မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကြောင့် တိုက်ပွဲဧရိယာအတွင်းနှင့် အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းရန်၊ ဗုံးခိုကျင်းများ တူးထားကြရန် မတ္တရာမျိုးမှန် တပ်ဖွဲ့က သတိပေးနှိုးဆော်ထားသည်။
နိုဝင်ဘာ ၁၃ ရက်က စ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)နှင့် ဒေသခံ ကာကွယ်ရေးများ ပူးပေါင်း၍ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” အစိတ်အပိုင်းအဖြစ် “တောင်သမန် စစ်ဆင်ရေး” ကို မတ္တရာမြို့နယ်အရှေ့ခြမ်း ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
မတ္တရာမျိုးမှန် တပ်ဖွဲ့မှကိုဒေါင်းလမ်းက “ပြည်သူတွေ စစ်ယာဉ်တန်းတွေနဲ့ အနီးကပ်မနေဖို့နဲ့ တိုက်ပွဲနယ်မြေတွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အကြံပေးချင်ပါတယ်။ အခုလိုပြောရတာက လက်ရှိတိုက်ပွဲသည် အရင် တိုက် ပွဲ ပုံစံမျိုး မဟုတ် တော့ဘဲ ပြင်းထန်တာကြောင့်ပါ။ စားဝတ်နေရေး ခက်ခဲတယ်၊ လုံခြုံရေး စိတ်မချရဘူးဆိုရင် ကျနော် တို့ တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပြီး အကူအညီ တောင်းခံကြပါ၊ အတတ်နိုင်ဆုံး ကူညီပေးသွားပါမယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကြောင်းထိုးရာ လမ်းတလျောက်နေ ပြည်သူများ ဘေးလွတ်ရာ ကြိုတင်ရှောင်ရန်၊ ခရီးသွားများ စစ်ယာဉ် တန်းများနှင့် ဝေးရာသို့ အတတ်နိုင်ဆုံး ရှောင်ရှားမောင်းနှင်ရန်၊ ညနေ ၄ နာရီမှ နံနက် ၆နာရီအတွင်း အရေးပေါ် ကိစ္စမှလွဲ၍ ပြင်ပထွက်ခြင်းမပြုရန်နှင့် တိုက်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာသို့ အမြန်ရှောင်တိမ်းထွက်ခွာကြရန်နှင့် မသက်ဆိုင်သော ပစ္စည်းများတွေ့ပါက ကိုင်တွယ်ခြင်းမပြုရန် မတ္တရာ (ပကဖ)က နိုဝင်ဘာ ၁၆ရက်တွင် အသိပေး ထုတ် ပြန်ထားသည်။
ထိုနေ့မှာပင် မတ္တရာ- စဉ့်ကူးမြို့နယ်အစပ် ပတ်လည်အင်းကျေးရွာထိပ် ဘိုးတော်တောင်ခေါ် ယက္ကန်းစင် တောင်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် စစ်ကူပေးရန်လာသည့် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ် ရေးတပ်မှ မတ္တရာ-စဉ့်ကူးမြို့နယ်အစပ် အောင်ကန်သာကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို စီးနင်းကာ ဆိုင်ရှင်မိသားစု အပါအဝင် အရပ်သား ဒေသခံ ၁၁ ဦးကို ပစ်သတ်ခဲ့သည်။
ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများ အဆိုအရ ယနေ့ညနေပိုင်းတိုင် အသတ်ခံရသည့် အလောင်းများ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်းသိရသည်။
ကိုဒေါင်းလမ်းက “စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခံရတော့ စစ်ကူလာတဲ့အဖွဲ့တွေက အောင်ကန် သာရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ဝင်ပြီးတော့ ဆိုင်ရှင်လင်မယား ၂ ယောက်နဲ့ ဆိုင်မှာ စားသောက်နေကြတဲ့ ပြည်သူ ၁၁ ဦးကို အခုလို သတ်ဖြတ်သွားကြတာပဲ”ဟု ပြောသည်။
သတ်ဖြတ်ခံရသူများမှာ ရေနံ့သာ၊ အောင်ကန်သာ၊ ဥက္ကံ၊ ပတ်လည်အင်းကျေးရွာများမှ အရပ်သားပြည်သူများသာ ဖြစ် ပြီး အသက် ၁၈ နှစ်မှ ၅၀ ကျော်အရွယ်များဖြစ်ကြောင်း၊ ထိုနေ့ ညနေပိုင်းတွင် မန္တလေး-မိုးကုတ်ကားလမ်းပေါ် သွား လာနေသည့် ခရီးသွားပြည်သူများ၏ ကား၊ ဆိုင်ကယ်များနှင့် ဖုန်းများကိုပါ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သလို ပတ်လည် အင်းရွာကို စီးနင်းဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မတ္တရာဒေသခံတဦးက “အချို့ကို မှောက်ခိုင်း၊ အချို့ကို ဒူးထောက်ထိုင်ခိုင်းပြီးတော့ ခေါင်းတွေချည်း တေ့ပစ်သတ် သွားကြတာ၊ ဒီနေ့မနက်ပိုင်းထိ အလောင်းတွေကို ကောက်လို့ မရသေးဘူး။ ၁၁ လောင်းမှာ ၂ လောင်းပဲ ကောက်နိုင်ပြီး ကျန်တဲ့ ၉ လောင်းက ဒီအတိုင်းပဲ ရှိနေသေးတယ်။ အဲဒီဝန်းကျင်မှာ လက်ရှိအချိန်ထိ စစ်သားတွေ ရှိနေသေးတော့ ထပ်ပြီး ပစ်သတ်ခံရမှာ ကြောက်လို့ သွားမကောက်ရဲကြဘူး ဖြစ်နေကြတာ” ဟု ပြောသည်။
နိုဝင်ဘာ ၁၃ ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ပေါက်ကွဲခြင်း၊ လေကြောင်း ပစ်ခတ်ခြင်းများကြောင့် ကင်းကျေးရွာမှ ၇၈ နှစ်အရွယ် ဒေါ်အုန်း ကြည် ကျည်စထိမှန် ဒဏ်ရာရပြီး နိုဝင်ဘာ ၁၅ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ကင်းကျေးရွာသည် အိမ်ခြေ ၁ ထောင်ကျော်ရှိသော ကျေးရွာကြီးတရွာဖြစ်ကာ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အိမ်ခြေ ၂၀၀ နီးပါးခန့် မီးရှို့ဖျက်ဆီးခံရသလို ယခု နိုဝင်ဘာ ၁၆၊ ၁၇ ရက် ဆက်တိုက် နေအိမ်များအား မီးရှို့လျက်ရှိရာ အိမ်ခြေ ၇၀၀ လောက်ထိ မီးလောင်ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ၃ ရက်တာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် အကြိမ် ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပြန်ဆုတ်ခွာသွားခဲ့ရပြီး တိုက်ပွဲများတွင် လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသည်ဟု မန္တလေး PDF စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထား သည်။
ယခုအခါ မတ္တရာအရှေ့ခြမ်းရှိ ထုံးဘို၊ တောင်ကန်၊ ကင်း၊ အောင်ချမ်းသာ၊ မန်ကျီးကုန်း၊ မြောင်းဦး၊ လက်ဝဲကြီး၊ ကျောက်တံတား စသည့် ကျေးရွာ ၈ ရွာခန့်မှ လူဦးရေ ၈ ထောင်ကျော် စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် စားနပ် ရိက္ခာနှင့် တဲထိုးနေထိုင်ရန်အတွက် မိုးကာများ၊ ဆေးဝါးများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
You may also like these stories:
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား