ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး”အမည်ဖြင့် ထိုးစစ် ကြေညာ၍ တိုက်ခိုက်ခဲ့သည်မှာ နိုဝင်ဘာ ၂၇ ရက်တွင် စစ်ဆင်ရေး ၁ လပြည့်ခဲ့ပြီ ဖြစ်သည်။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေး ရည်ရွယ်ကာ ထိုးစစ်ဆင်သည့် ၁ လတာအတွင်း စစ်ကောင်စီတပ်စခန်း ရာနှင့်ချီ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ရှမ်းပြည် မြောက်ပိုင်းရှိ အဓိကမြို့များ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုစစ်ဆင်ရေးအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ဦးဆောင်ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)၊ ဗမာအမျိုးသား တော်လှန်ရေးတပ်(BNRA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ပါဝင် တိုက်ခိုက်နေ ကြသည်။
စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်တွင် မဟာမိတ်ပူးပေါင်းတပ်များသည် မြန်မာ-တရုတ်နယ်စပ် ကုန် သွယ်ရေးလမ်းကြောင်း ဖြစ်သည့် နောင်ချို- လားရှိုး-မူဆယ်လမ်းမနှင့် လားရှိုး- သိန္နီ- ချင်းရွှေဟော်လမ်းကြောင်းကို ဖြတ်တောက်ကာ နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်အား လက်ဦးမှုရယူကာ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ သည်။
ချင်းရွှေဟော်မြို့အား လက်လွှတ်ခဲ့ရသည့် စစ်ဆင်ရေးအစမှာပင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာဖြင့် တပ်စခန်း အချို့လည်း ဆုံးရှုံးခဲ့ရသည်။
ကိုးကန့်ဒေသ ချင်းရွှေဟော်တိုက်ပွဲနှင့် တပြိုင်နက် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တို့ တွင်လည်း TNLA နှင့် မန္တလေး- PDF တို့က တပြိုင်နက် စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက်ဒေသအတွင်းသို့ စစ် ကောင်စီတပ်များ မြေပြင်မှ စစ်ကူ ဝင်ရောက်မလာနိုင်ရေး ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။
မိုးကုတ်- နောင်ချိုမှ မြန်မာ- တရုတ်နယ်စပ်အထိ ပြည်ထောင်စုလမ်းမကြီးတလျောက် တိုက်ပွဲဧရိယာ ကျယ်ပြန့်ပြီး အားကောင်းပြင်းထန်သည့် ထိုးစစ်ဆင်မှုကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
စစ်ဆင်ရေးစကတည်းက မြေပြင်မှ စစ်ကူ၊ ထောက်ပို့ မလုပ်နိုင်တော့သည့် စစ်ကောင်စီသည် လေကြောင်းကိုသာ ပိုမို အားပြုခဲ့ရပြီး မဟာမိတ်တပ်များ၏ စစ်ဆင်ရေး ၁ လအတွင်း အရေးပါသောမြို့များနှင့် တပ်စခန်းရာချီ ဆုံးရှုံးခဲ့သည့် အပြင် တပ်ရင်းလိုက် လက်နက်ချ အညံ့ခံ ရသည်အထိ ပြိုလဲခဲ့သည်။
လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) နှင့် ကျင်စန်းကျော့ တို့အား မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့နိုင်သည့်အပြင် ကွမ်းလုံမြို့၊ နမ့်ခမ်းမြို့၊ သိန္နီမြို့၊ ဖောင်းဆိုင်မြို့တို့ကိုလည်း သိမ်းပိုက်ထားသည်။
ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၂၂၃ ခုထက်မနည်း သိမ်းပိုက်နိုင် ခဲ့ပြီး တင့်ကားနှင့် သံချပ်ကာယာဉ် ၁၀ စီးကျော်၊ အတွဲလိုက် ဒုံးတင်ယာဉ် ၄ စီး၊ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက် အပါအဝင် ၁၂၀ မမ အမြောက်များ၊ စိန်ပြောင်းများ၊ လက်နက်နှင့် ခဲယမ်းကျည်များစွာလည်း သိမ်းဆည်း ရရှိ ထားသည်။
ထိုစခန်းသိမ်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်သေဆုံးသကဲ့သို့ မဟာမိတ်တပ်ဘက်လည်း ပေးဆပ်မှုများစွာရှိခဲ့ကြောင်း ၎င်းတို့က ထုတ်ဖော် ပြောဆိုထားသည်။
စစ်ကောင်စီအနေဖြင့် စစ်စခန်းများ၊ မြို့များအပါအဝင် ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်ရကာ စစ်ရေးအရ အထိနာနေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်များလည်း လက်လွှတ်ခဲ့ရပြီး မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းမ ကြီးတလျောက် ပိတ်ဆို့ခံထားရကာ ကုန်သွယ်ရေးများ ရပ်တန့်သွားသည့်အတွက်လည်း စီးပွားရေးအရပါ အထိနာ လျက် ရှိသည်။
