ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို အာဏာသိမ်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ၏ စာကျက်ဝိုင်းကို ထိမှန်ခဲ့ပြီး ကလေးငယ်များ အပါအဝင် အရပ်သား ၁၁ ဦးသေဆုံးခဲ့ကြရသည်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှူး ဆလိုင်းသာခေါင်းက “ဝေလူးကျေးရွာက မင်းတပ်၊ ကန်ပက်လက်နဲ့ ပလပ်ဝမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်တယ်။ အရင်က တခါမှ စစ်ကြောင်းမရှိတဲ့နေရာ ဖြစ်တယ်။ ဘာရည် ရွယ်ချက်နဲ့ ပစ်တယ်လို့ ကျနော်တို့ မသိသေးဘူး။ ဘာလို့လဲဆိုတော့ ဒီပတ်ဝန်းကျင်က တခါမှ တိုက်ပွဲလည်း မဖြစ်ဖူး တော့လေ။ ကလေးတွေ စာကျက်ဝိုင်းထဲ ဘာကြောင့် ပစ်ခတ်တိုက်ခိုက်လဲဆိုတာ ကျနော်တို့ ဖုန်းလိုင်းအခြေအနေကြောင့် အတိအကျတော့ မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် မလီလီမိုး၊ ၇ နှစ်အရွယ် မဇွန်လီစန်း၊ မောင်ဉာဏ်ဝင်း အောင်၊ မောင်ဘွေကုန်းထန်၊ ၉ နှစ်အရွယ် မောင်ကီနွန်၊ ၁၁ နှစ်အရွယ် မောင်ထန်ဟုန်း၊ မခိုင်ဇသင်နှင့် ၁၂ နှစ်အရွယ် မောင်ရှာမွေလ စသည့် ၈ ဦး အပါအဝင် CDM ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးကာ၊ အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရ (စိုးရိမ်ရ) ပြီး ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း မတူပီမြိုနယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မင်းတပ်၊ ကန်ပက်လက်၊ မတူပီ အစရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
ဝေလူးကျေးရွာသည် အိမ်ထောင်စုပေါင်း ၉၃ စု၊ နေအိမ် ၉၀ နီးပါးရှိသည့် ကျေးရွာတခုဖြစ်ပြီး စစ်ကောင်စီက ဂျက် ဖိုက်တာ ၂ စီး အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ဖြတ်တောက် ခံထားရကြောင်း သိရသည်။
ချင်းအမျိုးသားတပ်မတော် (CNA / CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန် သွယ်ရေး ရိဒ်ခေါ်ဒါရ် သိမ်းပြီးတဲ့နောက်ပိုင်း အခု နှစ်ရက်၊ သုံးရက်ကတော့ စစ်ရေး ငြိမ်နေတယ်။ ဒီလ ၁၅ ရက်နေ့ ည ၇ နာရီခန့်မှာ လေကြောင်း တိုက်ခိုက်မှုလုပ်တော့ ကျောင်းဆောင်တွေ၊ ဘုရားကျောင်း အဆောက်အဦ၊ လူနေအိမ်တွေ ပျက်စီးမှုနဲ့ အပြစ်မဲ့ပြည်သူ ၁၁ ဦးခန့် သေဆုံးသွားရတယ်။ မိသားစု ၅ ဦးစလုံး သေဆုံးတဲ့အထဲ ပါသွားတာလည်း ရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “မြေပြင်က မလာနိုင်လို့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ လုပ်တိုင်းလည်း ကျနော်တို့ ကာကွယ်ရေးရဲဘော်တွေ အထိအခိုက် မရှိသလောက် ဖြစ်တယ်။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူကို ဦးတည်ပြီး တိုက်ခိုက်နေတာလို့ မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး လေကြောင်းရန်ကာကွယ်ရေးအတွက် တဖက်က အားမရှိတာ မလုပ်နိုင်သေးတာဖြစ်တဲ့အတွက်တော့ ပြည်သူကို နားလည်ပေးဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။
လက်ရှိမှာ ချင်းပြည်နယ်တွင် မိုးရွာနေ၍ လေကြောင်း ထပ်မလာခြင်း မရှိသေးဘဲ ငြိမ်နေသည့် အနေအထား ရှိကြောင်း ၎င်းက ဆိုသည်။
လတ်တလောသတင်းများအရ ကချင်ပြည်နယ်ပြီးပါက ချင်းပြည်နယ်သို့ စစ်ကောင်စီ တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သိထားပြီး မြေပြင်မှ မလာနိုင်သောကြောင့် လေကြောင်းဖြင့် တိုက်ခိုက်မှုများကို စစ်ကောင်စီက ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။
အဆိုပါ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ နိုဝင်ဘာ ၁၂ ရက်ညပိုင်းမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ပြည်သူထောင်နှင့်ချီ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးနေရကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေစဉ်နှင့် ရိဒ်ခေါ်ဒါရ်မြို့ရှိစစ်ကောင်စီစခန်းကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များ သိမ်းဆည်းပြီးနောက်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၆ သောင်းကျော် ရှိသည်ဟု ချင်းရေးရာအဖွဲ့ချုပ်ထံမှ သိရသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပင် ပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကောင်စီလုပ်ရပ်များကို စစ်ခုံရုံးသို့ တင်နိုင်ရန်နှင့် အပြစ်မဲ့ သေဆုံးခဲ့ရသော ပြည်သူများအတွက် တရားမျှတမှုရရှိရေး သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တိုင်ကြားစာများကို အချက်အလက်နှင့်တကွ ပေးပို့ရန် လုပ်ဆောင်နေကြောင်း ယင်းအဖွဲ့မှ သိရသည်။
ထို့အတူ မတူပီ CDF ကလည်း သေဆုံးသွားသည့် အရပ်သားပြည်သူများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
You may also like these stories:
ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