ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတခုကို စီးနင်းတိုက်ခိုက်ချိန်မှာ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး ပြန်အတိုက်ခိုက်ခံခဲ့ရတယ်လို့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောပါတယ်။
နမ့်ခမ်းမြို့နဲ့ တမိုင်ခန့်အကွာမှာရှိတဲ့ (စခန်းသစ်) တပ်စခန်းကို TNLA တပ်တွေက နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ညပိုင်းမှာတော့ စခန်းသစ်တပ်စခန်းရဲ့ လုံခြုံရေး တပ်စခန်းကုန်း တခုကို သိမ်းနိုင်ခဲ့လို့ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့သလို မွန်းလွဲ ၂ နာရီခန့်မှာ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေက TNLA သိမ်းပိုက်ထားတဲ့ လုံခြုံရေး တပ်စခန်းထဲကို အဆိပ်ငွေ့ဗုံးတွေပစ်သွင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA ရဲ့ ပြန်ကြားရေးဌာနရုံးတာဝန်ရှိသူ ရဲမေတဦး က “စခန်းသစ်ကုန်းကို ကျမတို့ ရယူနေချိန်မှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးနဲ့ ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အဆိပ်ငွေ့ဗုံး အမျိုးအစားထဲကပဲ ဖြစ်ပါတယ်“ လို့ ဧရာဝတီကို ပြောပါတယ်။
TNLA က နိုဝင်ဘာ ၁၉ ရက်နေ့ထုတ်ပြန်ချက်မှာလည်း “နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ် လက်နက်ကြီးကုန်းအား TNLA ရယူစိုးမိုးထားစဉ် စစ်ကောင်စီသည် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ပြီး နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုလက်နက် အဆိပ်ငွေ့ဗုံးဖြင့် TNLA အား တိုက်ခိုက်ခဲ့ပါသည်” လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြုံတွေ့ခဲ့ရတဲ့ TNLA တပ်ဖွဲ့ဝင် ၉ ဦးဟာ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်းတွေကို ခံစားနေရတယ်လို့ TNLA ကျန်းမာရေး ဌာနက ပြောပါတယ်။
TNLA ကျန်းမာရေးဌာနက ဆရာဝန်တဦး က “ဘာထိခိုက်မူမှ မရှိဘဲနဲ့ အဲ့ဒီအငွေ့ကြောင့် ဒီလိုပုံစံတူတွေဖြစ်နေတယ်ဆိုတာ အဆိပ်ငွေ့ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ လူနာတွေကိုတော့ ဘယ်လို လက္ခဏာတွေ ဆက်ပြအုံးမလဲဆိုတာတွေကို စောင့်ကြည့် နေပါတယ်“ လို့ ဧရာဝတီကို ပြောပါတယ်။
အငွေ့ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ဆေးကုသမှုခံယူခဲ့ရတယ်ဆိုတဲ့ TNLA ရဲဘော်တွေအားလုံး သက်သာလာပြီလို့လည်း ဆရာဝန်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရှေ့တန်းမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တဦးက “ဗုံးကျတော့ အငွေ့တွေနဲ့ မှောင်သွားတာပဲ။ အနံ့က ညှော်အနံ့ရတယ်။ ကျနော်လည်း အဲ့နေရာမှာပဲ ခေါင်းတွေမူးပြီး လဲကျသွားတယ်။ ဆေးရုံပြန်ရောက်မှ သတိပြန်ရတယ်။ အခုတော့ အသက်ရှုကြပ်တာတော့ ခံစားနေရသေးတယ်“ လို့ ဧရာဝတီကို ပြောပါတယ်။
အခုလို အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်မှုဟာ ဒီတကြိမ်တည်းမဟုတ်ဘဲ နိုဝင်ဘာ ၄ ရက်နေ့ကလည်း လားရှိုးမြို့ နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို TNLA က တိုက်ခိုက်စဉ်မှာ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် တန်ပြန်ရှင်းလင်းတာကို တွေ့ရပါတယ်။
အခုလိုဖြစ်ရပ်မျိုးဟာ အဆိပ်ငွေ့ဗုံးကြောင့် ဖြစ်နိုင်သလို လက်ရှိတိုက်ပွဲတွေမှာ အာဏာသိမ်း စစ်တပ် သုံးနေတဲ့ ပေါက်ကွဲအားပြင်း ပေါင် ၁၀၀၀၊ ပေါင် ၅၀၀ အမျိုးအစား ဗုံးတွေနဲ့ တိုက်ခိုက်ခြင်းခံရရင်လည်း အသက်ရှုရခက်တဲ့ ဝေဒနာတွေ ခံစားရတတ်တယ်လို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။
သူက “ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေ သုံးလာရင် ပေါက်ကွဲအားပြင်းထန်တာကြောင့်မလို့ လေထုထဲမှာရှိတဲ့ အောက်စီဂျင်အကုန်လုံး လောင်ကျွမ်းသွားတယ်။ အောက်စီဂျင်အကုန်လုံးလောင်ကျွမ်းသွားတာကြောင့်မလို့ အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေဟာ အသက်ရှုကြပ်တာ၊ အသက်ရှုမဝတာ၊ အသက်ရှုမရတာတွေ ဖြစ်လာလေ့ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
နမ့်ခမ်းမြို့ (စခန်းသစ်) တပ်စခန်းဟာ နှစ် ၂၀ ကျော်ခန့် တပ်စွဲထားပြီး အမြောက်တပ်နဲ့ ရဟတ်ယာဉ်ကွင်းတွေရှိသလို ဆက်သွယ်ရေးမြောင်းတွေ အဆင့်ဆင့်ရှိတဲ့ အခိုင်အမာတပ်စခန်းတခုဖြစ်ကြောင်း သိရပါတယ်။