ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဆိုကာ တောင်ကုတ်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးကို စစ်ကောင်စီ တပ်က နိုဝင်ဘာ ၁၄ ရက်က ဖမ်းသွားရာ ယနေ့တိုင် ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ဒုံးပိုက်နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလိန်နယ်ခြားစောင့်စခန်းကို နိုဝင်ဘာ ၁၃ ရက်က AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁၄ ရက်တွင် လုပ်ငန်းရှင်များအား ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း တောင်ကုတ်မြို့ခံတဦးက ပြောသည်။
၎င်းက “သူတို့ကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းတာ။ အဓိက ငွေညှစ်တာပဲ၊ တယောက်ကို သိန်း ၃၀၀ ပေးမယ်ဆိုရင် ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုဝင်တွေကို ပြောတယ်လို့ သိရတယ်။ ကာယကံရှင်တွေကလည်း ဘာမှအပြစ်မရှိဘဲ သူတို့တောင်းတဲ့ ငွေသိန်း ၃၀၀ ကို မပေးချင်ကြဘူး” ဟု ဖမ်းဆီးခံရသည့် လုပ်ငန်းရှင်တဦး၏ မိသားစု နှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် လုပ်ငန်းရှင် ၁၁ ဦးမှာ ရွှေဆိုင်ပိုင်ရှင်၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များပါဝင်ပြီး လက်ရှိတွင် တောင်ကုတ်မြို့ အခြေစိုက် ခမရ ၅၄၄ တပ်ရင်း၌ ဖမ်းဆီးချုပ်နှောင်ထားကာ၊ မိသားစု ဝင်တချို့မှာ သွားရောက် တွေ့ဆုံခွင့်ရကြောင်း မြို့ခံများထံက သိရသည်။
ထို့ပြင် သံတွဲမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ၈ ဦးကိုလည်း ရခိုင်တိုက်ပွဲ ပြန်ဖြစ်ပွားသည့်နောက်ပိုင်း AA နှင့် ပတ်သက် ဆက် နွယ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေတောင်းခံမှုများရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်က ရခိုင်တွင် စစ်ပွဲပြန်ဖြစ်လာသည့်နောက် စစ်ကောင်စီသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကုန်းလမ်း၊ ရေလမ်းများကိုပိတ်ဆို့ခြင်း၊ ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်ထားသလို တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့ကို လည်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ ပိတ်ဆို့ထားကြောင်း သိရသည်။
တောင်ကုတ်ဒေသခံတဦးက “တောင်ကုတ်မြို့နယ်မှာ အခုထိတိုက်ပွဲဖြစ်တာမရှိပေမယ့် နှစ်ဖက်အခြေအနေကတော့ တင်း မာနေတယ်။ ဘယ်နေ့ဘယ်နေရာက စဖြစ်မလဲဆိုတာ လူထုကတော့ ရင်တမမနဲ့ပဲ သတိထားနေကြရတယ်။ အခု အဆိုး ဆုံး ဖြစ်နေတာ တောင်ကုတ်မြို့ဝင် ကြိုးကြာကွင်းဂိတ်မှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီး ဉာဏ်လင်းကျော်က ကား ၁ စီးဖြတ် မယ် ဆိုရင် ငွေတွေတောင်းတယ်။ ဈေးဝယ်သူတွေဆီကလည်း ပစ္စည်းတောင်းတယ်။ တနေ့ကဆို အဘွားကြီး တယောက် ဆီ က ကွမ်း ၃ ပိဿာလောက် အတင်းယူထားလိုက်လို့ အဲဒီအဘွား ငိုယိုပြီး ပြန်လာရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA က စစ်ကောင်စီစခန်းများအား ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထား ဖမ်းဆီးမှုများမှာ ပိုများလာသလို တောင်ကုတ်နှင့် သံတွဲမြို့သာမက စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ အစရှိသည့် မြို့နယ်များမှ လုပ်ငန်းရှင်၊ ကုန်သည်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ထမ်းများအပြင် ကျောင်း သားများကိုပါ ဆက်တိုက်ဖမ်းဆီးလျက်ရှိပြီး လက်ရှိအဖမ်းခံထားရသူဦးရေ ၅၀ ကျော်လာပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