မြန်မာနိုင်ငံမြောက်ပိုင်း ငွေကြေးလိမ်လည်သည့် ကာစီနိုများမှ ကယ်ဆယ်ခဲ့သည့် နိုင်ငံခြားသားများတွင် ဗီယက်နမ် နိုင်ငံသား ၇၀၀ ကျော် ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ ဖမ်သူဟန်က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
ဟနွိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စ ဟန်က သူတို့နိုင်ငံသားများသည် ယာယီဘေးကင်းဇုန်များသို့ ရောက်နေပြီး အခြားသူများကို ကိုယ်ရေးအချက်အလက် အတည်ပြုနေဆဲဖြစ်ကြောင်း ပြောသည်။
ဗီယက်နမ်သံရုံးနှင့် မြန်မာကပေးသည့် သတင်းအချက်အလက်များအရ တရုတ်နယ်စပ်အနီး မြန်မာမြောက်ပိုင်း ဒေသအနည်းငယ်၏ အခြေအနေသည် ရှုပ်ထွေးနေပြီး ပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။
မြန်မာအာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန်၊ အာဏာပိုင်များအနေဖြင့် ဗီယက်နမ် နိုင်ငံသားများ လုံခြုံရေးနှင့် နေရာထိုင်ခင်းစီစဉ်ပေးရန်၊ ပဋိပက္ခနေရာများမှ ထိုသူများကို လွတ်လပ်စွာ သွားလာ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်ပေးရန်အတွက် လုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာမှ ဗီယက်နမ် သံရုံးကို ညွှန်ကြားထားကြောင်း ပြောခွင့်ရသူ မစ္စ ဟန်က ပြောသည်။
ဗီယက်နမ် နိုင်ငံသားများကို ထောက်ပံ့ရေး စီစဉ်ရန် မြန်မာနှင့် တရုတ်မှ ဗီယက်နမ် သံရုံးအရာရှိများနှင့်အတူ လုပ်ဆောင်နေသည်။
ထိုသူများ လုံခြုံရေးနှင့် အမြန်ဆုံး ကယ်ထုတ်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်တွင်းအေဂျင်စီများ၊ ပြည်ပ ဗီယက်နမ်အေဂျင်စီများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။
ထိုကိစ္စအတွက် တာဝန်ပေးထားသည့် အထူးလုပ်ငန်းအဖွဲ့သည် ၂၄ နာရီ အလုပ်လုပ်နေကြောင်း မစ္စ ဟန်က ပြောကြားပြီး မြန်မာနှင့် တရုတ်မှ ဗီယက်နမ်သံရုံးများသည် အခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်နေပြီး ဘေးကင်းဇုန်သို့ရောက်နေသည့် ဗီယက်နမ် နိုင်ငံသားများနှင့် အဆက်အသွယ် မပြတ်အောင် လုပ်ဆောင်နေသလို ခရီးသွားလာရေး အစီအစဉ်များကို မြန်မာအာဏာပိုင်များနှင့် အတည်ပြုပြီးပါက နိုင်ငံသားများကို ကာကွယ်ရေးအတွက် အသင့်ရှိကြောင်း ဆက်လက်ပြောသည်။
ကိုးကား ။ ။ Vietnam News သတင်း Over 700 Vietnamese citizens rescued from scam casinos, still stranded in Myanmar amid conflict
You may also like these stories:
မြန်မာရောက် ဗီယက်နမ် နိုင်ငံသားများအတွက် အကူအညီ တောင်းဆို
ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး
လောက်ကိုင်တွင် ထိုင်းနိုင်ငံသားများအား စစ်တပ်က လူသားဒိုင်းအဖြစ်ဆက်သုံးနေ
စစ်ကောင်စီနှင့် ပတ်သက်မှု ဗီယက်နမ် လုပ်ငန်းများ လမ်းပျောက်နေ