂဏန်းများဖြစ်နေသည်ကို တွေ့ရသည်။
ထိုကဲ့သို့ ထူးဆန်ပြီး နားလည်ရခက်ခဲသည့် ယတြာချေနည်းများသည့် စစ်တပ်က ယခုမှ လုပ်ဆောင်သည်မဟုတ်ပေ။ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း တပ်ရင်းအရာရှိတိုင်းအားလုံး ယတြာတခု ပြုလုပ်ကြရ ကြောင်း ထိုအချိန်က ရှမ်းပြည်နယ်တွင် တာဝန်ကျနေသည့် CDM အရာရှိ ကိုလင်းထက်အောင်က ပြောသည်။
၎င်းက “လူတွေသောက်တဲ့ သွေးဆေးပါပဲ။ ရှမ်းပြည်ဘက်မှာ သွေးဆေးအနီးရောင်တွေ ရှိတယ်၊ အနီရောင်အမှုန့်တွေ ကို ရေဗူးထဲထည့် ဖျော်ပြီး ချောင်းထဲကို လောင်းခိုင်းတာ။ ပြီးတော့ သွေးမြေကျမှုတွေ ပြီးဆုံးသွားပြီ၊ ချောင်းနဲ့အတူ မျှောသွားပြီ၊ အောင်ပြီ အောင်ပြီဆိုပြီး အော်ရတာ၊ တပ်တိုင်းက အကြီးအကဲတွေ လုပ်ရတာ။ အကျိုးသက်ရောက်မှု ရှိမရှိတော့ မသိဘူး၊ အဲဒီယတြာတွေ လုပ်တဲ့အချိန်ကစပြီးတော့ သွေးမြေကျမှု ဆက်တိုက်ဖြစ်တာပေါ့နော်၊ ပြည်သူ တွေ တောက်လျောက်သတ်ခံရတယ်။ စစ်ပွဲတွေပိုပြီးဖြစ်လာတယ်၊ အဲဒါကြောင့် ကျနော်က တလွဲယတြာလို့ပဲ ထင် တယ်” ဟု ပြောသည်။
၎င်းအနေဖြင့် ဗေဒင်၊ ယတြာဆိုသည်ကို အပြည့်အဝ ယုံကြည်သက်ဝင်သူ မဟုတ်သော်လည်း အမိန့်ပေးမှုအား ဓာတ်ပုံ၊ ဗီဒီယိုနဲ့တကွ ပြန်လည် ပေးပို့ရမည်ဖြစ်သည့်အတွက် မဖြစ်မနေ လုပ်ဆောင်ခဲ့သည်ဟုလည်း ပြောပြသည်။
ကိုလင်းထက်အောင်က “ဆန္ဒပြပွဲတွေ စတဲ့အချိန်မှာ လုပ်ခဲ့ရတာ။ သူတို့ရည်ရွယ်ချက်က အာဏာသိမ်းတာ အောင်မြင် သားပြီ၊ လွယ်လွယ်ကူကူနဲ့ ပြီးသွားစေချင်တဲ့ ပုံစံနဲ့ အဲဒီယတြာကို လုပ်တယ်လို့ ထင်တယ်။အဲဒါနဲ့အတူ ညစဉ်ညတိုင်း တပ်ရင်းဓမ္မာရုံမှာ ည ၈ နာရီဆိုတာနဲ့ ကြေးစည်ထုရတယ်။ ရဲမေတွေကို ရွတ်ဖတ်ခိုင်းတယ်။ သုံးခုကို တပြိုင်တည်း လုပ်ခဲ့ရတာ”ဟုလည်း ၎င်းက ဆက်ပြောသည်။
တိုင်းပြည်ကာကွယ်ရေး လက်နက်ကိုင်တပ်ဖြစ်သည့် စစ်တပ်တွင် ဗေဒင်၊ ယတြာ၊ အဆောင်လက်ဖွဲ့များကို အားကိုး ယုံကြည်သက်ဝင်မှုသည် ထိပ်ပိုင်းခေါင်းဆောင်များမှစ၍ အောက်ခြေတပ်မှူး၊ တပ်သားတွေအထိ အများစုမှာ အရိုးစွဲ နေကြသည့် အလေ့အထတခုလည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းစကာလတွင် ဆန္ဒပြလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည့်အတွက် အများစုမှာ ဦးခေါင်းများကို ကျည်ထိမှန်၍ သေဆုံးခဲ့ရသည်။ ထိုအချက်နောက်ကွယ်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ အခါတော်ပေးဆရာဖြစ်သူ ဝစီပိတ်ဆရာတော်က “ခေတ်ကို ပြောင်းရန် ခေါင်းကိုပစ်” ဟု အကြံပေးခြင်းကြောင့်ဖြစ်သည်ဟု လူထုက ပြောဆိုမှုများလည်း ရှိသည်။
