မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်လိုက်ပြီး မီဒီယာအပေါ် စစ်ကောင်စီထိန်းချုပ်မှု ပိုမိုတင်းကျပ်လိုက်သည်။
ထိုပြင်ဆင်ချက်များကြောင့် ရုပ်သံလုပ်ငန်းများကို ကြီးကြပ်၊ စောင့်ကြည့် စီမံရန် တာဝန်ရှိသည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီသည် စစ်ကောင်စီ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက် ရောက်သွားသည်။
ကောင်စီ၏ တာဝန်များတွင် ရုပ်သံလွှင့်ဌာနများ၏ ကျင့်ဝတ်ကို ရေးဆွဲ အကောင်အထည်ဖေါ်ပြီး ရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေကို ချိုးဖေါက်သူများကို အရေးယူရန် ပါဝင်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပုဒ်မ ၂ (ထ) ကို ပြင်ဆင်ပြီး အထက်ပါကောင်စီတွင် စစ်ကောင်စီခန့်ထားသူများ ပါဝင်ခွင့်ပြုသည်။ ထိုပုဒ်မအရ ကောင်စီဆိုသည် အစိုးရအာဏာပိုင်များ၊ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများ၏ လွှမ်းမိုးခြင်းမှ ကင်းဝေးပြီး ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရှိသည့် ဤဥပဒေအရ ဖွဲ့စည်းသော ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ဆိုလိုသည်ဟု ယခင်က ဖေါ်ပြခဲ့သည်။
ယခု ထိုဥပဒေပြင်ဆင်ချက်တွင် သမ္မတနှင့် လွှတ်တော် ၂ ရပ်တို့ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးကာ ကောင်စီဝင် ၉ ဦးကို အမည်စာရင်းတင်သွင်း ရွေးချယ်သည့် အခန်း ၄ မှ ပုဒ်မ ၉ မှ ၁၃ အထိ နှင့် ကောင်စီဝန်များ၏ ရာထူးသက်တမ်း ကန့်သတ်ချက်ကိုလည်း ရုတ်သိမ်းသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖျက်သိမ်းလိုက်သည့် ထိုဥပဒေ ပုဒ်မတခုသည် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်း လုပ်ငန်းတိုးတက်ရေး နိုင်ငံတော်အဆင့် အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်ဖြစ်ခြင်းတို့နှင့် ပတ်သက်သည်။ မင်းအောင်လှိုင်သည် ထိုအဖွဲ့ကို ဦးဆောင်ရန် စစ်အရာရှိဟောင်းနှင့် ပြန်ကြားရေး ဝန်ကြီးမောင်မောင်အုန်းကို ခန့်ထားသည်။
စစ်ကောင်စီခေါင်းဆောင်သည် ထိုရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် ပြင်ဆင်သည်။ ထိုစဉ်က အင်တာနက် အခြေပြု အသံလွှင့် ထုတ်လွှင့်မှုများကို ထည့်သွင်းရန် ပြင်ဆင်ခြင်းဖြစ်သည်။
ထိုပြင်ဆင်ချက်တွင် မူလ ဥပဒေမှ ဒဏ်ငွေများအပြင် ထောင် ၆ လမှ ၅ နှစ်အထိ ချနိုင်သည့် ထောင်ဒဏ်များကိုလည်း စတင်ကျင့်သုံးသည်။ ထိုဥပဒေ ချိုးဖေါက်ခြင်းကို အရေးယူနိုင်သော အမှုအဖြစ် သတ်မှတ်လိုက်သောကြောင့် ရဲတပ်ဖွဲ့က ထိုချိုးဖေါက်သူများကို ဝရမ်းမလိုဘဲ ဖမ်းဆီးခွင့် ရှိသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရုပ်မြင်သံကြားနှင့် အသံလွှင်ဥပဒေကို မပြင်ဆင်မီကပင် မီဒီယာ ဖြိုခွဲမှုများ စတင်လုပ်နေပြီး သတင်းဌာနများ၏ လိုင်စင်များ ရုတ်သိမ်းကာ သတင်းသမားကို ထောင်ချ သို့မဟုတ် သတ်ဖြတ်သည်။
ထိုသို့ဖြိုခွဲမှုကြောင့် လွတ်လပ်သော သတင်းဌာနများ ပြည်ပသို့ ထွက်ခွာရသည်။ တချိန်တည်းတွင် နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း ၁၀၀ ကျော်သည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည်။
စစ်ကောင်စီသည် သတင်းမီဒီယာဌာန ၁၄ ခုကို လိုင်စင် ရုတ်သိမ်းပြီး သတင်းသမား ၁၆၀ ကျော်ကို ဖမ်းထားသည်။ ၎င်းတို့ မသင့်တော်သည့် စာအုပ်ဟု သတ်မှတ်သည့် စာအုပ်များထုတ်ဝေသော စာအုပ်တိုက်များကိုလည်း လိုင်စင် ရုတ်သိမ်းသည်။
စစ်တပ်အာဘော် မြဝတီရုပ်သံအပါအဝင် စစ်ကောင်စီ မီဒီယာများက ဝါဒဖြန့် လှုပ်ရှားမှု အရှိန်မြှင့်တင်နေစဉ် အထက်ပါ ဥပဒေကို ယခုကဲ့သို့ ပြင်ဆင်ခြင်း ဖြစ်သည်။
“အသံလွှင့်ကောင်စီကို ချုပ်ကိုင်ခြင်းအားဖြင့် စစ်ကောင်စီက မီဒီယာအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ နောက်ဆုံးအတားအဆီးတွေထဲက တခုကို ဖယ်ရှားတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ချမှတ်ထားတဲ့ မီဒီယာ ပိတ်ဆို့ကန့်သတ်မှုကို အဆုံးသတ်ဖို့နဲ့ နိုင်ငံတွင်း ထိန်းသိမ်းခံထားရတဲ့ သတင်းထောက်နဲ့ သတင်းလွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်သူ ၆၈ ဦးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိအားပေးကြဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှပစိဖိတ်ဗျူရိုဒါရိုက်တာ RSF Asia-Pacific Bureau Director ဆာဒရစ်ကယ်ဗီယန်နီ Cédric Alviani က ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုသည်။
You may also like these stories:
တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ
ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ
သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