ဂါဇာကမ်းမြှောင်ဒေသတွင် ၁၀ မိနစ်တိုင်း ကလေးတဦးနှုန်း သတ်ဖြတ်ခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟန်နွန် ဂေဘရီယေးဆပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်ပြီး “ဘယ်နေရာမှာမှ ဘယ်သူမှ မလုံခြုံဘူး” ဟု သတိပေးလိုက်သည်။
ဂါဇာမှ ဆေးရုံ ၃၆ ရုံ၏ ထက်ဝက်နှင့် အခြေခံကျန်းမာရေးဌာန သုံးပုံ နှစ်ပုံတို့ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိဘဲ လည်ပတ်နေသည့် ဆေးရုံဆေးခန်းများသည် မနိုင်မနင်းဖြစ်နေပြီး ကျန်းမာရေးစနစ်သည် ပြိုလဲလုနီးပါး ဖြစ်နေကြောင်း ၎င်းကပြောသည်။
“ဆေးရုံစင်္ကြံလမ်းမှာ ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေ၊ သေလုမျောပါးတွေနဲ့ ပြည့်နေတယ်။ ရေခဲတိုက်မှာ အလောင်းတွေ ပြည့်နေတယ်။ မေ့ဆေးမပါဘဲ ခွဲစိတ်နေရတယ်။ သောင်းပေါင်းများစွာသော နေရပ်စွန့်ခွာသူတွေ ဆေးရုံတွေမှာ ခိုလှုံနေရတယ်” ဟု မစ္စတာ တက်ဒရို့စ်က အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောသည်။
အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်က အောက်တိုဘာလ ၇ ရက်နေ့တွင် တိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြှောင်ဒေသကို အုပ်ချုပ်သည့် ဟားမတ်စ်ကို အမြစ်ဖြတ်မည်ဟု အစ္စရေးက ကြုံးဝါးထားသည်။ ထို တိုက်ခိုက်မှုတွင် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးပြီး ဓားစာခံ ၂၄၀ ကျော် ဖမ်းထားသည်ဟု အစ္စရေးက ပြောသည်။ အစ္စရေးသည် လူ ၂ ဒသမ ၃ သန်း နေထိုင်သည့် ဂါဇာကို လေကြောင်းမှ တိုက်ခိုက်ပြီး ပိတ်ဆို့ကာ မြေပြင်စစ်ဆင်ရေး လုပ်နေသည်။
“ပျှမ်းမျှ ၁၀ မိနစ်တိုင်း ကလေးတယောက်နှုန်း အသတ်ခံနေရတယ်” ဟု မစ္စတာ တက်ဒရို့စ်က ပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့ နောက်ပိုင်းတွင် ဂါဇာနှင့် အနောက်ဘက်ကမ်းခြေဒေသမှ ကျန်းမာရေးဌာနများကို အကြိမ် ၂၅၀ ကျော် တိုက်ခိုက်ခံရကြောင်းနှင့် အစ္စရေးမှ ကျန်းမာရေးဌာနများကို တိုက်ခိုက်မှု ၂၅ ခု ရှိကြောင်း WHO က အတည်ပြုနိုင်သည်ဟု မစ္စတာ တက်ဒရို့စ် ပြောသည်။ ဆေးရုံများအောက်ရှိ လှိုဏ်ခေါင်းများတွင် ဟားမတ်စ်က လက်နက်များ ဝှက်ထားကြောင်း အစ္စရေးက ပြောသော်လည်း ထိုကိစ္စကို ဟားမတ်စ်က ငြင်းဆိုသည်။
အစ္စရေးသည် ဂါဇာတောင်ပိုင်းတွင် ဆေးရုံများ ထူထောင်ရန် အထူးအဖွဲ့ ဖွဲ့စည်းထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် မစ္စတာ ဂျီလက် အာဒန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောသည်။ မြေပြင် စစ်ဆင်ရေးမတိုင်မီ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဂါဇာမှ လူပေါင်း ၁ ဒသမ ၁ သန်းကို တောင်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးက အမိန့်ထုတ်ထားသည်။
“အရေးပေါ် ဆေးရုံတွေနဲ့ ဆေးရုံသင်္ဘောတွေ ထူထောင်ဖို့ အစ္စရေးနိုင်ငံဟာ အာရပ်စော်ဘွားများနိုင်ငံ၊ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) နဲ့ တခြား ဥရောပနိုင်ငံတွေနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်နေတယ်” ဟု မစ္စတာ အာဒန်က ပြောသည်။