ထိုကုန်သွယ်ရေး လမ်းကြောင်းအား ပြန်ပွင့်ရန် စစ်ကောင်စီက ပြင်ဦးလွင်မှ မြေပြင်စစ်ကြောင်းထိုးနိုင်ရေး ကြိုးပမ်းနေ သော်လည်း နောင်ချိုမြို့ နယ်အတွင်း ဖြတ်တောက်တိုက်ခိုက်ခံနေရသည့်အပြင် လမ်းတလျောက်ရှိ သီပေါ၊ ကျောက်မဲ၊ လားရှိုးမြို့နယ်များတွင်လည်း မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
TNLA ပြောခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “ရံဖန်ရံခါ ပြန်ပြီး ထိုးစစ်ဆင်တာမျိုး တွေ့ရတယ်။ ဒါပေမယ့် စစ်အင်အား ဖြည့်တင်းတာ လေကြောင်းက ပြုလုပ်တာ တွေ့ရတယ်၊ မြေပြင်ကတော့ မရှိဘူး၊ လေကြောင်းနဲ့ လက် နက်ကြီး အားပြုပြီးမှ တိုက်ခိုက်နေရတဲ့ အနေအထား ဖြစ်တယ်” ဟု ပြောသည်။
ယမန်နေ့ညနေပိုင်းက MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့သည် ကျောက်မဲနှင့် လားရှိုးမြို့ကြားရှိ ခုတန်စေတီကုန်းတွင် အခြေချနေသည့် စစ်ကောင်စီတပ်စခန်းအား မြေပြင်ထိုးစစ်ဆင်ရာတွင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၈ နာရီခန့် တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
မန္တလေး- PDF ကလည်း ရှမ်းမြောက်ပိုင်းဒေသသို့ စစ်တပ် စစ်ကူမလာနိုင်စေရေး နောင်ချိုနှင့် ကျောက်မဲမြို့နယ် ပြည် ထောင်စုလမ်းမကြီးတလျောက်၌ ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်းနှင့် မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင် ရောက်နိုင်ရေး မတ္တရာမြို့နယ်တွင်လည်း ဗျူဟာမြောက်တိုက်ပွဲများ ဖော်ဆောင်နေကြောင်း ယမန်နေ့က ထုတ်ပြန် သည်။
မန္တလေး- PDF သည် “၁၀၂၇ စစ်ဆင်ရေး” နှင့် တပြိုင်နက် “တောင်သမန်စစ်ဆင်ရေး” အား ဖော်ဆောင်နေခြင်း ဖြစ်ပြီး ၁ လတာအတွင်း မိုးကုတ်၊ မတ္တရာ၊ နောင်ချို၊ ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ သံ ချပ်ကာယာဉ် ၂ စီးအား ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၁၂၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတို့က ကြေညာ ထားသည်။
စစ်ရေးအရ အောင်မြင်မှုများနှင့်အတူ စစ်ကောင်စီက လျစ်လျူရှုထားသည့် အွန်လိုင်း ငွေကြေးလိမ်လည်မှု တိုက်ဖျက် ရေးမှာလည်း ထိရောက်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှု တထပ်တည်းကျချိန်တွင် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ အခြေစိုက်ရာ လောက်ကိုင်မြို့ စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားရသည်။
စစ်ကောင်စီနှင့် ကိုးကန့်ဒေသဦးစီးအဖွဲ့အနေဖြင့် လောက်ကိုင်မြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဝင်ရောက် စီးနင်းကာ တရုတ်နိုင်ငံသား အများအပြားအား တရုတ်နိုင်ငံသို့ ပြန်လွှဲပေးခဲ့ရသည့်အပြင် ဒေသဦးစီးအဖွဲ့ဝင်ဟောင်း၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ မြင်ရွှေချမ်း (ခ)မင်ရှောက်ခန်း၊ သားဖြစ်သူ ရွှေယင်စီ (ပါစင်ကျော် ဒေသ) ပြည်သူ့စစ်ခေါင်းဆောင် မင်ကော်ဖျင်၊ သမီးဖြစ်သူ မင်ကျွိလန်နှင့် မြေးဖြစ်သူ မင်ကျိန်းကျိန်း တို့ကိုလည်း ဖမ်း ဆီး လွှဲပြောင်းပေးခဲ့ရသည်။
မြင်ရွှေချမ်းမိသားစုသည် ဒေသတွင်း အွန်လိုင်းလိမ်လည်မှု၏ ခေါင်းဆောင်ဖြစ်ကြောင်း တရုတ်က ဝရမ်းထုတ်ခဲ့ပြီး ဖမ်းဆီးချိန်တွင် မြင်ရွှေချမ်းမှာ သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပစ်ကာ သတ်သေခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့ သည်။
လက်ရှိတွင် MNDAA နှင့် ပူးပေါင်းတပ်များသည် လောက်ကိုင်မြို့သိမ်းတိုက်ပွဲအား ဆက်လက်ဖော်ဆောင်လျက်ရှိပြီး နိုဝင်ဘာ ၂၄ ရက်တွင် လောက်ကိုင်မြို့အနီး အဓိက အရေးပါသော ဆိုင်တာအိုင်တောင်ကုန်းစစ်စခန်းကို သိမ်းပိုက်ခဲ့ ကြောင်း MNDAA က ပြောထားသည်။
“စစ်ဆင်ရေး ၁ လတာ ကာလအတွင်း ကိုးကန့်အထူးဒေသ ၁ သည် ကိုးကန့်လူမျိုးတို့လက်ထဲရောက်ရှိရန် လက် တကမ်းအလိုတွင် ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် “လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည် လည်း မကြာမီလာတော့မည် ဖြစ်သည်” ဟု ၎င်းတို့က ဆိုထားသည်။
