မြန်မာနိုင်ငံအနှံ့ စစ်ရေးအရှိန်မြင့်လာသဖြင့် ယခုတန်ဆောင်တိုင်နှင့် နှစ်ကူးပိတ်ရက်များတွင် သွားလာရန် ကြိုတင်စီစဉ်ထားသော ငပလီ၊ ငွေဆောင် စသည့် ကမ်းခြေဒေသများနှင့် ပုဂံ၊ ကလောခရီးစဉ်များကို ဖျက်သိမ်းမှုရှိလာကြောင်း ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။
ငပလီ၊ ငွေဆောင်စသည့် ကမ်းခြေများနှင့် ပုဂံ၊ ကျိုက်ထီး၊ ကလောတို့တွင် ဟိုတယ်အခန်း ကြိုတင်မှာယူသူများရှိသော်လည်း လတ်တလော၌ တိုက်ပွဲများပြင်းထန်လာခြင်း၊ စစ်ရေးအရှိန်မြင့်လာခြင်းတို့ကြောင့် ခရီးစဉ်ဖျက်သိမ်းမှုများ ဆက်တိုက် ပြုလုပ်လာကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက “အခု လပြည့်နေ့ဝန်းကျင်၊ တန်ဆောင်တိုင် ပိတ်ရက်မှာ မူလ စီစဉ်ထားတဲ့ ငပလီခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းတာတွေ့ရတယ်။ ပုဂံတို့ မန္တလေးတို့မှာလည်း မူလခန့်မှန်းထားတဲ့ ခရီးသည်ထက် ဝင်ရောက်မှုနည်းတယ်။ အရင်က ဒီလိုရက်တွေမှာ ခရီးသည်တွေ အခန်းပြည့်နီးပါး ဘွတ်ကင်ရှိတယ်။ အခုတော့ အဲဒီလောက် ဝင်ရောက်တာ မရှိတော့ဘူး။ နည်းသွားတယ်လို့ သိရတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထိုသို့ခရီးစဉ်များ ဖျက်သိမ်းလာခြင်းမှာ ပြည်တွင်း၌ မတည်ငြိမ်မှုများကြောင့်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်မနှင့် ဆက်သွယ်ထားသော လမ်းများ ပိတ်လိုက်ခြင်းကြောင့် ငပလီခရီးစဉ်များအားလုံး ဖျက်သိမ်းလာကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ပြီးခဲ့တဲ့သီတင်းကျွတ်ပိတ်ရက်တုန်းကတော့ အခုတန်ဆောင်တိုင်မှာ ခရီးသွားအများအပြား ဝင်မယ်လို့ မျှော်လင့်ထားတာ။ အခုတော့ ပိတ်ရက်မတိုင်ခင်မှာပဲ မတည်ငြိမ်မှုတွေကြောင့် ကျသွားတဲ့အတွက် မျှော်မှန်းသလောက်တော့ ပြည်တွင်းခရီးသွားက မရှိတော့ဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့် တပ်တော် (AA) တို့ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ထိုနေ့တွင်ပင် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံးကို ပိတ်လိုက်ခြင်းကြောင့် ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့် ခရီးသွားဧည့်သည် ၅ ထောင်ကျော်ခန့်မှာ နေရပ်မပြန်နိုင်ဘဲ ငပလီတွင် ပိတ်မိနေမှု ဖြစ်ပွားခဲ့သေးသည်။
ထို့အတူ ပုဂံသို့ သွားလည်မည့်သူများအနေဖြင့် ခရီးသွားလက်မှတ်များကို ခရီးသွားလမ်းညွှန် Facebook Page များတွင် တင်၍ ပြန်လည် ရောင်းချနေကြသည်ကို တွေ့ရသည်။
ပုဂံညောင်ဦး၊ မန္တလေး၊ စစ်ကိုင်းဘက်သို့သွားရာ လမ်းတွင်လည်း စစ်ဆေးမှု တင်းကျပ်ထားပြီး မှတ်ပုံတင်ကို အဓိကထား၍ စစ်သလို၊ တချို့နေရာများတွင် ရပ်ကွက်ထောက်ခံစာပါ တောင်းသည့်ဂိတ်များလည်း ရှိကြောင်း ခရီးသွားများထံက သိရသည်။

ယခုအချိန်သည် ခရီးသွားရာသီဖြစ်သော်လည်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ၊ မတည်ငြိမ်မှုများကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ယခင်မျှော်မှန်းထားသည့် ခရီးသည်ပမာဏထက်များစွာ လျော့ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။
ကလောမြို့ ဒေသခံ တဦးက “နယ်မြေကတော့ ကျနော်တို့ဆီက အေးဆေးပါပဲ။ တောင်ကြီးပွဲတောင် ဒီနေ့ နောက်ဆုံး။ ကလောကတော့ မနက်ဖန် (နိုဝင်ဘာ ၂၈ ရက်) မှာ စမှာ။ ခရီးသွားတွေက ရှမ်းတောင်/မြောက် မကွဲဘူးလားမသိဘူး။ ဖြစ်နေတာက မြောက်ဘက်မှာ တောင်ကတော့ အေးဆေးပါပဲ လုံခြုံရေးလည်း PNO (ပအိုဝ်း ပြည်သူ့စစ်) က ယူထားပေးတာ။ ဒါပေမယ့် ခရီးစဉ်ဖျက်သိမ်းရှိတွေ ရှိတယ်။ ဟိုတယ်တွေ Cancel ပြန်လုပ်တာတွေ များတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကလော တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ခရီးစဉ် ဖျက်သိမ်းမှုများရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ပြည်တွင်းတွင် အေးချမ်းသာယာနေသည်ဟု ထင်မြင်စေရန်အတွက် တန်ဆောင်တိုင်ပွဲများကို ဖိအားပေး ကျင်းပနေရာ တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ နယ်ခံများ လည်ပတ်မှု မရှိသဖြင့် ပအို့ဝ်ဒေသရှိ ကျေးရွာများတွင် တအိမ်တယောက် လည်ပတ်ရန် ခေါ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကိုမူ စစ်ကောင်စီက လုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့သည်။
ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားဧည့်သည်များသည်လည်း ခရီးစဉ်ဖျက်သိမ်းမှုရှိနေကြောင်း သိရပြီး၊ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အရေးမကြီးပါက ခရီးမသွားကြရန် အိန္ဒိယနိုင်ငံက ၎င်းနိုင်ငံသားများကို နိုဝင်ဘာ ၂၂ ရက်က သတိပေး ထုတ်ပြန်ထားသည်။
ယခုအချိန်တွင် ခရီးသွားအေဂျင်စီများအနေဖြင့် ပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်စရိတ်လျှော့ချ၍ ရောင်းချမှုများ ရှိနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ယခုနှစ် စက်တင်ဘာ ၁၉ ရက်တွင်လည်း ဗြိတိန်အစိုးရက ၎င်းတို့နိုင်ငံသားများကို မြန်မာနိုင်ငံရှိဒေသအများအပြားသို့ ခရီးသွားခြင်း မပြုရန် ထုတ်ပြန်ထားသေးသည်။
ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က မွန်ပြည်နယ်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းကျွန်းစုမြို့နယ်နှင့် တနင်္သာရီတောင်ပိုင်းတို့ကို ခရီးသွားလာခြင်း မပြုရန်၊ မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သော ဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်းနှင့် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသတို့ကို ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မှန်းဆမရသည့်အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ်သည့်သဘော ရှိနေ သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်တပ် အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များက မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်း ကျော်ထိ ရှိခဲ့ကြောင်းသိရပြီး၊ တိုက်ပွဲများ မပြင်းထန်ခင်အချိန် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့် ခရီးသွားဦးရေမှာ ၂ သိန်းကျော်ရှိကြောင်း စက်တင်ဘာလအတွင်း စစ်ကောင်စီထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ စစ်ကိုင်းတိုင်း အစရှိသည်တို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနေသလို၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့၌လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်နေကာ ရန်ကုန်အပါအဝင် မြို့ကြီးတချို့တွင်ပင် ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်နေရသည့် ယခုကာလများတွင် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းများကို ရှောင်ကြဉ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးမှုများရှိသလို ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး ကာလအတွင်း၌ ခရီးမသွားကြရန်လည်း တိုက်တွန်းပြောဆိုမှုများလည်း ရှိနေသည်။
You may also like these stories:
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း