“ဂါဇာမြောက်ပိုင်းက ဆေးရုံတွေအတွက် ဂျော်ဒန်က ဆေးဝါးအကူအညီတွေ လေကြောင်းက ချပေးတာကို အဆင်ပြေအောင် အစ္စရေးက လုပ်ထားပေးတယ်” ဟုလည်း ၎င်းကပြောသည်။
“ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ အစ္စရေးဟာ ဂါဇာဒေသခံတွေ အဆင်ပြေရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဘယ်ကုလသမဂ္ဂ အေဂျင်စီထက်မဆို အများကြီး ပိုမိုလုပ်ပေးနေတယ်ဆိုတဲ့ အချက်ပဲ” ဟုလည်း မစ္စတာ အာဒန်က ပြောသည်။
ဂါဇာမှ ဆေးရုံများအတွက် လောင်စာဆီရရန် အမေရိကန် ပြည်ထောင်စုက လုပ်ပေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယ သံအမတ် ရောဘတ် ဝုဒ်က ပြောပြီး အရပ်ဘက်နှင့် လူသားချင်းစာနာမှု အဆောက်အအုံများကို နိုင်ငံတကာဥပဒေအရ လေးစား အကာအကွယ်ပေးရမည်ဖြစ်ကြောင်း အလေးထား ပြောသည်။
ဟားမတ်စ်သည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချနေကြောင်း မစ္စတာ ဝုဒ်က ပြောသည်။
“အဲဒီ သူရဲဘောကြောင်တဲ့ နည်းလမ်းတွေ ရှိပေမယ့် အစ္စရေးအနေနဲ့ ဟားမတ်စ်ကို တိုက်ရာမှာ အရပ်သားနဲ့ အကြမ်းဖက်သမား ခွဲခြားဖို့ တာဝန် လျော့ကျသွားစေမှာ မဟုတ်ဘူး။ စစ်ဆင်ရေးတွေကို စီစဉ်တဲ့အခါမှာ ဟားမတ်စ်က စစ်ရေးအတွက် သုံးနေတဲ့ နေရာတွေမှာရှိတဲ့ အရပ်သားတွေအတွက် အန္တရာယ်ကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
ဂါဇာနှင့် အစ္စရေးမှ သတ်ဖြတ်ခံရသော အရပ်သားများနှင့် သေဆုံးသွားသည့် ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီ (UNRWA) အတွက် အလုပ်လုပ်ပေးနေသူ ၁၀၁ ဦး အတွက် အမှတ်တရအဖြစ် လုံခြုံရေးကောင်စီ အစည်းအဝေး အစတွင် ငြိမ်သက်စွာ မတ်တပ်ရပ် အလေးပြုကြသည်။
မစ္စတာ တက်ဒရို့စ်က အီသီယိုးပီးယားတွင် စစ်အတွင်း သူ လူလားမြောက်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပြီး ဂါဇာမှ ကလေးများ မည်သို့ ရင်ဆိုင်နေရသည်ကို နားလည်ကြောင်း ပြောသည်။
“သေနတ်သံတွေ၊ အမြောက်သံတွေ၊ မီးခိုးနံ့တွေ လေထဲမှာ ပြည့်နေတယ်။ ညကောင်းကင်မှာ လမ်းကြောင်းပြ ကျည်ဆံတွေ ဖြတ်သန်းနေတယ်။ ကြောက်လန့်မှုတွေ၊ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ဒါတွေအားလုံးက ကျနော့် ဘဝတလျှောက်လုံး မမေ့နိုင်တာတွေ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ကိုးကား ။ ။ Reuters သတင်း A child killed on average every 10 minutes in Gaza, says WHO chief
You may also like these stories:
အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ
သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ
အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး
အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ
ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း