တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် တနိုင်ငံလုံးမှ စစ်စခန်းများကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ပြီး မြို့နယ်အချို့ကို ထိန်းချုပ်နေစဉ် တော်လှန်ရေး ပိုမိုလျှင်မြန်စွာ အောင်မြင်ရေး မြို့ကြီးများကို ခုခံတော်လှန်ရေအင်အားစုများ တိုက်ခိုက်စေရန် မြို့ပြများတွင် နေထိုင်သော စစ်အာဏာသိမ်းဆန့်ကျင်သူများက လိုလားနေသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် တိုင်းများနှင့် ပြည်နယ်များမှ လူငယ်များသည် PDFs များကို ဖွဲ့စည်းကြပြီး မြန်မာစစ်ကောင်စီတပ်များကို ပြန်လည်တိုက်ခိုက်ကြသည်။ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကဲ့သို့သော EAOs များက PDFs များကို အကူအညီများ ပေးကြသည်။
ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ လက်နက်ကိုင်အဖွဲ့အစည်းများကလည်း မြန်မာစစ်ကောင်စီတပ်များကို တိုက်ခိုက်ကြသည်။ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် AA တို့ပါဝင်သည့် တိုင်းရင်းသား ညီနောင်မဟာမိတ်များက စစ်ဆင်ရေး ၁၀၂၇ ကို စတင်ပြီး တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှ မြို့ ၆ မြို့ကို တိုက်ခိုက်သိမ်းပိုက်သည်။
မြို့ပြနေပြည်သူများက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပြီး မြန်မာစစ်တပ်စခန်းများကို EAOs များက သိမ်းပိုက်ခြင်းအတွက် အောင်ပွဲခံကြသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားပြည်နယ်များမှ စစ်စခန်းများကို သိမ်းပိုက်သောကြောင့် အားတက်မိကြောင်း ရန်ကုန် ဒေသခံ မသဇင် ပြောသည်။ မြန်မာစစ်တပ်ကို တိုက်ခိုက်မှုအား ရန်ကုန်အထိ တိုးချဲ့လာပါက လွန်စွာကောင်းကြောင်း သူ ဆက်ပြောသည်။
“စစ်ရဲ့ဆိုးကျိုးတွေကို ကျမတို့သိတယ်။ ဒါပေမယ့် တော်လှန်ရေး အောင်မြင်ချင်ရင် ဒါတွေကို ရင်ဆိုင်ရမှာပဲ” ဟု ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။
မြို့ပြပြည်သူများသည် ရုပ်ရှင်ရုံသို့ ပုံမှန်သွားရောက်ပြီး ညဘက်အပျော်အပါးနှစ်ခြိုက်နေချိန်တွင် ကျေးလက်ပြည်သူများသည် ၎င်းတို့၏ အသက်များကို စတေးကာ စစ်အာဏာရှင်ကို ပုန်ကန်နေကြောင်း သူပြောသည်။
“ကျေးလက်ပြည်သူတွေ ဘယ်လိုခံစားရတယ်ဆိုတာ မြို့ပြပြည်သူတွေ သိစေချင်တယ်။ တန်းတူညီမျှမှုကို ကျမ လိုချင်တယ်” ဟု သဇင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
ခုခံတော်လှန်ရေးထိုးစစ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ပျံ့နှံ့သွားပြီး ထိုဒေသတွင် KIA, AA နှင့် PDFs များသည် ခရိုင်အဆင့်ဖြစ်သော ကောလင်းကို နိုဝင်ဘာလ ၆ ရက်နေ့တွင်သိမ်းသည်။ အခြားနေရာများတွင်လည်း ထို ထိုးစစ်ကို ထောက်ခံသည့်အနေဖြင့် ကရင်နီခုခံတော်လှန်ရေး အင်အားစုများက ၁၁၁၁ စစ်ဆင်ရေးကို စတင်လိုက်ပြီး ကယားပြည် လွိုင်ကော်နှင့်မယ်ဆဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမှ စစ်ကောင်စခန်းများကို တိုက်ခိုက်သည်။
စစ်ကောင်စီကို တိုက်ခိုက်ရာတွင် မြို့ကြီးများပါဝင်လာပါက တော်လှန်ရေးသည် ပိုမိုအင်အားကောင်းလာမည် ဖြစ်ကြောင်း မန္တလေးတွင် နေထိုင်သူ ကိုမင်းလွင် ပြောသည်။
“ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေကို တိုက်ပွဲတွေ ပျံ့နှံ့စေချင်တယ်။ ဒါဆိုရင် ပြည်သူတွေ ပိုမို စိတ်အားတက်ကြွမယ်” ဟု ကိုမင်းလွင်က ဧရာဝတီသို့ ပြောသည်။
တရားမဝင် အာဏာသိမ်းပြီး တနိုင်ငံလုံးမှ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်သော မြန်မာစစ်တပ် ကျဆုံးနေသည်ကို မြင်ရသောအခါ ပြည်သူများ ပျော်နေသည်ဟု သူပြောသည်။
မည်သူမျှ စစ်ကို မလိုလားသော်လည်း မြို့ပြနေပြည်သူများသည် မြန်မာ့အကျပ်အတည်း အမြန်ဆုံး အဆုံးသတ်ရန် အရေးပါသော မြို့ကြီးများသို့ တိုက်ပွဲများပျံ့နှံလာသည်ကို မြင်လိုကြသည်။
