တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် တိုက်ခိုက်ခံရမှုမှာ ကုန်ကားအစီးရေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးပြီး ကာလတန်ဖိုး ကျပ် ၃၀ ဘီလီယံကျော်ဖိုး ဆုံးရှုံးသွားခဲ့ရတယ်လို့ နယ်စပ် ကုန်သွယ်ရေးဇုန် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်အတွင်း အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ မနက်က ဒရုန်းယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရမှုမှာ ကုန်ကားတွေပါ ထိခိုက်ပြီး မီးလောင်သွားတာဖြစ်တယ်လို့ ကုန်သည်တွေက ဧရာဝတီကို ပြောပါတယ်။
ကုန်သည်တဦးက “စစ်တပ်ရှိတဲ့ နေရာကို ဒရုန်းနဲ့ လာပစ်သွားတာပါ။ စစ်တပ်ဘက် အကျအဆုံးတော့ မသိရဘူး။ ကုန်ကားတွေ မီးလောင်နေတော့ စစ်တပ်ဘက်ကလည်း အယောက် ၂၀ လောက်နဲ့ မီးလာငြိမ်းနေတာတွေ့တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မီးလောင်သွားတဲ့ ကားတွေဟာ တရုတ်နိုင်ငံထဲက ထုတ်တဲ့ စက်ပစ္စည်း၊ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းတွေ တင်ဆောင် ထားတဲ့ ကားတွေဖြစ်ပြီး နယ်စပ်တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ကားတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကုန်ကားတွေထားတဲ့ ဂိတ်ဝန်းကို အကာအကွယ်ယူပြီး နိုဝင်ဘာ ၂၀ ရက်နေ့က ဝင်ရောက် တပ်စွဲခဲ့တာလို့ သိရပါတယ်။
ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းထဲမှာ ကုန်ကားပေါင်း ၁ ထောင်ကျော်ရှိသလို ဆယ်ဝမ်းဟွာကျင်းကားဝန်းထဲမှာလည်း ကုန်ကား ၂၅၀ ခန့်ရှိနိုင်တယ်လို့ ကုန်သွယ်ရေးစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီမီးလောင်မှုကို ကုန်ကားယာဉ်မောင်းတွေနဲ့ မူဆယ်၊ ၁၀၅ မိုင် မှာရှိတဲ့ မီးသတ်တပ်ဖွဲ့တွေက နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီထိ ငြိမ်းသတ်ခဲ့ကြရတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကျင်စန်းကျော့ဂိတ်နဲ့ အနီးဆုံး မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) မြို့နဲ့ ဝမ်တိန်နယ်စပ်ဂိတ်တွေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မဟာမိတ်တွေဘက်က နိုဝင်ဘာလယ်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ဂိတ်တွေကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ် က အပြီးထိန်းချုပ်ဖို့လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက တွက်ဆနေကြပါတယ်။