မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ကို တနိုင်ငံလုံး အဆင့် ပြောင်းလဲမည်ဟု ကြေညာပြီးနောက် ရန်ကုန်၊ မန္တလေး မြို့ကြီးများ၌ စစ်ကောင်စီက တပ်လှန့်ကာ လုံခြုံရေးတိုးမြှင့် ထား ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် အင်အား ပြခြင်း၊ စစ်ယာဉ်တန်းများဖြင့် နေ့ည တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများ အတွင်း အင်အားဖြည့်တင်း၍ တပ်စွဲမှုများရှိကြောင်း မြို့ခံများ၏ပြောပြချက်နှင့် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန် နယ်တို့တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ စတင်သော ၁၀၂၇ စစ်ဆင်ရေးမှာ ယမန်နေ့က ၁ လပြည့်ခဲ့ပြီဖြစ်ရာ တော်လှန်ရေးအင်အား စုများက Nationwide Operation တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ပွဲများ ထပ်မံ အရှိန်မြှင့်လုပ်ဆောင်မည်ဟု ကြေညာ ထားသည်။
မန္တလေးမြို့ခံတဦးက “အရင်က တပ်ရုပ်ထားတဲ့ ကျောက်ဝိုင်းလို နေရာမျိုးတွေမှာ လုံခြုံရေး ပြန်ချထား တယ်။ အရင်ကဆို သူတို့ရုံးတွေ ဘဏ်တွေမှာ အစောင့်က ၂ ယောက်၊ ၃ ယောက်ပဲရှိတာ။ အခုဆိုရင် ၄၊ ၅ ယောက် လောက်ပြန်ဖြစ်လာ တယ်။ အဓိက လမ်းမကြီးတွေမှာ ကားတွေနဲ့ ပြန်ပတ်လာတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မန္တလေးမြို့ လုံခြုံရေးတိုးမြှင့်ချထားမှုတွင် စစ်ကောင်စီဩဇာခံ ပျူစောထီးတို့ကိုလည်း အရပ်ဝတ်ဖြင့်သာမက စစ်ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ထားသည့် ပျူစောထီးများကိုပါ ပူးတွဲထားရှိမှုများ တွေ့လာရကြောင်း ၎င်းက ဆိုသည်။
အထက်ပါ မန္တလေးမြို့ခံက ဆက်လက်၍ “မန္တလေးမြောက်ဘက်က မတ္တရာအခြမ်းဘက်ကို ဖိထားပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကနေ မန္တလေးအဆင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် နားက ဂိတ်မှာ အသေအချာကို ပိတ်ဆို့စစ် ဆေးတယ်။ မန္တလေးမြို့ထဲမှာဆိုရင် အဓိက လမ်းမကြီးတွေမှာ ကားနဲ့ပတ်ပြီး ရှောင်တခွင် စစ်ဆေးတာတွေ လုပ်တယ်” ဟု ပြောသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mdy PDF) တို့သည် မန္တလေးမြို့အနီး ပတ်ဝန်းကျင်ဒေသများဖြစ်သော ရှမ်းပြည်နယ် နောင်ချိုနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ် တို့တွင် “တောင်သမန်” အမည်ရ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သံချပ်ကာယာဉ်များဖြင့် အင်အားပြခြင်း၊ အခြေခံပညာနှင့် အထက်တန်း ကျောင်းတချို့၌ တပ်စွဲထားခြင်းနှင့် ညဘက်တွင် ပေါ်တာဆွဲခြင်း သတင်းများကြောင့် မြို့ခံလူထုများကြား စိုးရိမ်ထိတ်လန့်မှု များ ဖြစ်ပေါ်နေကြောင်း မြို့ခံတချို့က ဆိုသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “အခုက ည ၈ နာရီလောက် ဆိုရင် လူက စပြတ်သွားပြီ၊ လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတွေ ဘာတွေ မရှိတော့ဘူး။ ပေါ်တာဆွဲတဲ့ သတင်းတွေကြောင့် လက်ဖက်ရည်ဆိုင် ထိုင်နေရင်တောင် ဘယ်အချိန် ဝင်ဖမ်းသွားမလဲပေါ့ စိုးရိမ်မှုတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အခြေအနေများကြောင့် ရန်ကုန်မြို့နေ လူငယ်လူရွယ်များသည် ည ၈ နာရီထက် နောက်မကျဘဲ အိမ်ပြန်ပြီး ညဘက် ကို အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ နေကြကြောင်း ၎င်းက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရပ်ကွက်များတွင် မျက်နှာစိမ်း အရပ်ဝတ်ဖြင့် လူစိမ်းများ ရှိလာသလို ညဘက် လှည့်ကင်း များကိုလည်း ပျူစောထီးဟုယူဆရသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသုံးပြုလာကြောင်း သာကေတမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခုက လှည့်ကင်းကို ဆိုင်ကယ်ဘေးတွဲ ၁၀ စီး၊ အစီး ၂၀ နဲ့ ပျူတွေက လှည့်နေကြတာ” ဟု ဆို သည်။