စစ်ခေါင်းဆောင်များသည် အာဏာဆုပ်ကိုင်ကာ ကြာကြာစံရရေးအတွက် ကြာဇံလှူခြင်း၊ သက်တမ်းရှည်ကြာစေရန် နေကြာစိုက်ခင်း စီမံကိန်းများ လုပ်ဆောင်ခြင်း၊ အမျိုးသမီးအဆင် ချိတ်လုံခြည်များ ဝတ်ခိုင်းခြင်း၊ ဘုရားတည်ခြင်း အစရှိသည့် ယတြာအစီအမံပေါင်းများစွာလည်း လုပ်ဆောင်ခဲ့ကြသည်။
ယခင် စစ်အာဏာရှင် ဦးသန်းရွှေလက်ထက် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွင်လည်း ဒေါင်းတံဆိပ် ကိုယ်စားပြု သည့် ကျောင်းသားလှုပ်ရှားမှုများ၏ စစ်အစိုးရအပေါ် အားကောင်းသည့် ခြိမ်းခြောက်မှုများအား တန်ပြန်စေသည့် အနေဖြင့် ဒေါင်း ၄ ကောင်အား ဘုရားစေတီထံယူဆောင်လာကာ လည်ချောင်းလှီးဖြတ်၍ ယစ်ပူဇော်ခဲ့ဖူးကြောင်း လည်း မျက်မြင်ကြုံခဲ့ဖူးသူတဦးက ပြန်လည်ပြောပြသည်။
စစ်အာဏာရှင် ဦးသန်းရွှေသည် မျက်နှာပုံတူဘုရားတဆူ ထုလုပ်ကာ ရွှေတိဂုံစေတီတော်တွင် ထားရှိဖူးမြော်စေခဲ့သကဲ့ သို့ စစ်အစိုးရအခြေစိုက်ရာ နေပြည်တော်မြို့သစ်ကြီးကိုလည်း ယတြာအစီအရင်များနှင့် တည်ဆောက်ခဲ့ကြောင်း လူထု ကြား ယုံကြည်ထားကြသည်။
ထိုသို့ အာဏာဆုပ်ကိုင်လိုမှုကြောင့် စစ်ခေါင်းဆောင်များ၏ ယတြာအစီအရင်များအပေါ် အားကိုးယုံကြည်ခြင်းသာမက အောက်ခြေတပ် ဖွဲ့ဝင်များကလည်း ရှေ့တန်းမထွက်မီ ဗေဒင်ယတြာနာမည်ကြီး လူ၊ ဘုန်းကြီးများထံ အဆောင်တောင်းတာ၊ သေနတ်ပီးသည့် အဆောင်လိုချင်တာအထိ အားကိုးတပ်မက်မှုရှိကြသည်။
ကိုလင်းထက်အောင်က “စစ်တပ်ထဲမှာ အဆောင်၊ လက်ဖွဲ့တွေကို လိုချင်တပ်မက်မှုတွေရှိတယ်၊ သေနတ်ပြီးတဲ့ အဆောင်တို့၊ တောင်ဘို့တွေ့ရင် အမွှေးတိုင်ထွန်းပြီး ပူဇော်တာတို့က စစ်တပ်ထဲ တော်တော်နာမည်ကြီးတယ်၊ တောတွေ တောင်တွေထဲ စခန်းတွေထဲမှာ ခြတောင်ဘို့ရှိရင် နတ်စင်ပုံစံလုပ်ပြီး ကိုးကွယ်တာတို့၊ အဲဒီလို ပုံစံမျိုးတွေလည်း တော်တော်ရှိတယ်” ဟု ပြောသည်။
အရာရှိ၊ တပ်ရင်းအကြီးအကဲများ၏ ဗေဒင်ယတြာချေရန် စေခိုင်းမှုများကြောင့် ရဲဘော်များထိခိုက်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်းလည်း စစ်တပ် CDM အရာရှိတဦးဖြစ်သူ ကိုထက်မြက်က ပြောပြသည်။
၎င်းက “ယတြာချေဖို့ ဩဇာညွန့် ဘယ်နှညွန့်၊ ထန်းညွန့်ဘယ်နှညွန့်၊ အဲဒါမျိုးတွေလိုက်ရှာခိုင်းတာပေါ့နော်။ ရှေ့တန်းလို နေရာမျိုးမှာ သူတို့လိုချင်ဟာတွေ မရနိုင်ဘူး။ အဲဒီအခါ တောတွေလျှောက်တိုးရတယ်၊ ယတြာက ချေပြီးရင် အစွမ်း ထက်မထက်၊ အန္တရာယ်ကင်းမကင်းတော့ မသိဘူး။ ယတြာချေဖို့ ဒီအညွှန့်တွေ လိုက်ပြီးခူးတဲ့ ရဲဘော်တွေကတော့ မိုင်းတွေနင်းမိပြီး ခြေထောက်တွေပြတ်၊ ဘာတွေပြတ်ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
လက်ရှိ ပြည်သူလူထု ခုခံတိုက်ခိုက်မှုများ အရှိန်မြှင့်လာချိန်တွင် စစ်တပ်အနေဖြင့် ယတြာအမျိုးမျိုးပြုလုပ်ရန် တပ်တွင်းစေခိုင်မှုများသည် ၎င်းတို့ကျရှုံးမှုအပေါ် အကာအကွယ်ပေးနိုင်မည်မဟုတ်သည့်အပြင် ဗုဒ္ဓဘာသာ၏ တရား တော်များအား ယတြာအတွက် ခုတုံးလုပ် အသုံးချနေခြင်းဖြစ်ကြောင်းလည်း ဗုဒ္ဓဘာသာ သံဃာ တော်များက ပြောဆိုသည်။
ဆရာတော် မင်းသုညက “ဗုဒ္ဓက ရွတ်ဆိုခြင်းကို ဦးစားပေးတာ မဟုတ်ပါဘူး၊ ဒီတရားတွေဟာ တကယ် လက်တွေ့ လိုက်နာကျင့်သုံးရမယ့်တရားတွေ၊ သူတို့က ရွတ်ဆိုခြင်းတွေကို ယတြာချေတဲ့အနေနဲ့ ခုတုံးလုပ်နေကြတာ။ တချို့ ပရိတ်တရားတွေဆို သစ္စာဆိုတာတွေ ပါတယ်။ ကိုယ်ကျင့်ထားတဲ့သစ္စာမှ ဒါကိုပဲ ဆိုပြီး သစ္စာပြုလို့ရတာ၊ မကောင်းတာ တွေလုပ်ပြီး အမှန်သစ္စာတွေဆိုလို့မှ မရတာ။ လိမ်ညာကောက်ကျစ်မှုမျိုးစုံလုပ်ပြီးမှ ဗုဒ္ဓရဲ့တရားတွေကို ယတြာအတွက် အသုံးချနေကြတာ” ဟု ဝေဖန်သည်။
ဗုဒ္ဓတရားတော်အနေဖြင့် ကံ၊ ကံ၏ အကျိုးကိုသာ ဟောကြားထားခြင်းဖြစ်ပြီး တရားဓမ္မအတွက် ကိုယ်တိုင်ကျင့်ကြံ လုပ်ဆောင်မှုကသာ တန်ပြန်သည့်သက်ရောက်မှုရှိမည်ဖြစ်ကြောင်းနှင့် မကောင်းသည့်လုပ်ဆောင်မှုများအတွက် မည်သည့် ဗေဒင်ယတြာမှ ကုစားနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဆရာတော် ဦးဃောတိသသာရ(မှော်ဘီ)က ပြောသည်။
ဆရာတော် ဦးဃောတိသသာရ (မှော်ဘီ)က “ဗေဒင်တို့ယတြာတို့ဆိုတာလည်း ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ လုပ်တဲ့ အရာ၊ သုခရောက်တဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူမှ ဗေဒင်၊ ယတြာ မလုပ်ဘူး။ ပြောရမယ်ဆိုရင် အမှန်တရားလုပ်နေသူ တွေက ဗေဒင်၊ ယတြာမလုပ်ဘူး။ အမှားတရားလုပ်တဲ့သူတွေက ဗေဒင်၊ ယတြာတွေကို အားကိုးကြတာ” ဟု ပြော သည်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်မှ အောက်ခြေတပ်မှူးများအထိ အကြောက်တရားနှင့်ယုံကြည်မှုလွန်ကဲသည့် ဗေဒင် ယတြာအစီအရင်လုပ်ရပ်များသည် ရပ်တန့်သွားမည့် အခြေအနေ မရှိပေ။ ၎င်းတို့ ထိခိုက်ကျရှုံးမှုနှင့် အကျပ်အတည်းများအတွက် ဘာသာရေးခုတုံးလုပ်ကာ ဘုရားတည်၊ ယတြာချေမှုများသည် ဆက်လက်မြင်တွေ့ကြရဦးမည် ဖြစ်သည်။
You may also like these stories:
စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်
မြန်မာတို့နှင့် လောကီအစီအရင်များ
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့