ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင်မြို့ ၌ ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၆၆ ဦးကို နယ်စပ်မှတဆင့် တရုတ် နိုင်ငံဘက်သို့ စစ်ကောင်စီက ယမန်နေ့ညပိုင်းက လွှဲပြောင်းပေးခဲ့သည်။
၎င်းတို့အနက် လူ ၁၆၀ ကျော်မှာ အောက်တိုဘာလကုန်ပိုင်းမှစ၍ လောက်ကိုင်ရှိ စစ်တပ်စခန်းတခု၌ ထိန်းသိမ်းခံထား ရပြီး စစ်တပ်အတွက် ကတုတ်ကျင်းနှင့် ဘန်ကာများ တူးဖော်ဆောက်လုပ်ပေးခဲ့ရကာ စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးချခံခဲ့ရသူများဖြစ်သည်။
ဒေသခံသတင်းအရင်းမြစ်တဦးက “သူတို့ကို လောက်ကိုင်နယ်စပ် တရုတ်ဘက်ကိုရွှေ့လိုက်တယ်၊ ဒီဘက်ကနေပြီးတော့ ထိုင်းသံရုံးနဲ့ တရုတ်အစိုးရ ပူးပေါင်းပြီး ထိုင်းကိုပြန်ပို့လိုက်ပြီ။ မနေ့က ညပိုင်းလောက်က ထိုင်းကို ပြန်ရောက်ကြလိမ့်မယ်” ဟု ပြောသည်။
ထိုင်းအခြေစိုက် သတင်းဌာနများကလည်း လောက်ကိုင်တွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၆၆ ဦးသည် တရုတ်နိုင်ငံမှ တဆင့် လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ဖော်ပြကြသည်။
ပြန်ရောက်လာသူများထဲမှ ၅ ဦးခန့်မှာ ကျန်းမာရေး မကောင်းသည့်အခြေအနေရှိပြီး ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသည်။
၎င်းတို့လွတ်မြောက်ရေးအတွက် ထိုင်းဒုရဲချုပ်ကိုယ်တိုင်မြန်မာနိုင်ငံလာရောက်ကာ စစ်ကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် တရုတ်မှတဆင့် ပြန်လည် လွှဲပြောင်းပေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်ကလည်း ပထမသုတ်အနေဖြင့် လောက်ကိုင်တွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်နယ်မြေမှတဆင့် ထိုင်းနိုင်ငံသို့ စစ်ကောင်စီက လွှဲပြောင်းပေး ခဲ့သည်။
ထိုင်းအာဏာပိုင်တို့က ပြန်လည်ရောက်ရှိလာသူများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လိမ့်မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေး ကူညီပေးခဲ့သူတဦးက ပြောသည်။
၎င်းက “ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေမှ တချို့က တကယ်လူကုန်ကူးခံရသူရှိသလို တချို့ တကယ်လုပ်ချင်လို့ သွားလုပ်တာလည်းရှိတယ်။ ဘယ်သူတွေက ကျူးလွန်ခံရသူ၊ ဘယ်သူက သွေးဆောင်ခေါ်ယူသူ၊ ငွေကြေးခဝါချမှု ကိစ္စတွေနဲ့ ပတ်သက်မှုရှိ မရှိစတာတွေ သူတို့ကို စစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့ရှိသေးတယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်ကောင်စီကလည်း အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်နေ့အထိ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက် နေထိုင်နေသည့် အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁,၀၁၇ ဦးအား နိုဝင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာမှတဆင့် သတင်းထုတ်ပြန်သည်။
သို့သော် လွှဲပြောင်းလိုက်သူများတွင် မည်သည့်နိုင်ငံသား၊ မည်မျှပါဝင်သည်ကို ဖော်ပြထားခြင်းမရှိပေ။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအခြေစိုက်ရာ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသားများသာမကဘဲ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုစသည့် နိုင်ငံသားအချို့လည်း ပိတ်မိနေကြောင်းလည်း သတင်းရင်းမြစ်များကပြောသည်။
စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ကလည်း လတ်တလော လောက်ကိုင်မြို့အတွင်း၌ နိုင်ငံခြားသားများ တရားမဝင် နေထိုင်မှုရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးလျက်ရှိပြီး၊ စစ်ဆေးချိန်၌ ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း စစ်ဆေးရေးအဖွဲ့များ ပြန်သွားချိန်တွင် နိုင်ငံခြားသားများ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းအား အချို့သောလုပ်ငန်းရှင်များ က လက်ခံလျက်ရှိနေကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လောက်ကိုင်မြို့ရှိ လုပ်ငန်းရှင်များ၊ ဟိုတယ်၊ မိုတယ်နှင့်ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသားများ အား လုံးဝလက်ခံခြင်း မပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သတိပေးထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကလည်း နိုဝင်ဘာ ၁၈ ရက်နေ့က လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်အန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်ကြရန်နှင့် အရပ်သားများ အနေဖြင့်လည်း စစ်ကောင်စီ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အဝေးတွင်နေထိုင်ကြရန်လည်း သတိပေးချက် ထုတ်ပြန်ထားသည်။
ထို့ပြင် လောက်ကိုင်မြို့အနီးတဝိုက်သည် စစ်မြေပြင်ဖြစ်သည့်အတွက် အရပ်သားများ မိမိသဘောဖြင့် နေရာ ရွှေ့ပြောင်းခြင်း မပြုကြရန်နှင့် သတိပေးချက်များအား အလေးထားလိုက်နာကြရန်လည်း MNDAA ကဆိုထားသည်။
MNDAA သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့သည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”တွင် အဓိက ပစ်မှတ်မြို့တခုဖြစ်ပြီး လက်ရှိတွင် မြို့အနီးအဝိုက် စစ်ရေးလှုပ်ရှားမှုနှင့် ပစ်ခတ်မှုများရှိနေသည်။
ထိုအခြေအနေတွင် လောက်ကိုင်မြို့မှ ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေကြသောကြောင့် မြန်မာ-တရုတ် နယ်စပ်မိုင်တိုင် ၁၂၅ အနီးနှင့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးတို့တွင် ဒုက္ခသည်စခန်းနှစ်ခုဖွင့်လှစ်ထားပြီး လူပေါင်းသောင်းနှင့်ချီ ခိုလှုံလျက်ရှိသည်။
လက်ရှိလောက်ကိုင်မြို့တွင် လျှပ်စစ်မီးနှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့်အပြင် စားသောက်ကုန်ဈေးနှုန်းများလည်း အဆမတန် ဈေးနှုန်းမြင့်တက်နေသည်။
You may also like these stories:
လောက်ကိုင်တွင် လူသားဒိုင်းအဖြစ်ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားများကို နေရာရွှေ့ပြောင်း
လောက်ကိုင်တွင် ထိုင်းနိုင်ငံသားများအား စစ်တပ်က လူသားဒိုင်းအဖြစ်ဆက်သုံးနေ
လောက်ကိုင်ရှေ့တန်းတွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး စစ်တပ်က လူသားဒိုင်းလုပ်ထား
“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်
၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်