မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များမှ ဒေသခံများကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များက ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်မှ ၂၂ ရက်အတွင်း ၃၀ ဦးကျော်ထိ ဖမ်းဆီးခံရကာ တဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရမှုအနေဖြင့် ငါန်းဇွန်မြို့နယ်မှ ၉ ဦး၊ မြင်းခြံမြို့နယ်မှ ၁၅ ဦး၊ တောင်သာမြို့နယ်မှ ၁၀ ဦး၊ နွားထိုးကြီးမြို့နယ်မှ ၁ ဦး တို့ဖြစ်ပြီး နွားထိုးကြီးမြို့နယ်၊ ခံစက်ကုန်းကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ကားသမား ဦးမြင့်အောင်မှာမူ ဖမ်းဆီးသတ် ဖြတ်ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ထုတ်ပြန်ထားသည်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူတဦးက “မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုနဲ့ပျူတွေက ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးပြီးငွေညှစ်တာတွေ လုပ်နေကြတာ အတော်ကြာပြီ။ စစ်တပ်ထက် ပျူတွေက ပိုဆိုးတယ်။ အခု အဖမ်းခံရတဲ့သူတွေထဲမှာ ၁ လေးလုံး သပြေညိုသပိတ်ရယ်၊ လိုင်းပေါ်မှာ မမှန်သတင်းတွေ တင်ကြတယ်ဆိုတာမျိုးနဲ့ အဖမ်းခံရသူတွေက ပိုများတယ်။ အချို့ဆို PDF တွေနဲ့ ပတ်သက်နေတာမို့ စစ်ဆေးစရာရှိတယ်ဆိုပြီး လာခေါ်သွားကြတာ” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် တချို့ကို ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးခြင်းမျိုး ရှိသော်လည်း တချို့မှာမူ မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသောကြောင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်နေရကြောင်းလည်း ၎င်းက ဆိုသည်။
နိုဝင်ဘာ ၂၂ ရက်တွင် ငါန်းဇွန်မြို့နယ် ကုလကျေးရွာနေ အိမ်ထောင်စုနှစ်စုမှ ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ၌ အိမ်ရှိလူကုန်အပြင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ မင်းကျေးရွာပျူစောထီး ဒူလဘို ဦးဆောင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ပျူစောထီးအင်အား ၇၀ ခန့်ဖြင့် ပျားကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ယင်းနေ့၌ပင် တောင်သာမြို့နယ်၊ သာယာကြီး (ခ) ချုံကြီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံ ၁၀ ဦးခန့်ကို ၁ လေးလုံး သပြေညိုပန်းသပိတ်နှင့် အွန်လိုင်းပေါ် မမှန်သတင်းများ ဖြန့်ဝေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မြင်းခြံခရိုင် ပ.က.ဖ မှ တာဝန်ရှိသူတဦးက “မြင်းခြံခရိုင်ထဲမှာ ခမရ-၁၅ က တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ၊ ပျူစောထီးတွေပေါင်းပြီး ရွာတွေဘက်မှာ ကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာ၊ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်လုပ်နေကြတာ။ အချို့ရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက် နှိပ်စက်တာမျိုးတွေလည်းလုပ်နေကြတာ အတော်ကြာပြီ။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က သပြေညိုပန်းသပိတ်နောက်ပိုင်းမှာ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာကြတာပဲ။ ပိုဆိုးတာက သူတို့အဖွဲ့တွေ မိုင်းဆွဲခံရ တာ၊ တိုက်ခိုက်ခံရတာမျိုးတွေဖြစ်ရင် အဲဒီပတ်ဝန်းကျင်ကရွာတွေ ပိုပြီးမဲခံရတော့တာပဲ” ဟု ပြောသည်။
နိုဝင်ဘာ ၁၄ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ပေါ်ရှိ ‘စိုးစိုးမိုးမိုး’ ဆေးဆိုင်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
မြို့သာမြို့ ဒေသခံတဦးက “စိုးစိုးမိုးမိုး ဆေးဆိုင်ကို ဝင်ဖမ်းတာက PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ ထောက်ပို့လုပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဗျ။ သတင်းပေးတိုင်ကြားခံရလို့ ဝင်စီးခံရတာလို့ သိရတယ်။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီဆေးဆိုင်မိသားစုက ရှုပ်ရှုပ်ယှက်ယှက်မရှိဘဲ အကြောက်ကြီးတဲ့သူတွေဗျ။ အွန်လိုင်းခေတ်ဆိုတော့လည်း သတင်း တွေဘာတွေ ကြည့်ထားမျိုးတော့ ရှိနိုင်တာပေါ့” ဟု ဆိုသည်။
