မြန်မာအကျပ်အတည်းနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်ရန် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တောင်းဆိုသည်။ ဒေသတွင်းမှ ကာကွယ်ရေးဝန်ကြီးများနှင့် အမေရိကန် ပင်တဂွန် အကြီးအကဲလည်း တက်ရောက်သည့် အစည်းအဝေးအတွင်း တွေ့ဆုံစဉ် ထိုသို့တောင်းဆိုခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် မြန်မာအကျပ်အတည်းမှသည် အစ္စရေးနှင့် ဟားမတ်စ်အကြား ပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်သြဇာ ကြီးထွားလာခြင်းအထိ ကျယ်ပြန့်သောကိစ္စများ လွှမ်းမိုးနေသည်။
ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကူညီရန် မွတ်စလင် အများစုရှိသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို ယခုအပတ်အတွင်း တောင်းဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆွေးနွေးပွဲ စတင်သောအခါ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုကလည်း ထိုသို့သော တောင်းဆိုမှုကိုပင် ထပ်မံတောင်းဆိုကာ အောက်တိုလာလ ၇ ရက်နေ့ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဟားမတ်စ်များကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် ပါလက်စတိုင်းပိုင်နက်မှ ဖြစ်ရပ်များအတွက် ဝမ်းနည်းကြောင်း ပြောသည်။
မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဟက်ဆန်ကလည်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုပြီး ကွာလာလမ်ပူသည် အကြမ်းဖက်မှု ပုံစံအားလုံးနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းအား ရှုတ်ချကြောင်း ပြောသည်။
“အသက်တွေ ထပ်မံသေဆုံးခြင်း၊ ဒုက္ခခံစားရခြင်းနဲ့ အဖျက်လုပ်ရပ်တွေ ရပ်သင့်ပြီး သက်ဆိုင်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ချုပ်တည်းပြီး တင်းမာမှု လျှောချသင့်တယ်” ဟု ၎င်းကပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်မှုတွင် အရပ်သားအများစုပါသည့် လူ ၁,၂၀၀ ခန့် သေဆုံးပြီး လူ ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဂါဇာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
နောက်ဆက်တွဲအနေဖြင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ကြောင့် အရပ်သားအများစုနှင့် ကလေးငယ် ထောင်ချီပါသည့် လူပေါင်း ၁၁,၃၂၀ ဦးသေဆုံးကြောင်း ဟားမတ်စ်က စီမံသည့် ဂါဇာမှ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
မညှိနှိုင်းရသေးဘဲ အင်ဒိုနီးရှားနိုင်ငံ၏ သဘောထားသာ ပါဝင်သေးသော ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက် မူကြမ်းတွင် “ရန်လိုမှုများ ချက်ချင်းရပ်ရန် အာဆီယံက တောင်းဆိုပြီး နှစ်ဖက်လုံးအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ၏ အရေးပါမှုကို လေးစားရန် တိုက်တွန်းသည်” ဟု ဖော်ပြထားသည်။
ထိုမူကြမ်းကို မထုတ်ပြန်မီ ပြန်လည် ညှိနှိုင်းပြင်ဆင်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှ သံတမန်တဦးက AFP သို့ ပြောသည်။
ပူးတွဲကြေညာချက် တစောင်တွင် အာဆီယံ ကာကွယ်ရေး အကြီးအကဲများက ရှမ်းပြည်မြောက်ပိုင်း၌ ရက်သတ္တပတ်များစွာ တိုက်ပွဲများဖြစ်နေသည့် မြန်မာမှသက်ဆိုင်သူအားလုံး အကြမ်းဖက်မှုရပ်ရန်နှင့် အတတ်နိုင်ဆုံး ချုပ်တည်းရန် တိုက်တွန်းသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သောကြောင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များကို အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံအဆင့်မြင့် အစည်းအဝေးများတွင် ပိတ်ပင်ထားသည်။
ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် မြန်မာစစ်ကောင်စီကို တောင်းဆိုမှုလည်း ထို ပူးတွဲ ကြေညာချက်တွင် ထပ်မံဖော်ပြသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာ လွိုက်အော်စတင်သည် ဝါရှင်တန်နှင့် ဘေဂျင်းတို့ သြဇာပြိုင်နေသည့် ဒေသတွင် ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများ မကျင်းပမီ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တွေ့ဆုံသည်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပိုမိုကျယ်ပြန့်သော အစည်းအဝေးတွင် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် ရုရှားမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်ခုမှ ခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီတို့ တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ဖရန်စစ္စကိုတွင် မတွေ့ဆုံမီ ယခု ဂျကာတာ ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်။
မစ္စတာ အော်စတင်သည် တရုတ်ကိုယ်စားလှယ်နှင့် ဂျကာတာဆွေးနွေးပွဲတွင် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ပင်တဂွန် စစ်ဌာနချုပ်က အတည်မပြုသေးပေ။ သူသည် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဆူဘီယန်တိုကို နှစ်နိုင်ငံဆွေးနွေးပွဲအတွက် တွေ့ဆုံမည်ဖြစ်သည်။
ကိုးကား ။ ။ AFP သတင်း ASEAN Defense Chiefs Call for End to Myanmar Crisis, Israel-Hamas War
You may also like these stories:
အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ
အာဆီယံ၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားတွင် ပြုလုပ်
မြန်မာ့အရေး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံ ပူးတွဲဖြေရှင်းမည်
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော