စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို နိုဝင်ဘာ ၂၈ ရက် ညပိုင်းကစပြီး ယနေ့ နံနက်အစောပိုင်းအထိ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တပြိုင် တည်း တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ် နေကြောင်း သိရသည်။
တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးရုံး၊ ဆေးရုံ၊ အ.ထ.က (၁) ကျောင်း နှင့် မြို့နယ်ဘောလုံးကွင်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က PDF ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယနေ့ တွင် ဒုတိယအကြိမ်မြောက် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ဒီနေ့မနက်ပိုင်းမှာ ရဲစခန်းရော ထွေအုပ်ရုံးရောကို တိုက်ခိုက် နိုင်ခဲ့တယ်။ ရဲစခန်းကိုလည်း မီးရှို့ထားနိုင်ခဲ့ပါတယ်၊ အကုန်လုံး သိမ်းပိုက်နိုင်ခဲ့တဲ့အနေအထားထိ ရောက်ခဲ့တယ်။ သူတို့ ဘက်က စစ်ခွေးနဲ့ ပျူတွေ အသေအပျောက်လည်း များတယ်။ မနက် ၅ နာရီကျော်လောက်မှာ တံတားဦးက တက်လာ ပြီးတော့ လေကြောင်းကနေ လာပစ်တာကြောင့် ကျနော်တို့ ချက်ချင်း ပြန်ဆုတ်နိုင်ခဲ့ကြပါတယ်” ဟု ဧရာဝတီကို ပြော သည်။
နိုဝင်ဘာ ၂၂ ရက် တိုက်ပွဲအပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ တွင်သာ အခိုင်အမာတပ်စွဲထားနိုင်တော့သည့် အခြေအနေတွင်ရှိကာ၊ ထိုနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ပါက တန့်ဆည်မြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်မည့်အခြေအနေသို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့တိုက်ပွဲတွင် ရွှေဘိုခရိုင်ရင်း ၉ မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး လက်ရှိ၌ စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ကြောင်း တန့်ဆည် PDF က ဆိုသည်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တဦးက “နယ်မြေလုံခြုံရေးအရ တန့်ဆည်အခြေအနေ အသေး စိတ်ကိုတော့ ပြောလို့ မရနိုင်သေးပါဘူး။ ဖိုက်တာနဲ့ ၂ ကြိမ် ပစ်ပြီးပြီ။ နမခက တက်လာတဲ့ Mi 35 နဲ့ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ပစ်ခတ်တာတွေ လုပ်သွားတယ်။ ရဟတ်ယာဉ်တွေနဲ့ပါ လူတွေချပြီး အင်အားဖြည့်တာတွေလည်း လုပ်နေကြတယ်။ အဲဒီလို အခြေအနေတွေကြောင့် နယ်မြေတည်ငြိမ်ပြီဆိုမှ သက်ဆိုင်ရာအဖွဲ့တွေကနေ အသေးစိတ် သတင်းထုတ်ပြန်တာ တွေ လုပ်ပါလိမ့်မယ်”ဟု ပြောသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သဖြင့် တိုက်လေယာဉ်၊ Mi 35 ရဟတ်ယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သလို Mi17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် လူအင်အားဖြည့်တင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အနေဖြင့် နံနက် ၆ နာရီ၊ နေ့လယ် ၁ နာရီခွဲ၊ နေ့လယ် ၃ နာရီကျော်အချိန်များ တွင် တန့်ဆည်မြို့ပေါ် သို့ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့သလို Mi 35 များဖြင့်ပါ ပစ်ကူများ ပေးခဲ့ကြောင်း တန့်ဆည်ဒေသတွင်း သတင်းများကဆိုသည်။
တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက ရေဦးမြို့ ပေါ်မှတဆင့် တန့်ဆည်ဘက်သို့ ကုန်းကြောင်း၊ လေကြောင်းတို့မှ စစ်ကူပေးရန် ကြိုးစားနေခြင်းများလည်း ရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
တန့်ဆည်မြို့ပေါ်တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကလည်း တန့်ဆည်မြို့ပေါ်တွင် KIA/PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် တိုက်ခိုက်နေကြောင်း၊ ည ၁၂ နာရီမထိုးခင်က တိုက်ပွဲ စဖြစ်ပြီး ယခုမိုးလင်းသည်အထိ တိုက်ပွဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ KIA/PDF အကြမ်းဖက်သမားများက တန့်ဆည်မြို့တွင်း၌ မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသဖြင့် လေယာဉ်ပစ်ကူပေးစေလိုကြောင်း ဖြန့်ဝေရေးသားထားသည်။
ထို့ပြင် တန့်ဆည်မြို့ တိုက်ပွဲပြင်းထန်ပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာများကို PDF အဖွဲ့များက တိုက်ခိုက်နေကြပြီး တပ်မတော်မှ စစ်ကူများရောက်ရှိကာ PDF အဖွဲ့နောက်သို့ လိုက်နေကြပြီး အပြင်မှလည်း PDF အဖွဲ့များအား ပိတ်ဆို့ထား ခြင်းများ ပြုလုပ်ထားသည်ဟုလည်း ထည့်သွင်းဖော်ပြထားကြသည်။
တန့်ဆည်မြို့တွင် ရပ်ကွက် ၄ ခု အိမ်ခြေ ၃ ထောင်ခန့်ရှိကာ မြို့ခံများမှာ နိုဝင်ဘာ ၂၂ ရက် တိုက်ပွဲ ဖြစ်ပွားချိန်ကတည်းက မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည် မြို့နယ် ပ.က.ဖ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ ကြောင်း သိရသည်။
တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားသောနေရာများကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်ကလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် တန့်ဆည်မြို့ပေါ်၌ စစ်ရေးများ တင်းမာနေသေး၍ စစ်ရှောင်များ နေအိမ်များသို့ မပြန်သေးဘဲ လုံခြုံသည့်နေရာများတွင်သာ နေထိုင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေး နှိုးဆော်ထားကြသည်။
You may also like these stories:
မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်