ထို့သို့ ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေ တိုးမြှင့်ထားမှုများကြား စိုးရိမ်ထိတ်လန့်နေသော ပြည်သူများ ရှိသလို တော်လှန်ရေး အင်အားစုများ၏ မြို့သိမ်းတိုက်ပွဲများသည် ရန်ကုန်နှင့် မန္တလေးမြို့ပေါ်များအထိ ရောက်ရှိလာရန် စောင့် မျှော်နေသည့် ပြည်သူများလည်း ရှိနေသည်။
ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်တခုတွင် နေထိုင်သူတဦးက “ဒီကမြို့နယ် ရဲစခန်းဆိုရင် သူတို့လုံခြုံရေး အင်အားက အလွန်ဆုံးရှိမှ ၄၀၊ ၅၀ ပေါ့။ ပြည်သူက သောင်းနှင့်ချီရှိတယ်။ တကယ့်တကယ် ဖြစ်လာရင် အဲဒီကောင်တွေက အရင်ဆုံး ထွက်ပြေးကြရလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်များသည် တော်လှန်ရေးအင်အားစုများ၏ မြို့ပြသပိတ်များပြုလုပ်ခဲ့သော နေရာဝန်းကျင်ရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ အဆောက်အဦများကို ဖျက်ဆီး၊ ချိပ်ပိတ်ခြင်းများကို ဥပဒေမဲ့စွာ ပြုမူလျက်ရှိခြင်းများကြောင့် အထက်ပါ ပြည်သူ နေထိုင်သောမြို့နယ်ကို အတိအကျ မဖော်ပြခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များသည် မြို့ကြီးများတွင် လုံခြုံရေးအင်အားတိုးမြှင့်ကာ တပ်လှန့်လုပ်ဆောင်လျက်ရှိသော်လည်း နိုင်ငံ အနှံ့ စစ်ပွဲများ ကျယ်ပြန့်နေခြင်းကြောင့် မြို့ပေါ် လုံခြုံရေးကို ယန္တရား တပ်နှင့်လက်ရုံးတပ်က တပ်ဖွဲ့ဝင်များအပြင် တိုင်းရုံး များရှိ စာရေးများကပါ လုံခြုံရေးထွက်နေရသည့် အခြေအနေရှိကြောင်း CDM စစ်သားများက ပြောဆိုသည်။
လေတပ် CDM တပ်ကြပ်ကြီး ကိုဇေယျက “သူတို့တွေ ပြီးခဲ့တဲ့ ကာလုံခေါ်ပြီး နောက်ရက်ကတည်းက တပ်လှန့်ထားတယ်၊ တပ်တိုင်းကို Stand by ရှိနေဖို့ ရန်ကုန်မြို့ထဲက တပ်တွေကအစပေါ့။ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ သေချာတူးဖို့အထိ ညွှန်ကြားထားတယ်။ အခုက ဒီဘက်က လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အသံနည်းနည်း ထွက်လာရင်ကို သူတို့ ဘက်က သွေးပျက်ပြီး လုံခြုံရေးတွေကို အသည်းအသန် ရအောင် လုပ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် စစ်တပ်၏ အခြေအနေအရ တိုင်းနှင့်ပြည်နယ်များအတွက် လုံခြုံရေးယူရသော တိုင်းလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည်ပင် ရှေ့တန်းထွက်နေရသလို အင်အားပြုန်းတီးမှုများကြောင့် မြို့ပေါ် လုံခြုံရေးအတွက် စစ်အင် ဂျင်နီယာ၊ ဆက်သွယ်ရေး ကဲ့သို့သော လက်ရုံးတပ်များကို အားကိုးနေရကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီသည် နေပြည်တော်သို့ တပ်အင်အား ၁၄,၀၀၀ ရွှေ့ပြောင်းထားပြီး ၎င်းတို့၏ ဌာနချုပ်ကို တနိုင်ငံလုံးရှိ ထိုးစစ်မှ ကာကွယ်ရန် ပြင်ဆင်လျက်ရှိသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှ စတင်သော မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ ကွမ်းလုံ၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ ခါမ်းပါတ်နှင့် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်၊ လိုင်းလင်းပီမြို့တို့အပြင် ကရင်နီ (ကယား)ပြည်နယ်ရှိ မယ်စဲ့နှင့် မိုးဗြဲမြို့ အစရှိသော မြို့ပေါင်း ၁၀ မြို့ခန့်ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု
နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်
နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား