ရှမ်းမြောက်တိုက်ပွဲများကြောင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့ ရပ်ဆိုင်းသွားသဖြင့် သစ်သီးဝလံနှင့် ရေထွက်ကုန်တင်ပို့သူတို့ အခက်အခဲဖြစ်နေရာ တချို့သော ကုန်သည်များက ဖရဲသီးများကို လွယ်ဂျယ်နှင့် မိုင်းလား ကုန်သွယ်ရေးဇုန်တို့မှ တဆင့်တရုတ်ဈေးကွက်သို့ တင်ပို့ကြသည်။
နိုဝင်ဘာ ၁၂ရက်က ရှမ်းပြည် အရှေ့ပိုင်း မိုင်းလား အထူးဒေသ (၄) အခွန်ဦးစီးဌာနက တရုတ်နိုင်ငံ တာလော့ဂိတ်ကို ဖြတ်၍ သွင်းကုန် ထုတ်ကုန်များအပေါ် ကုန်စည်စည်းကြပ်ခွန် တဝက်လျော့ပေးမည်ဟု ထုတ်ပြန်ခဲ့သလို မန္တလေး- ဗန်းမော်- လွယ်ဂျယ် လမ်းကြောင်းမှတဆင့်လည်း အဆင်ပြေသလို ပို့ဆောင်နေကြောင်း သိရသည်။
မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး၊ မိုင်းလား နယ်စပ်ကုန်သွယ်ရေး၊ ကန်ပိုက်တီး နှင့်လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ရှိသည်။
ဖရဲ၊သခွား၊ ပြောင်း၊ ငရုတ် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ ကုန်သည်တဦးက “တရုတ်ဈေးကွက်ကို မူဆယ်က သွားမရတော့ မိုင်းလားတို့၊ လွယ်ဂျယ်တို့ဘက်ကနေ သွားနေတယ်။ မိုင်းလားဘက်ကသွားတဲ့ တချို့ဆို တရုတ်ပြည် ဘက်မှာ ရောင်းနေကြပြီ။ စရိတ်ကတော့ မူဆယ်လမ်းကြောင်းထက်စာရင် ပိုကုန်တာပေါ့။ မိုင်းလားတို့ လွယ်ဂျယ်တို့ကျ တော့ ဖရဲထွက်တဲ့ ဒေသတွေနဲ့ တော်တော်ဝေးတာ၊ အဲဒီအတွက် ကုန်ကျစရိတ်ရှိတယ်”ဟု ပြောသည်။
ယင်း ကုန်သွယ်ရေးလမ်းကြောင်းများမှ သွားရသည့်အတွက် ဖရဲသီးတကားလျှင် ကျပ်သိန်း ၁၀၀ခန့် ကုန်ကျစရိတ်ရှိ သော်လည်း တရုတ်ဈေးကွက်၌ ဖရဲသီးတတန်လျှင် တရုတ်ငွေ ယွမ် ၆ထောင်မှ ၆ထောင် ၅ရာခန့်အထိ ရသဖြင့် တောင်သူများအတွက် တွက်ချေကိုက်ကြောင်းသိရသည်။
လက်ရှိ ရာသီသည် ဖရဲသီးများ စတင်ထွက်ရှိသည့် ကာလဖြစ်ပြီး ယခုအချိန်တွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ရန်ကုန်တိုင်း လှည်းကူးဒေသ၊ မိထ္တီလာနှင့် သီပေါ အစရှိသည့် ဒေသများမှ ဖရဲသီးများ ထွက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖရဲ၊ သခွားများကို မိုင်းလား၊ လွယ်ဂျယ်ဘက်မှ တင်ပို့သလို ပြည်တွင်း ဈေးကွက်ဖြစ်သည့် ရန်ကုန်ဈေးကွက်တွင်လည်း ဖရဲသီးကားများမှာ တစီးလျှင် ကျပ်သိန်း ၅၀ မှ ၈၀ ဝန်းကျင်အထိ ဈေးရရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မူဆယ်လမ်း ကြောင်းတွင် ပိတ်မိခဲ့သည့် ဖရဲကားများမှာ ရက်ကြာ၍ အပျက်အစီးများ ရှိသဖြင့် ကားခသာ ပြန်လည် ရရှိသည့် အခြေအနေများလည်း ရှိကြောင်း ကုန်သည်များထံက သိရသည်။
