သမ္မတများအကြား အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းထားရန်၊ စစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည် စတင်ရန်နှင့် မူးယစ်ဆေးဝါးအဖြစ် အလွဲသုံးနိုင်သည့် ဖန်တနိုင်းဆေးဝါး ထုတ်လုပ်မှု ထိန်းချုပ်ရေး လုပ်ဆောင်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သဘောတူသောကြောင့် တနှစ်အတွင်း ၎င်းတို့ နှစ်ဦးအကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွင် သိသာသော တိုးတက်မှုရရှိကြောင်း ပြသနေသည်။
သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီတို့သည် အမေရိကန်-တရုတ် ဆက်ဆံရေးကို တင်းမာစေသော ကိစ္စများအား ဆွေးနွေးရန် ဆန်ဖရန်စစ္စကို မြို့စွန်တွင် လေးနာရီကြာ တွေ့ဆုံသည်။ သဘောထား ကွဲလွဲမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ထိုင်ဝမ်ကိစ္စတွင် သဘောထား ကွဲလွဲသည်။
ထူးခြားသော အောင်မြင်မှုမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ထိုင်ဝမ်သို့ ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပေလိုစီ သွားရောက်မှုအပြီး တရုတ်ဘက်က ဖြတ်တောက်ထားသည့် စစ်ဘက်ဆက်သွယ်ရေး ပြန်လည် စတင်ရန် နှစ်ဖက် အစိုးရများ သဘောတူခြင်း ဖြစ်သည်။
“ကျနော်တို့ တိုက်ရိုက်စနစ်နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးကို ပြန်ရောက်ပြီ” ဟု မစ္စတာ ဘိုင်ဒင်က ပြောသည်။
ထို့ပြင် သူနှင့် သမ္မတ ရှီတို့သည် အဆင့်မြင့် ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း သဘောတူကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။ “သူနဲ့ ကျနော်တို့ တိုက်ရိုက်ဖုန်းပြော ချက်ချင်း နားထောင်ဖို့ သဘောတူခဲ့တယ်” ဟု ၎င်းကပြောသည်။
သို့သော် တရုတ်ဘက်ကို ဒေါသထွက်စေမည့် မှတ်ချက်အနေဖြင့် သမ္မတ ဘိုင်ဒင်က သမ္မတ ရှီကျင့်ဖျင်သည် အာဏာရှင်ဖြစ်သည်ဆိုသည့် သူ၏အမြင် မပြောင်းလဲကြောင်း သတင်းထောက်များကို နောက်ပိုင်းတွင် ပြောသည်။
“သူဟာ ကွန်မြူနစ်နိုင်ငံတခုကို စီမံအုပ်ချုပ်တဲ့ လူတယောက်ဖြစ်တယ်ဆိုတဲ့ အမြင်အရ အာဏာရှင်တယောက် ဖြစ်တယ်” ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် ကွန်မြူနစ်ပါတီကို အဆိုးမြင်ခြင်းသည် မျှတမှု မရှိကြောင်း သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဘိုင်ဒင်ကို ပြောသည်ဟု အမေရိကန် အရာရှိတဦးက သတင်းထောက်များကို အစည်းအဝေး အပြီးတွင် ပြောသည်။
သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက သံသယရှိသည့် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန် ပြည်ထောင်စုတွင် တွေ့ရှိပြီး အမေရိကန် ဂျက်တိုက်လေယာဉ်က ပစ်ချပြီးနောက် ဆိုးရွားလာသော ဆက်ဆံရေး ခက်ခဲသည့်ကာလကို အဆင်ပြေ ချောမွေ့အောင် ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်သည်။
သမ္မတ ဘိုင်ဒင်က ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသားများ၊ ရှင်ကျန်း၊ တိဘက်နှင့် ဟောင်ကောင်မှ လူ့အခွင့်အရေး၊ တောင်တရုတ်ပင်လယ်မှ တရုတ်၏ ရန်လိုသော လုပ်ရပ်များ အပါအဝင် ဝါရှင်တန်က စိုးရိမ်သည့် နယ်ပယ်များကို ဆွေးနွေးသည်ဟု အိမ်ဖြူတော်က ပြောသည်။
“ဆွေးနွေးတာ သက်သက်ပဲ။ နားလည်မှု လွဲမှားတာ မရှိအောင် တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာပဲ” ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
စစ်ရေးနှင့် ထိုင်ဝမ်
