ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို ကရင်နီပူးပေါင်းတပ်များ ဝိုင်းပတ်တိုက်ခိုက်နေရာ တက္ကသိုလ်တဝိုက် တိုက်ပွဲ များ ပြင်းထန်နေပြီး ယနေ့နံနက်ပိုင်းက တိုက်လေယာဉ်တစီးဖြင့် မြို့ပေါ်သို့ ၆ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက် “၁၁၁၁ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ အရပ်သားများ ပိတ်မိနေသလို
လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးမှုလည်း မြင့်တက်နေသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group- KHRG) ၏ ယနေ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရပ်ကွက်များသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်၍ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အလောင်းမကောက်နိုင်သေးသူ ၃ ဦး စုစုပေါင်း အရပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး၍ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း ၁၅ ဦးခန့် ဒဏ်ရာရရှိထားကြောင်း၊ အဆိုပါ ကိန်းဂဏန်းများမှာ KHRG ၏ လတ်တလောရရှိထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဝင်တဦးက “အခုချိန်ထိတော့ လက်နက်ကြီးရော လေယာဉ်ရော တောက်လျှောက် သုံးနေ တယ်။ လွိုင်ကော်နဲ့ မိုးဗြဲဘက်မှာပေါ့။ တိုက်ပွဲကြား ပြည်သူတွေ ပိတ်မိနေတာတွေလည်း အများကြီးပဲ” ဟု ပြော သည်။
လက်ရှိ လွိုင်ကော်မြို့နှင့်အနီးတဝိုက် ပစ်ခတ်မှုများကြောင့် ပြည်သူများ အိမ်မှအပြင် မထွက်ရဲကြသလို မြို့ပြင်သို့ တိမ်းရှောင်ရန်လည်း စစ်တပ်မှ ထွက်ခွင့်ပိတ်ထားကြောင်း ဒေသခံတချို့က ပြောသည်။
လွိုင်ကော်မြို့ခံတဦးက “၁၁ ရက်နေ့ မနက်စော ၄ နာရီခွဲထဲက ပစ်တာ ၃ ရက်ဆက်တိုက်ဖြစ်နေပြီ။ မြို့ပေါ်မှာ ဓာတ်ဆီ တောင် ပြတ်တော့မယ်။ လမ်းတွေက ဒီးမော့ဆိုသွားတဲ့လမ်း ပိတ်ထားတယ်။ လွိုင်ကော်- ပင်လောင်း – အောင်ပန်း လမ်းလည်း ပိတ်ထားတယ်။ လွိုင်ကော် -လွယ်လင်လမ်းလည်း ပိတ်ထားတယ်။ ဆီဆိုင်- တောင်ကြီးလမ်းလည်း ပိတ် ထားတယ်။ တချို့ကတော့ ထွက်ချင်ပေမယ့် ထွက်လို့မရဘူး။ ပေးမထွက်ဘူး။ မြို့ပေါ်ကလူတွေကတော့ အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲကြဘူး။ တချို့ ဈေးဝယ်တဲ့အချိန် တချက်လောက်ပဲ ထွက်ကြတယ်” ဟု ပြောသည်။
ယနေ့ စစ်ကောင်စီ၏ လေယာဉ်ကို ကရင်နီပူပေါင်းတပ်များက လေယာဉ်ပစ်စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သလို စစ်ကောင်စီဘက်ကလည်း လွိုင်ကော်အမြောက်တပ်နှင့် အမှတ် ၅၄ တပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ပေး ကြောင်း သိရသည်။
တိုက်ပွဲဝင်နေသည့် ကရင်နီတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက ဆက်ပြီး ပြင်းထန်ဖို့ရှိမှာပေါ့။ အဓိက ကတော့ ပြည်သူလုံခြုံ ဖို့၊ မထိခိုက်ဖို့ အဓိကပေါ့။ အဲဒီတော့ ကိုယ့်အိမ်ထဲမှာကိုယ်နေပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပေးပါ။ သတင်းပေး သင့်တာကို ပေးပါ။ ဒီဘက်က ထုတ်တဲ့ ထုတ်ပြန်ချက်တွေကို အချိန်နဲ့တပြေးညီစောင့်ပြီး လိုက်နာပူးပေါင်းဆောင်ရွက် ဖို့ ပြောချင်တယ်” ဟု ပြောသည်။
လွိုင်ကော်မြို့တိုက်ပွဲများကြောင့် ပိတ်မိနေသူများကို အသင်းအဖွဲ့များက ကယ်ဆယ်ကူညီရေးများ လုပ်ဆောင်နေပြီး ပိတ်မိနေသူဦးရေမှာ ရာနှင့်ချီရှိနိုင်ကြောင်း ကယ်ဆယ်ရေးအသင်းများထံက သိရသည်။
ကယ်ဆယ်ရေး ပြုလုပ်နေသူတဦးက “မနေ့ကတော့ အထဲမှာ ကျနော်တို့အဖွဲ့တွေ ရောက်နေပြီ။ ကျန်နေတဲ့ စစ်ရှောင် တွေကို ထုတ်ဖို့ ကြိုးစားနေတယ်။ တချို့တွေက ဆက်သွယ်လာတယ်။ ဒါပေမယ့် ကျနော်တို့ထုတ်လို့ မရတာတွေ ရှိတယ်။ မနေ့ကဆိုလည်း စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးက ပြည်သူ ၂ ယောက်ထိသွားတယ်။ ကျနော်တို့ ဆွဲထုတ်မရဘူး။ ၁ ယောက်ပဲ ရတယ်။ ကျနော်တို့ကို ကယ်ဆယ်ပေးဖို့ ခေါ်တဲ့ဖုန်းတွေလည်း အများကြီး ဝင်ထားတယ်။ ကျနော်တို့ ရသလောက် ကယ်ထုတ်နေပါတယ်” ဟု ပြောသည်။
လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို ကယ်ဆယ်ပေးနေသည့် ပရဟိတအသင်းများ၏ ယာဉ်များကို လည်း လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
လွိုင်ကော်ဒေသခံတဦးက “နိုဝင်ဘာ ၁၂ ရက်နေ့က ပြည်သူတွေ လက်နက်ကြီးမှန်လို့ သွားပြီးတော့ ကယ်တဲ့ကား တွေ ကို ဒကစထဲ မှာ ဖမ်းထားတယ်။ လောလောဆယ်တော့ ရွှေလွိုင်ကော်ကားတွေပဲ သိသေးတယ်။ ကျန်တဲ့ဘယ် အဖွဲ့တွေ က ကားတွေ ပါသွားလဲဆိုတာတော့ မသိသေးဘူး။ အနည်းဆုံးတော့ ၆ စီး ဝန်းကျင်လောက်ရှိမယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ လွိုင်ကော်မြို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင် ကော် တက္ကသိုလ်အား ကရင်နီပူးပေါင်းတပ်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ပညာ ရေးဝန်ထမ်းနှင့် ကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သည့်အတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကယ်ဆယ်ကာ ၎င်းတို့အား ဘေးကင်းရာနေရာသို့ ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။
လတ်တလောတွင် သံဃာတော်တပါးအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား ကြောင်းလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ
စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်