ရှမ်းမြောက်ဒေသတွင် မြို့သိမ်းတိုက်ပွဲများ ဆက်လက် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”အရှိန်သည် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင် စသည့် နေရာအသီးသီးသို့ ကူးစက်ခဲ့ပြီး စစ်ကောင်စီဖြုတ်ချရေး တော်လှန်စစ်၏ အလှည့်အပြောင်း တခုလည်း ဖြစ်ခဲ့သည်။
ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် AA သည် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်ကစပြီး စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည့်အပြင် ကရင်နီဒေသ ပူးပေါင်းတပ်များက “၁၁၁၁ စစ်ဆင်ရေး” အဖြစ် လွိုင်ကော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိကာ၊ ချင်းဒေသ ပူးပေါင်းတပ်အနေဖြင့်လည်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ ဟားခါးမြို့သိမ်း တိုက်ပွဲကိုလည်း ဖော်ဆောင်လျက်ရှိသည်။
နိုဝင်ဘာ ၁၁ ရက်က စတင်သည့် ကရင်နီဒေသ “၁၁၁၁ စစ်ဆင်ရေး”တွင် ထိုနေ့ညနေပိုင်း၌ စစ်ကောင်စီတိုက်လေ ယာဉ်တစင်းအား ပစ်ချနိုင်ခဲ့ပြီး အဓိကလေယာဉ်မှူးဖြစ်သူ ဗိုလ်မှူးခိုင်သန့်မိုးကိုလည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင် အရှင် ဖမ်းဆီးနိုင်ခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ဟန်ချက်ညီစစ်ရေး ဖော်ဆောင်မှုအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက ခရိုင်မြို့ ဖြစ်သည့် ကောလင်းမြို့အား နိုဝင်ဘာ ၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကောလင်းမြို့ သိမ်းပိုက်ခံရသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီက ထိရောက်သည့် တန်ပြန်ထိုးစစ်ပြု လုပ်နိုင်ခြင်းမရှိဘဲ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မြို့နယ်များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
“၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်တိုက်ခိုက်နေသည့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) နှင့် ဒေသခံ PDF အဖွဲ့ တချို့က ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲတော့မည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် စစ်ဆင်ရေးဧရိယာအတွင်းမှ ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းပေးကြရန်လည်း ယမန် နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ “၁၀၂၇ စစ်ဆင်ရေး” သက်ရောက်မှု ထိုးစစ်များ အခြားတိုင်းနှင့်ပြည်နယ်များတွင်ပါ ကျယ်ပြန့်လာလျက်ရှိရာ စစ် ဆင်ရေး ၁ လပြည့်ချိန်မှစပြီး ထိုးစစ်များ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။
“Nationwide Operation (တနိုင်ငံလုံး ပါဝင်သော စစ်ဆင်ရေး) သည်လည်း မိမိတို့စစ်ဆင်ရေး တလပြည့်သည့် နိုဝင် ဘာ ၂၇ ရက်တွင် နောက်တဆင့်တက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်” ဟု ညီနောင်မဟာမိတ်အဖွဲ့က ဆိုထားသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းဒေသရှိ အဓိကအရေးပါသော မြို့များ၊ တပ်စခန်းကုန်များကို သိမ်းပိုက်ကာ မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျောက် စစ်ကောင်စီတပ်အား ပိတ်ဆို့ဖြတ်တောက်ထားသည့် “၁၀၂၇ စစ်ဆင် ရေး” သည် အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့အား သိမ်းပိုက်နိုင်ရေးဆက်လက်ထိုးစစ်ဆင်လျက် ရှိသည်။
“၁၀၂၇ စစ်ဆင်ရေး” တလတာအတွင်း အရေးပါသည့်မြို့များနှင့် တပ်စခန်းရာချီ လက်လွှတ်ဆုံးရှုံးခဲ့သော်လည်း စစ် ကောင်စီဘက်က ယနေ့အထိ မည်သည့် တပ်စခန်း၊ မည်သည့်မြို့ကိုမှ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခြင်း မရှိသေး ဘဲ လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြုနေရပြီး ရှမ်းပြည် မြောက်ပိုင်းဒေသအား ထိန်းချုပ်စိုးမိုးနိုင်ခြင်း မရှိတော့ ပေ။
You may also like these stories:
စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့