အမေရိကန် ပြည်ထောင်စုနှင့် တရုတ် စစ်တပ်များသည် လွန်ခဲ့သောနှစ်အတွင်း ထိပ်တိုက်တွေ့လုနီးနီး ခါးသီးသော အပြန်အလှန် အခြေအနေများ ဖြစ်ခဲ့သည်။ ဆက်သွယ်ရေး ပြန်စတင်ရန် ကတိပြုခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မစ္စတာ လွိုက်အော်စတင်သည် သူ့ကို တွေ့ဆုံမည်ဖြစ်သည်ဟု အဆင့်မြင့် အမေရိကန် အရာရှိတဦးက ပြောသည်။
တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုတွင် မူးယစ်ဆေးလွန်သည့် အဓိက အကြောင်းရင်းဖြစ်သော အိုပွိုက် ဖန်တနိုင်း ထုတ်လုပ်မှုနှင့် ပတ်သက်သည့် တင်ပို့မှုများကို တရုတ်က တားဆီးရန် သမ္မတ ရှီက သဘောတူကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။ “အသက်တွေကို ကယ်နိုင်တော့မယ်” ဟု သမ္မတ ဘိုင်ဒင်က ပြောကြားပြီး ထိုကိစ္စနှင့် ပတ်သက်သည့် သမ္မတ ရှီ၏ ကတိကဝတ်ကို ကျေးဇူးတင်ကြောင်း ပြောသည်။
ထိုသဘောတူညီချက်အရ တရုတ်နိုင်ငံသည် ဖန်တနိုင်း ထုတ်လုပ်သည့် ပစ္စည်းများ ထုတ်လုပ်သော ဓာတုကုမ္ပဏီများကို အရေးယူမည်ဖြစ်သည်ဟု အဆင့်မြင့် အမေရိကန် အရာရှိတဦးက သတင်းထောက်များကို ပြောသည်။ မူးယစ်ဆေးနှင့် ပတ်သက်သည့် တရုတ်ဘက်က ဆောင်ရွက်ချက်များကို ယုံကြည်သော်လည်း စောင့်ကြည့် အတည်ပြုမည်ဟု ၎င်းကပြောသည်။
ဉာဏ်ရည်တု နည်းပညာ (AI) နှင့် ပတ်သက်သည့် အန္တရာယ်များကို ဆွေးနွေးရန် ကျွမ်းကျင်သူများ တွေ့ဆုံရေးကိုလည်း ခေါင်းဆောင် နှစ်ဦး သဘောတူကြသည်။
တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်သည့် ဒီမိုကရေစီ ကျွန်းဖြစ်သော ထိုင်ဝမ်ကိစ္စကိုလည်း ဆွေးနွေးသည်။ တရုတ်က ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းခြင်းကို လိုလားသည်ဟု သမ္မတ ရှီက သမ္မတ ဘိုင်ဒင်ကို ပြောသည်ဟု ထိုအမေရိကန် အရာရှိက ပြောသော်လည်း သမ္မတ ရှီက အင်အားအသုံးပြုနိုင်သည့် အခြေအနေများ ဆက်လက် ပြောသည်ဟု ဆိုသည်။
သမ္မတ ဘိုင်ဒင်က ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း တည်ငြိမ်ရေး လိုအပ်ချက်ကို အလေးထား ပြောဆိုသည်။ လက်ရှိ အခြေအနေအတိုင်း ဆက်လက်ထားရန်နှင့် ထိုင်ဝမ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို တရုတ်က လေးစားရန် သမ္မတ ဘိုင်ဒင်က ပြောသည်ဟု အထက်ပါ အမေရိကန် အရာရှိက ပြောသည်။
“သမ္မတ ရှီက ငြိမ်းချမ်းရေးက ကောင်းမွန်ပါတယ်၊ ဒါပေမယ့် တချိန်ချိန်မှာ ပိုမို ယေဘုယျကျတဲ့ အဖြေရှာဖို့ လိုအပ်တယ်” ဟုပြောကြောင်း ထိုအရာရှိက ပြောသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်သို့ လက်နက်များ ပေးပို့ခြင်း ရပ်ဆိုင်းရန်နှင့် တရုတ်၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းခြင်းကို ထောက်ခံရန် သမ္မတ ရှီက တိုက်တွန်းသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
အမေရိကန် ပြည်ထောင်စုရှိ German Marshall Fund မှ ထိုင်ဝမ်ရေးရာကျွမ်းကျင်သူ မစ္စ ဘိုနီ ဂလက်စာက သမ္မတ ရှီသည် ထိုင်ဝမ်နှင့် ပတ်သက်ပြီး ခြိမ်းခြောက်မှုနှင့် အာမခံမှု နှစ်မျိုးလုံး ဖော်ပြခြင်း ဖြစ်ပုံရသည်ဟု ပြောသည်။
“လာမယ့်နှစ်တွေအတွင်း ထိုင်ဝမ်ကို စစ်ရေး အရေးယူမှု အစီအစဉ် မရှိဘူးလို့ သူအလေးထား ပြောပေမယ့် ကာလတိုအတွင်း ဖြေရင်းမှုတခု တွေ့ဖို့ လိုတယ်ဆိုတဲ့ ပြောဆိုချက်က စိတ်ပူစရာ လက္ခဏာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဂါဇာတွင် အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်နေစဉ် အီရန်အနေဖြင့် အရှေ့အလယ်ပိုင်းမှ အမေရိကန် ပစ်မှတ်များကို လက်ဝေခံများ တိုက်ခိုက်ရန် စေခိုင်းမှု ရပ်ဆိုင်းရေး တရုတ်အနေဖြင့် အီရန်အပေါ် သြဇာသုံးရန် သမ္မတ ရှီကို တိုက်တွန်းခဲ့ကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။
လေးစားမှုနှင့် နွေးထွေးမှု
သမ္မတ ဘိုင်ဒင်က တရုတ်ခေါင်းဆောင်ကို ဆန်ဖရန်စစ္စကို တောင်ဘက် မိုင် ၃၀ အကွာမှ ကောင်းစွာ ပြုစုစောင့်ရှောက်ထားသည့် ဥယျာဉ်များရှိသည့် ကျေးလက်စံအိမ်ဖြစ်သော ဖီလိုလီ စံအိမ်တွင် ကြိုဆိုပြီးနောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) သို့ ဆက်လက် သွားရောက်ကြသည်။
တရုတ်စီးပွားရေးမှာ နှိုင်းယှဉ်ချက်အားဖြင့် အားနည်းနေပြီး ဘေဂျင်းနှင့် အိမ်နီးချင်းများ နယ်နိမိတ် အငြင်းပွားနေကာ အမေရိကန် နှင့် မဟာမိတ်များ သဘောထား ကွဲစေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားနေစဉ် APEC အစည်းအဝေး ကျင်းပခြင်း ဖြစ်သည်။
တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းမှ နာလန်ထရန် ကြိုးစားနေချိန်တွင် သမ္မတ ရှီသည် အမေရိကန် ပြည်ထောင်စုထံမှ အလေးထားမှုရရန် ယခုအစည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်သည်။
တွေ့ဆုံရန် တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် သမ္မတ ဘိုင်ဒင်က နွေးနွေးကြိုဆိုမှုဖြင့် ဆက်ဆံသည်။ အစည်းအဝေးအပြီး ခေါင်းဆောင်နှစ်ဦး လက်များ ဆုပ်ကိုင်နှုတ်ဆက်သည့် ဗီဒီယိုကို လူမှုကွန်ရက် X တွင် ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။
ခမ်းနားသော အစည်းအဝေးခန်းမ စားပွဲရှည်တွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တွေ့ဆုံသောအခါ “ကမ္ဘာဟာ နှစ်နိုင်ငံလုံး အောင်မြင်ဖို့ လုံလုံလောက်လောက် ကျယ်ပြန့်တယ်” ဟု သမ္မတ ရှီက သမ္မတ ဘိုင်ဒင်ကို ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ယှဉ်ပြိုင်မှုမှ ပဋိပက္ခသို့ လမ်းချော် မသွားရန်နှင့် ဆက်ဆံရေးကို တာဝန်သိသိ စီမံရန် လုပ်ရမည်ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
လေးနာရီကြာ တွေ့ဆုံဆွေးနွေးကာ နေ့လယ်စာ စားပြီးနောက် ခေါင်းဆောင်များသည် စံအိမ်မှ အထူးစောင့်ရှောက်ထားသည့် ဥယျာဉ်အတွင်း လမ်းအနည်းငယ်လျှောက်သည်။ ဆွေးနွေးပွဲများ အခြေအနေကို မေးသောအခါ သမ္မတ ဘိုင်ဒင်က သတင်းထောက်များကို လက်မ နှစ်ချောင်းထောင်ပြပြီး “ကောင်းမွန်တယ်” ဟု ပြောသည်။
၎င်းတို့ ဆွေးနွေးပွဲ စတင်သောအခါ သမ္မတ ရှီက ကိုဗစ်နိုင်တင်း ကပ်ရောဂါ ရိုက်ခတ်ချက်များကို ကိုးကားပြီး အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့အရေးအကြီးဆုံး နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်ကြောင်းပြောကာ လွန်ခဲ့သောတနှစ်က ဘာလီတွင် တွေ့ဆုံပြီးနောက်ပိုင်း အဖြစ်အပျက်များစွာ ဖြစ်ခဲ့ကြောင်း သမ္မတ ရှီက သမ္မတ ဘိုင်ဒင်ကို ပြောသည်။
“တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီးနှစ်ခု တခုနဲ့ တခု ကျောခိုင်းနေတာ ရွေးချယ်စရာ မဟုတ်ဘူး” ဟု သူကပြောပြီး “တဖက်က တဖက်ကို ပြန်လည် ပုံသွင်းတာလည်း လက်တွေ့မကျဘူး” ဟု ဆက်ပြောသည်။
၎င်းတို့နှစ်ဦး တွေ့ဆုံပြီးနောက် သမ္မတ ဘိုင်ဒင်သည် ဆန်ဖရန်စစ္စကိုတွင် APEC သို့ လာသည့် ကမ္ဘာ့ ခေါင်းဆောင်များကို ကြိုဆိုသည်။ ထိုမြို့တွင် တရုတ်နွယ်ဖွား အများအပြား ရှိသောကြောင့် သမ္မတ ရှီ၏ ထိုခရီးစဉ်သည် အိမ်အပြန်ခရီးဖြစ်သည်ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Biden, Xi’s ‘blunt’ talks yield deals on military, fentanyl
You may also like these stories:
ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး
တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