တရုတ်နှင့်မြောက်ပိုင်းနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ထိုးစစ်တွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခု၏ ညီနောင်မဟာမိတ်အဖွဲ့က အောက်တိုဘာလတွင် ရုတ်တရက် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့် အဆိုပါ ထိုးစစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်တပ်စခန်း ဒါဇင်ပေါင်းများစွာနှင့် တရုတ်နှင့် ကုန်သွယ်ရေးအတွက် အရေးပါသည့် မြို့ကို သိမ်းပိုက်ထားသည်။
လွန်ခဲ့သောလက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် “ပြည်ပ ဒရုန်းကျွမ်းကျင်သူများ” ပါဝင်ပတ်သက်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြောင်း စစ်ကောင်စီကြေညာချက်အရ သိရသည်။
စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် “အဆင့်မြင့် ဒရုန်းနည်းပညာ” သုံးနေကြောင်း ၎င်းက ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
ထို “ပြည်ပ ကျွမ်းကျင်သူများ” သည် မည်သည့်နိုင်ငံမှ ဖြစ်သည်ကိုလည်း မပြောပေ။
ဒရုန်းများဖြင့် ဗုံးများချသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်သည် စခန်းအချို့မှ ဆုတ်ခွာရသော်လည်း စစ်တပ်က အသေးစိတ်ဖော်ပြခြင်း မရှိပေ။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ခြေလျင်တပ်မှ ဗိုလ်မှူးချုပ်တဦး တရုတ်နယ်စပ်အနီး မုန်းကိုးတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခံရသောကြောင့် သေဆုံးကြောင်း စစ်တပ်သတင်းရင်းမြစ်တခုက AFP သတင်းဌာနသို့ ပြောသည်။
တရုတ်သည် စစ်ကောင်စီအတွက် အဓိက လက်နက်ထောက်ပံ့သူနှင့် မဟာမိတ်ဖြစ်သော်လည်း တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ငွေကြေးလိမ်လည်ဂိုဏ်းများကို စစ်ကောင်စီက နှိမ်နင်းရန် ပျက်ကွက်သောကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆက်ဆံရေး တင်းမာနေသည်။
ယခုလအစောပိုင်းတွင် ဆန္ဒပြသူများသည် ရန်ကုန်တွင် ရှားရှားပါးပါး စုဝေးပြီး တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များကို ထောက်ပံ့နေသည်ဟု စွပ်စွဲသည်။ ထိုဆန္ဒပြပွဲသည် စစ်ကောင်စီက ခွင့်ပြုသောကြောင့် ဖြစ်လာသည့် ဆန္ဒပြပွဲဖြစ်သည်ဟု သုတေသီများက ပြောသည်။
တရုတ်သို့ပေးပို့သည့် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း၊ ဒေါ်လာ ဘီလီယံချီတန်သည့် ရထားလမ်း စီမံကိန်းတို့ရှိသော ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများကို “လွန်စွာစိတ်ပျက်ကြောင်း” တရုတ်က ပြောသည်။
၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီးနောက် စစ်တပ်သည် စစ်ကောင်စီဆန့်ကျင်ရေး အရပ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ လက်နက်ကိုင်ခုခံမှုကို နှိမ်နင်းရန် ကြိုးစားနေရသည်။
သို့သော် မြို့များကို သိမ်းပိုက်ပြီး စစ်ကောင်စီကို အဓိကထောက်ခံသူ တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့သည့် ယခု ထိုးစစ်သစ်သည် စစ်ကောင်စီဗိုလ်ချုပ်များအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ကြောင်း သုတေသီများက ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုးစစ် စတင်ပြီးနောက် ကလေးငယ်များ အပါအဝင် အရပ်သား ၂၀၀ ကျော် သေဆုံးပြီး လူပေါင်း ၃၃၅,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ပြောသည်။
ကိုးကား ။ ။ AFP သတင်း Myanmar Junta Chief Says ‘Foreign Experts’ Helping in Offensive Against Military
You may also like these stories:
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ
Federal Wings ဒရုန်းတပ်ဖွဲ့၏ သတိပေးချက် မြဝတီမြို့ခံများ စိုးရိမ်
သူတို့ရဲ့ အကြောက်ဆုံးအရာက ဒရုန်းဖြစ်နေပြီ (ရုပ်/သံ)
မိုင်းခွဲခံရသည့် တံတားလာစစ်သော စစ်ကောင်စီအဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲခံရပြီး ၂ ဦး သေ