ရန်ကုန်တိုင်း မြို့နယ်အချို့ ရှိ အခြေခံပညာကျောင်းများတွင် စစ်ကောင်စီတပ်များ ချထားသည့်အတွက် မိဘများမှာ မိမိတို့ သားသမီးများအား ကျောင်းသို့ လွှတ်ရန် စိုးရိမ်လျက်ရှိကြောင်း ရန်ကုန်မြို့တွင်နေထိုင်သူများထံမှ သိရသည်။
စစ်ကားများရပ်၍ တပ်စွဲထားသည့် ကျောင်းများမှာ တောင်ဒဂုံမြို့နယ်မှ အထက ၂၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အထက ၁၊ အထက ၄၊ အထက၂ ၊ လှိုင်သာယာမြို့နယ် အထက ၂၉ ၊ တောင်ဥက္ကလာ အထက ၁နှင့် မြောက်ဥက္ကလာရှိသည့် စာသင်ကျောင်းတချို့တွင် ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ထို့အတွက် မိဘများမှာ သားသမီးများကို ကျောင်းမပို့တော့ကြသလို ဆရာ၊ ဆရာမများကလည်း တာဝန်မယူနိုင်ကြောင်း၊ ထို့အတွက် မိဘများ၏ သဘောအတိုင်း ဆုံးဖြတ်စေချင်ကြောင်း ပြောသည်ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မနေ့ကတော့ သားကို ကျောင်းသွားပို့လိုက်တယ်။ ကလေးက ပြန်လာတော့ ဆရာမက ပြောတယ်တဲ့၊ ကျောင်းမှာ စစ်ကားတွေရှိနေတယ်။ သတင်းတွေလည်းထွက်နေတော့ အတန်းကြီးတွေ ကျောင်းမတက်ချင် မတက်လို့ ရတယ်။ တခုခု ဖြစ်ရင် သူတို့တာဝန်မယူနိုင်ဘူး။ အိမ်က မိဘတွေကို ပြန်ပြောလိုက်ဆိုပြီး ပြောလို့ ဒီနေ့ကစပြီး ကျောင်း မပို့တော့ဘူး”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း တချို့သောကျောင်းများတွင် ကျောင်းသားများအား နေ့တဝက်ဖြင့် ကျောင်းမှ ပြန်လွှတ်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ ဖြစ်စဉ်များကြောင့် မိဘများမှာ စိုးရိမ်ထိတ်လန့်မှုများဖြစ်နေရကြောင်း သိရသည်။
ကျောင်းသားမိဘတဦးက “ မဖြစ်သာတဲ့အခြေအနေမှာ ဒီနှစ်မှာမှ ကလေးကို ကျောင်းပြန်ထား ထားရတာ။ အခုလို အသံ တွေ ထွက်တော့ ကျောင်းမပို့တော့ဘူး။ ကိုယ့်ကလေးတခုခုဖြစ်ရင် ရင်ကျိုးရချည်ရဲ့။ ဒီစစ်တပ်က ကလေးတွေ ဘာတွေ နားလည်မယ့်ဟာတွေ မဟုတ်ဘူး” ဟု ပြောသည်။
ကျောင်းသားမိဘများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို သားသမီးများကို မလွှတ်ကြရန်နှင့် မြို့ပေါ် တိုက်ပွဲများလာနေပြီဖြစ်သည့်အတွက် အန္တရာယ်ကို သတိပြုရမည့်အချိန်ဖြစ်ကြောင်းလည်း တော်လှန်ရေးအဖွဲ့များက သတိပေးပြောဆိုထားသည်။
ကျောင်းများနှင့် ပညာရေးအဆောက်အအုံများတွင် လုံခြုံရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းသည် ကလေးသူငယ် အခွင့်အရေး ကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်ကြောင်း ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်နေသည့် Save the Children၊ ယူနက်စကိုနှင့် ယူနီဆက်တို့ကလည်း ၂၀၂၁ ခုနှစ်အတွင်းက ပူးတွဲထုတ်ပြန်ခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် က “အများပြည်သူပိုင်နေရာတွေကို ဝင်ရောက်စီးနင်းတာ ခြယ်လှယ်တာ နေရာယူတာတွေက ဘာကိုသွားပြလဲဆိုရင် စစ်အုပ်စုရဲ့အတွေးအခေါ် ကိုပြနေတယ်။ ပြည်သူအတွက် ထည့်သွင်းစဉ်းစားတာ လုံးဝမရှိပါဘူး။ ကလေးငယ်တွေအတွက် ထည့်သွင်းစဉ်းစားတာ လုံးဝမရှိပါဘူး။ သူတို့ကိုယ်တိုင်က ကျောင်းတွေကို ဗုံးကြဲနေခဲ့တယ်။ ကလေးငယ်တွေကို သတ်ဖြတ်နေခဲ့တယ်။ ဒါက အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ် ၃၀ ကာလတွေထဲက အများပြည်သူပိုင်နေရာတွေကို ဝင်ရောက်ခြယ်လှယ်တယ်။ တပ်စွဲတဲ့ကိစ္စ ကျောင်းတွေမှာ ဝင်ပြီးတော့ နေရာယူတယ်။ ထိတ်လန့်တုန်လှုပ်စေတယ်။ သူတို့ကိုမြင်တာနဲ့ လန့်နေရတာက တနိုင်ငံလုံးဖြစ်နေပြီ” ဟု ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကျောင်းများတွင် တပ်စွဲခြင်းများပြုလုပ်ခဲ့သလို စာသင်ကျောင်း အချို့အား ဗုံးဖေါက်ခွဲခြင်း၊ မီးရှို့ခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းကဲ့သို့ စာသင်ကျောင်းများတွင် တပ်စွဲခြင်း၊ စစ်ရေးအခြေစိုက်စခန်းအသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲ သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ည ၈ နာရီ ၊ ၉ နာရီနောက်ပိုင်းတွင် လမ်းမပေါ်၌ လူအသွားအလာ နည်းပါးနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သူတဦးက “အလုပ်တွေလည်း ပြန်လုပ်နေကြရပြီ။ ဝန်ထမ်းဆိုပေမယ့် မနက်သွား ညနေပြန် လို့ရ တဲ့ အခြေအနေမဟုတ်တော့ မိုးချုပ်တဲ့ အခါတွေရှိတယ်။ အဲဒီလိုမျိုးတွေမှာ စိတ်ချလို့ရတဲ့ အနေအထားမဟုတ်တော့ဘူး။ ညဘက်တောင် အခုဆို ၉ နာရီ ၁၀ နာရီကတည်းက ဖြစ်နေတယ်ဆိုတော့ စိတ်ပူတယ်။ မလုံခြုံတော့ဘူး။ လူငယ် ယောက်ျားလေးရှိတဲ့ အိမ်တွေတိုင်း စိတ်ပူနေကြရတဲ့အခြေအနေဖြစ်နေပြီ” ဟု ပြောသည်။
ထို့ပြင် ဒဂုံမြို့သစ်မြို့နယ်များ ၊ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ သာကေတ ၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များရှိ လူငယ်များ ကို ညဘက်တွင် စစ်တပ်မှ ဖမ်းဆီးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကိုလည်း ငွေကျပ် ၅ သိန်းဖြင့် ပြန်လည်ရွေးရမည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကောလာဟလများ သာ ဖြစ်ကြောင်း၊ ပေါ်တာဆွဲသည့်ကိစ္စမှာလည်း ရဲဝန်ထမ်းဟောင်းများပင် ဆင့်ခေါ်ခြင်းမရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ကြောင်း ယနေ့(နိုဝင်ဘာ ၂၃ )ထုတ် စစ်ကောင်စီသတင်းစာတွင် ပြောဆိုထားသည်။
You may also like these stories:
တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု
စစ်ကောင်စီရဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားမှု အောင်မြင်ပါ့မလား
တပ်စွဲထားသည့် ပညာရေးအဆောက်အဦများမှ ချက်ချင်းဖယ်ရန် ကုလနှင့် မိတ်ဖက်အဖွဲ့များ ထုတ်ပြန်