ကယားပြည်နယ် လွိုင်ကော်မြို့တွင်း တိုက်ပွဲကြားမှ ထွက်ပြေးတိမ်းရှောင်လာသည့် ထေးဌားလျား ၊ ဒေါဥခူရပ်ကွက်အနီးရှိ စစ်ရှောင်များကို စစ်ကောင်စီတပ်မှ ဒရုန်းများဖြင့် ကင်းထောက်၍ လေယာဉ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ကား ၅ စီးခန့် ထိခိုက်ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဒုဌာနမှူး မမော်ရိရီက ပြောသည်။
၎င်းက “မနက်စောစော တိုက်ပွဲ မရှိတဲ့အချိန် သူတို့ဘာသာ ကားတွေနဲ့ ကျမတို့ရှိတဲ့ နေရာထိ ထွက်လာကြတာတွေ ရှိတယ်။ ကားတွေ၊ ဆိုင်ကယ်တွေက အရမ်းများတဲ့အတွက် ဒရုန်းတွေနဲ့ လိုက်ထောက်နေပြီး လေယာဉ်နဲ့ လာကြဲနေတာ တွေရှိတယ်။ စစ်ဘေးရှောင်တွေ ထွက်လာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ လိုက်ပစ်နေတဲ့အနေအထား ဖြစ်နေတယ်၊ လတ်တလောတော့ ထိခိုက်မှု မရှိသေးဘူး” ဟု ပြောသည်။
သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ကား ၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးလာသူများ ရှိသလို ကယ်ဆယ်ရေးအဖွဲ့များ၏ ပို့ဆောင်ပေးမှုကြောင့် တိမ်းရှောင်လာသူများလည်း ရှိကြောင်း သိရသည်။
စစ်ရှောင်တဦးက “လက်ရှိ သူတို့က တိုက်လေယာဉ်ရော၊ လက်နက်ကြီးရောက မနားဘူး။ တစီးပြန်သွားလိုက် တစီးပြန် လာလိုက်ပဲ။ လက်ရှိထိ မနားသေးဘူး။ လက်နက်ကြီးကလည်း ပစ်နေတယ်”ဟု ပြောသည်။
လက်ရှိအချိန်ထိ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည့် စစ်ရှောင်ဦးရေ ၂သောင်းဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး အခြေခံ စားသောက်ကုန်မှအစ နေရာထိုင်ခင်းလိုအပ်ချက်များလည်း များပြားနေကြောင်း ကူညီကယ်ဆယ်ရေး ပြုလုပ်နေ သည့်အဖွဲ့များထံမှ သိရသည်။
မမော်ရိရီက “ကျမတို့အဖွဲ့တွေက တောက်လျှောက်ထုတ်ပေးနေတယ်။ အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ရှိနေ တဲ့နေရာတွေကို သတင်းပေါက်ကြားသွားမလား။ လေယာဉ်နဲ့ လာကြဲသွားမလားဆိုတာ အရမ်းစိုးရိမ်တယ်။ ပြည်သူ တွေ အနေနဲ့ နားစွင့်နေစေချင်တယ်။ အချင်းချင်း ချိတ်ဆက်ထားစေချင်တယ်။ ကျမတို့ရှိတဲ့နေရာထိ ထွက်လာပြီးမှ လုံခြုံတဲ့ နေရာကို ပို့ပေးဖို့ အဆင်ပြေနိုင်မယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ အရပ်သားများ ပိတ်မိနေသလို လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။
ကရင်နီ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက “မြို့တွင်းမှာ ပိတ်မိနေတဲ့ ပြည်သူလူထုတွေ ကျနော်တို့ရဲ့ သတင်းအချက်အလက်တွေကို ရယူကြဖို့ ပြောချင်တယ်။ ဘေးကင်းရာကို အကောင်းဆုံးရွှေ့ပြောင်းဖို့ သတင်းစကားပါးလိုတယ်။ ဒီစစ်ဆင်ရေးက ဒီနားမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘဲနဲ့ ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သွားမယ်ဆိုတာ ပြောလိုပါတယ်” ဟု ပြောသည်။
လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသော တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF)ထံသို့ လက်နက်ချကြောင်း၊ ၎င်းတို့မှာ “၁၁.၁၁ စစ်ဆင်ရေး” ၄ ရက်မြောက်နေ့တွင် အပြီးသတ် ချေမှုန်းခဲ့ သည့် ပဲခူးတိုင်း အနောက်ခြမ်း အုတ်ဖိုမြို့နယ် တိမ်ညွန့်ရွာ အခြေစိုက် ခမရ ၆ နှင့် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအခြေစိုက် ခမရ ၄၂၅ တပ်ရင်းတို့မှ နောက်ဆုံးကျန်သည့် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
လွိုင်ကော်တက္ကသိုလ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး၊ ဒု-ရင်းမှူးများအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၊ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ် များက ကယ်ထုတ်ပေးခဲ့သည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အား သတ်လိုက်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေသော်လည်း ပါမောက္ခချုပ်အပါအဝင် Non-CDM ဝန်ထမ်းများအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNDF ဥက္ကဌ ခွန်းဘီးထူးက ပြောသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၊ ပြည်ထဲရေးဌာနအနေဖြင့် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲ ရေးဌာန၏ စီမံ ကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် Non-CDM များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးသားပြုစုထားသည့် CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုးကား၍ သော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍သော်လည်းကောင်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်သည်။
You may also like these stories:
လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ
နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်
ရှမ်း-ကယား နယ်စပ်မှ ဒေသခံပြည်သူ ၃၀ ကျော် စစ်ကောင်စီသတ်ဖြတ်
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