နိုဝင်ဘာ ၁၁ ရက်တွင် မြင်းခြံမြို့ပေါ်မှ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း၊ ၎င်းတို့အနက် လွတ်ငြိမ်းဖြင့် ပြန်လွတ်ထားသူများလည်း ပါဝင်ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် မြင်းခြံမြို့၊ အမှတ် (၁၈) တိုးချဲ့အမှိုက်ပုံသို့ အမှိုက်လာပစ်သည့် သုံးဘီးယာဉ်မောင်းတဦးကိုလည်း နထားကျေးရွာမှ ပျူစောထီးငထွန်းနှင့်အဖွဲ့က ရိုက်နှက်ထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၅ သိန်းဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် နိုဝင်ဘာ ၉ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ခံစက်ကုန်းကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ကားသမား ဦးမြင့်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်ကာ ရွှေနှင့် ငွေကျပ် သိန်း ၃၀ ကျော်ကို ယူဆောင်သွားကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။
၎င်းက “ဦးမြင့်အောင်က လူပျိုကြီးပါ။ မိသားစုဝင်တွေနဲ့ အတူနေတာ။ ခံစပ်ကုန်းရွာမှာ တိုက်ပွဲဖြစ်တော့ တိမ်းရှောင်ရင်း စစ်ခွေးတွေနဲ့ ထိပ်တိုက်တိုးပြီး အဖမ်းခံလိုက်ရတာ။ ပြန်လွှတ်ပေးမယ်ဆိုပြီး ခေါ်သွားရာက ၁၀ ရက်နေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ သေဆုံးလျက်နဲ့ ပြန်တွေ့ခဲ့ကြရတာပဲ။ အလောင်းကို ရွာရဲ့ရေတွင်းနားထားခဲ့ကြတာ” ဟု ပြောသည်။
လက်ရှိတွင် မြင်းခြံခရိုင်အတွင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိသလို စစ်ယာဉ်တန်း၊ ဌာနဆိုင်ရာကားများကို မိုင်းဆွဲခြင်း၊ စစ်တပ်အထိုင်စခန်းနှင့်ဂိတ်များကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်ခံရသည့်အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ကျေးရွာများအား မကြာခဏ ဝင်ရောက်စီးနင်းပြီး ဒေသခံများအား ဖမ်းဆီးခြင်းအပြင် လမ်းသွားလမ်းလာများအား စစ်ဆေးဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ကင်းလှည့်ခြင်း၊ ကင်းပုန်း ဝပ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြို့အဝင်အထွက်များ၌ နေ့စဉ် စစ်ဆေးမှုပြုလုပ်ရာ တွင်လည်း ဖုန်းများအား အဓိကထားစစ်ဆေးနေပြီး ဖုန်းအတွင်းမှ နွေဦးတော်လှန်ရေးနှင့်ပတ်သက်မှု တွေ့ရှိပါက ဖမ်းဆီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်နေကြောင်း သိရသည်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုနောက်ပိုင်း သူတို့တွေက စစ်ဆေးတဲ့အခါ ဖုန်းတွေကိုပါ စစ်ဆေးလာကြတယ်။ ဖုန်းထဲကနေ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တာမျိုးတွေကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ငွေလွှဲငွေထုတ်တာတွေ မှာ တိကျတဲ့အဖြေ မပေးနိုင်ရင်တောင် PDF ထောက်ပံ့တယ်ဆိုတာမျိုးနဲ့ ဖမ်းတာဆီးတာမျိုးတွေ လုပ်နေကြတာ။ သူတို့ အဖမ်းခံရပြီဆိုရင် ပြန်လွတ်ဖို့က ရာခိုင်နှုန်း အတော်နည်းသွားပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားစွဲထောင်ချ ခံရဖို့က ရာနှုန်းပြည့်ပဲ” ဟု ပြောသည်။
ထို့ပြင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသည့် စစ်ဘေးရှောင်ဒေသခံများမှာလည်း ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ရှိသလို အချို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
မြင်းခြံခရိုင်တွင် စစ်တပ်က ဒေသခံ ၄၀ ကျော် ဖမ်းဆီး၊ ၅ ဦး အသတ်ခံရ
မြင်းခြံထောင်မှ တိုက်ပိတ်ခံထားရသည့် နိုင်/ကျဉ်း ၁၇ ဦး ထောင်ပြောင်းခံရ
မြင်းခြံတွင် NLD ပါတီဝင်နှင့် ဒေသခံ ၁၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ
NLD အဖွဲ့ဝင် ဇနီးမောင်နှံ မြင်းခြံ နေအ်ိမ်တွင် သတ်ဖြတ်ခံရ