တရုတ်ဘက်သို့ ဖရဲ၊သခွားတင်ပို့ရောင်းချသူ လုပ်ငန်းရှင် တဦးက “အခုကတော့ လွယ်ဂျယ် လမ်းဘက်က မနေ့က သွားတာတော့ ကုန်ကျစရိတ်က သုံးဆလောက် တက်သွားတယ်။ လမ်းကြောင်းအနေနဲ့ကလည်း ဝေးတယ်။ လမ်းအနေနဲ့ ၄ ရက်၊ ၅ ရက်၊ ၁ ပတ်လောက်ကြာမလားဆိုတာ သေချာတော့ ပြောလို့ မရဘူး။ လမ်းမှာလည်း ကျနော်တို့ ပေးရ ကမ်းရ တာတွေရှိတယ်။ ဒါပေမယ့် စိုက်ပျိုးမှုနဲ့ ကိုက်လားဆိုရင်တော့ တရုတ်ငွေဈေး နည်းနည်းတက်တာ ရှိတယ်။ ပြီးတော့ တရုတ်ဘက်ကလည်း အခုချိန် ဖရဲ ရာသီကုန်တော့ အဝယ်လိုက်တယ်။ အဲဒီတော့ စွန့်စားရဲရင်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ များကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပြတ်တောက်ပြီး နောက်ပြန်ခဲ့ရသည့် ဖရဲကားများမှာလည်း လမ်းတွင် ပိတ်မိနေသည့်ရက် ကြာသွားသောကြောင့် ကားအစီးလိုက် ဆုံးရှုံးခဲ့ရသည့် ကုန်သည်များရှိသလို အသီးဖိုးပင် ပြန်မရသည့် တောင်သူများလည်း ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အခုကတော့ လွယ်ဂျယ်တို့ မိုင်းလားတို့ဘက်ကို တင်ပို့ဖို့ လုပ်နေတယ်။ နောက်တပတ်လောက် ဆိုရင် ကျနော်တို့ ကားတွေ ထွက်မယ်။ ဒါက ဖရဲသီးကားပဲပေါ့။ အခုလမ်းကြောင်းအခြေအနေအရတော့ သခွားမွှေး သမား တော့ သိပ်မတက်ရဲဘူး။ ဆုံးရှုံးဖို့ များတယ်။ လမ်းကြောကလည်း သိပ်မသေချာတော့ စွန့်စားပြီး မလုပ်ရဲဘူးပေါ့။ ရက်ကြာတဲ့အတွက် ပယ်သီးတွေလည်း ထွက်တယ်။ ဒါပေမယ့် ဈေးက ဒီနေ့ ဆိုရင် ဖရဲ ၁ တန်ကို ယွမ် ၆၀၀၀ လောက်ပေါက်တယ်။ ဈေးတော့ ကောင်းတယ်”ဟု ပြောသည်။
လက်ရှိ ဖရဲပေါက်ဈေးအရ စိုက်ပျိုးထားသည့် တောင်သူများမှာ ဈေးကောင်းရနိုင်သော်လည်း လမ်းပန်း ဆက်သွယ်ရေးကို မျက်ခြေ မပြတ် စောင့်ကြည့်ပြီးမှသာ စိုက်ပျိုးရေးကို သတိထား လုပ်ကိုင်သင့်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းနှင့် မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းက သတိပေးထားသည်။
ထိုပြင် မူဆယ်လမ်းကြောင်း ပြတ်တောက်ပြီးနောက်ပိုင်း ဗန်းမော်-လွယ်ဂျယ်ဘက်သို့ တင်ပို့သည့် ဖရဲကားများမှာ လမ်းကြောင်းအနေအထားအရ ရက်ကြာရှည်သောကြောင့် ကား ၁ စီးလျှင် ပယ်သီး (စွန့်ပစ်သီး) ၁၂ တန်အထိရှိနေ သောကြောင့် အရည်အသွေးကောင်းသော ဖရဲသီးများကိုသာ လမ်းကြောင်းပြောင်း၍ တင်ပို့သင့်ကြောင်း မူဆယ် သစ်သီးပွဲရုံဖြစ်သည့် ခွာညိုသစ်သီးပွဲရုံက ပြောထားသည်။
စစ်ကိုင်းမြို့မှ ဖရဲစိုက် တောင်သူတဦးက “အခုချိန် စိုက်ထားတဲ့ တောင်သူ တွေကတော့ လမ်းပွင့်ရင်တော့ ရောက်တဲ့ အသီးက ဈေးက ကောင်းတယ်။ တိုက်ပွဲကြောင့် လမ်းမှာ ပိတ်မိတဲ့ သူတွေ တချို့ ရှုံးသူလည်း ရှုံးတယ်။ ပြန်လှည့်လို့ ရတဲ့သူက ပြည်တွင်းမှာ ပြန်ရောင်းတယ်။ အခုအချိန်ကတော့ ဆောင်းလည်း မဝင်သေးတော့ တအား အရှုံးကြီးတော့ မဟုတ်ဘူး။ ဈေးတော့ ပြန်ရတယ်။ ကျနော်လည်း မပေါ်သေးလို့။ ပေါ်ရင်တော့ မိုင်းလားတို့ လွယ်ဂျယ်တို့ဘက် တက် မှာပေါ့။ စွန့်စားတော့ ကြည့်ရမှာပဲ။ ဒါပေမယ့် လက်ရှိအခြေအနေအရတော့ ဆောင်းဖရဲ ပြန်စိုက်မယ့်သူတွေကတော့ လျော့ကျမှာပဲ။ ဈေးကွက်က ခန့်မှန်းရ ခက်တာကိုး”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသဖြင့် လာမည့် ဆောင်းဖရဲ စိုက်ပျိုးရာသီတွင် အခြေအနေ ကြည့်၍ စိုက်ပျိုးကြမည်ဖြစ်သောကြောင့် စိုက်ပျိုးမှု လျော့ကျနိုင်ပြီး လက်ရှိတွင် မိုးဖရဲ (ဒုံးကျည်သီး) ၁ ဧက လျှင် စိုက်စရိတ်ကျပ် ၇ သိန်း ဝန်းကျင်နှင့် အရည်အသွေးမြင့်သည့် ဖရဲ (855 မျိုး) ၁ ဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၁၀ သိန်းမှ သိန်း ၄၀-၅၀ခန့်အထိ ကုန်ကျမှုရှိကြောင်း ဖရဲစိုက်တောင်သူများထံက သိရသည်။
နှစ်စဉ် အောက်တိုဘာမှ စကာ တရုတ်သို့ ဖရဲနှင့် သခွားများ တင်ပို့လေ့ရှိပြီး လှိုင်လှိုင်ပေါ်သည့် ရာသီချိန်မျိုး တွင် မူဆယ် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်သည့် အရေအတွက်မှာ နေ့စဉ် ကားအစီးရေ ၁၀၀ မှ ၁၅၀ အထိရှိပြီး ယခင် အာဏာ မသိမ်းခင်က နှစ်စဉ် ပြည်တွင်းမှ ဖရဲသီး တန်ချိန် ၈ သိန်းခန့်ထွက်ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖရဲ တန်ချိန် ၈ သိန်းကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး ရရှိခဲ့သည်။ ကိုဗစ်ဖြစ်ပွားချိန်နှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖရဲ စိုက်ပျိုး ထုတ်လုပ်မှုမှာလည်း လျော့ကျခဲ့ရကြောင်း ကုန်သည်များထံက သိရသည်။
You may also like these stories:
တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်သဖြင့် စိုက်ပျိုးရေးပို့ကုန် အခက်ကြုံ
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း