စစ်ကို သူကြောက်သော်လည်း စစ်ကောင်စီဆန့်ကျင်ရေး စစ်ဆင်ရေးများ ပျံ့နှံ့စေလိုကြောင်း ရန်ကုန်တိုင်း စမ်းချောင်းတွင် နေထိုင်သူ ဦးဝင်းနိုင်ပြောသည်။ စစ်တပ်က အမြဲ နိုင်ရမည်ဆိုသည့် အခြေအနေကို သူမလိုလားကြောင်း ရှင်းပြသည်။
“ဒါက ရာသီဥတုပူလွန်းလို့ ဆိုင်ကလုန်းတိုက်ပါစေလို့ ဆုတောင်းရသလိုပဲ” ဟု ဦးဝင်းနိုင်က ဧရာဝတီသို့ ပြောသည်။
စစ်တပ်က မြန်မာမှာ အခွင့်ထူးခံဖြစ်ပြီး သမိုင်းတလျှောက် ပြည်သူတွေကို စိတ်တိုင်းကျ နှိပ်စက်ခဲ့သည် ဟုလည်း သူပြောသည်။
လက်ရှိအချိန် စစ်အုပ်ချုပ်ရေးအောက်တွင် မြို့ပြ ဒေသများမှ ပြည်သူများသည် လူမှုမလုံခြုံမှုနှင့် အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
မည်သည့်နေရာတွင်မျှ စစ်ပွဲကို မတွေ့ကြုံလိုကြောင်း ရန်ကုန် မြို့လယ် မြို့နယ်တခုတွင် နေထိုင်သည့် မဝသန် ပြောသည်။ သို့သော် အနာဂတ်မျိုးဆက်သစ် ကောင်းမွန်စွာ နေထိုင်ရေးအတွက် စစ်အာဏာစနစ်ကို အမြစ် ဖြတ်ရမည်ဖြစ်ကြောင်း သူပြောသည်။
“စစ်ဖြစ်လို့ကျမတို့ သေသွားရင်တောင် ကျန်ခဲ့တဲ့လူတွေ ငြိမ်းချမ်းရေး ရလိမ့်မယ်” ဟု ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေးနှင့် ၁၁၁၁ စစ်ဆင်ရေးတို့ လုပ်ဆောင်နေသည့် ဒေသများအပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်လည်း ဖြစ်ပွားနေသည်။ ထိုခုခံတော်လှန်ရေး ထိုးစစ်အတွင်း မြန်မာစစ်တပ်များ လက်နက်ချသည့်သတင်းများကို တိုင်းရင်းသားဒေသများတွင် အဆက်မပြတ် ကြားနေရသည်။
EAOs များသည် ကနဦးတွင် ၎င်းတို့ကို ထောက်ခံသည့် ပြည်သူလူထုရှိသည့် ၎င်းတို့ပိုင်နက်အတွင်းမှ မြို့များကို သိမ်းပိုက်သည်။ ထိုဒေသများသည် သေနင်္ဂဗျူဟာအရ အရေးမပါသော်လည်း အချိန်တိုအတွင်း တော်လှန်ရေးအောင်မြင်စေရေး ၎င်းတို့အပေါ် လူထုထောက်ခံမှုရှိသည့် ဒေသများသို့ ဦးစွာ သိမ်းယူခြင်းက သဘာဝကျသည်ဟု နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်ပြောသည်။
“နောက်ဆုံးကျတော့ ဒီလှုပ်ရှားမှုဟာ တနိုင်ငံလုံးကို ပျံ့နှံ့မယ်။ နောက်ဆုံးမှာ လှုပ်ရှားမှုတွေက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်လို မြို့ကြီးတွေကို ဝိုင်းလာမယ်။ ဒီမြို့ကြီးတွေဟာ တော်လှန်ရေးအတွက် အရေးပါတဲ့အချက်တွေဖြစ်လို့ အနာဂတ်မှာ ဒီမြို့ကြီးတွေဆီ တော်လှန်ရေး မုန်တိုင်း ရောက်လာမယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စစ်ကောင်စီသည် ယခုအချိန်တွင် အာဏာစွန့်လွှတ်ရပါက အသက်များစွာကို ကယ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် ဒေသခံတဦးပြောသည်။ ထိုသို့မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန် နိုင်ငံတဝှမ်း တော်လှန်ရေးအတွက် လိုအပ်ပါက ပြည်သူအားလုံးက အောင်မြင်သည်အထိ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း သူပြောသည်။
“တနိုင်ငံလုံး တော်လှန်ရေး အောင်မြင်မှုအတွက် ဒီမြို့ကြီးတွေကို တိုက်ပွဲတွေရောက်လာရင် ဒါကို လက်ခံရမှာပဲ” ဟု ဧရာဝတီသို့ သူပြောသည်။
ကုလသမဂ္ဂ၏ အဆိုအရ လွန်ခဲ့သော လအတွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ထိုးစစ်ဆင်သောကြောင့် ရှမ်း၊ ချင်း၊ ကယားနှင့် မွန် ပြည်နယ်များနှင့် စစ်ကိုင်းတိုင်းတို့တွင် လူ ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အဆိုးဆုံးအထိ ပြင်ဆင်ထားကြောင်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ ဒေသခံတဦးပြောသည်။
“ကျနော်တို့အဆင်သင့်ပြင်ပြီးစောင့်နေတယ်။ ဒါမှပဲတော်လှန်ရေး အမြန်အောင်လိမ့်မယ်” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Urban Residents Hope Resistance Offensive Will Spread to Cities ကို ဘာသာပြန်သည်။)
You may also like these stories:
ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း
လွိုင်ကော်တွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချ
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