ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ထောင်နှင့်ချီ သည့် စစ်ရှောင်များကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့သည့်အတွက် အခက်အခဲများကြုံနေရကြောင်း ကရင်နီ စစ်ရှောင်များက ဆိုသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းတို့နယ်နိမိတ်အတွင်း လာရောက်ခိုလှုံသည့် ကရင်နီစစ်ဘေးရှောင်များအား အောက်တိုဘာလအတွင်းကတကြိမ်၊ ယခုနိုဝင်ဘာလအတွင်း၌တကြိမ် နေရပ်ပြန်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မှ စစ်ရှောင်လာသူတဦးက “ဇွန်လကတည်းက ထိုင်းဘက်ကို စစ်ရှောင်လာရတယ်။ မယ်စဲ့ဘက်၊ ဒေါနှိုကူး၊ ရှားတောဘက်ကနေ ရှောင်လာကြတယ်။ လတော်တော်ကြာလောက် ရှောင်လိုက်ရတယ်။ နိုဝင်ဘာ ၂၅/၂၆ လောက် မှာ ထိုင်းနိုင်ငံကနေ ကရင်နီပြည်ထဲကို ပြန်ပို့တာခံရတယ်” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းသဖြင့် ပြန်လာခဲ့ကြရသော်လည်း စစ်ရှောင်များအနေဖြင့် မလုံခြုံမှု၊ စားဝတ်နေ ရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် အဆိုပါ စစ်ရှောင်များအနေဖြင့် ထိုင်း-မြန်မာနယ်ခြား ဟိုစဲ့ရွာရှိ စစ်ရှောင်စခန်းများ၌ ယာယီတဲများထိုးပြီး နေထိုင်နေရကြောင်း သိရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ကိုဗညားက “ထိုင်းကတော့ သူတို့ရဲ့ မူဝါဒအတိုင်းပဲ ဖြစ်မယ်ထင်တယ်။ မူဝါဒ လို့ပြောရင်တော့ ယာယီခိုလှုံခွင့်ပဲ ပေးတယ်ပေါ့။ တိုက်ပွဲကြောင့် ယာယီခိုလှုံစောင့်ရှောက်တယ်ဆိုတဲ့ အဆင့် လောက် ပဲ ရှိပါတယ်။ ထွက်ပြေးတဲ့သူတွေ လာရာအရပ်မှာ တိုက်ပွဲမှာမရှိတော့ဘူး၊ အေးချမ်းပြီလို့ သူတို့သတ်မှတ်ရင် ပြန်ပို့လေ့ရှိပါတယ်။ ဒါက သူတို့လုပ်နေကျလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
မယ်စဲ့ဘက်တွင် စစ်ကောင်စီတပ်များ မရှိသလောက်ဖြစ်နေပြီ ဆိုသော်လည်း စိတ်ချရသည့် အခြေအနေရောက်မှ သာလျှင် ကရင်နီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအား ပြန်လည်နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “မယ်စဲ့ဘက်မှာတော့ စစ်ကောင်စီ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ နည်းနည်းပဲကျန်တော့တယ်။ လူထုအနေနဲ့ မကြာမီ ၂/၃ လအတွင်း မိုင်းရှင်းလင်းရေးတွေ၊ စိတ်ချရတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖော်နိုင်အောင် ကြိုးစားနေတယ်။ ဒါတွေဖြစ်ပြီဆိုရင် လူထုကို စိတ်ချရတဲ့မြို့တွေမှာ ပြန်နေခွင့်ပေးမှာပါ။ ကာလတခုတော့ကြာမယ်” ဟု ပြောသည်။
မယ်စဲ့မြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ၌ ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၅ ထောင်ကျော် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် မယ်ဟောင်ဆောင်ခရိုင်ထဲ စစ်ရှောင်တချို့ ကျန်ရှိနေသေးကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် အဆိုပါ စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ခြင်းမှ ရပ်တန့်ပေးရန် လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ (HRW) က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံဘက်မှ အတင်းနှင်ထုတ်ပြီး ရက်ပိုင်းအတွင်း ပြန်လည်ရောက်ရှိလာခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ တွင် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ရသည်ကို ပြသနေကြောင်းနှင့် မြန်မာဒုက္ခသည်များအား အတင်းအကျပ် နှင်ထုတ်ခြင်းမပြုရန် HRW ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Elaine Pearson က တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၉ သောင်းခန့်ကို ဒုက္ခသည် စခန်း ၉ ခုတွင် လက်ခံထားရှိသလို ၂၀၂၁ အာဏာသိမ်းပြီးချိန်၌လည်း ဒုက္ခသည် ၄ သောင်းခွဲခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်များအား ထိုင်းအစိုးရက နယ်စပ်အနီးရှိ ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း နေရပ်ပြန်ပို့ခြင်းများရှိနေပြီး အသစ်ရောက်ရှိလာသူများကို လက်ရှိဒုက္ခသည်စခန်းများဆီ ဝင်ရောက်ခွင့်မပြုဘဲ ၎င်းတို့ ၏ သွားလာလှုပ်ရှားမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများရရှိရေးတို့ အတွက် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့ကြောင်း HRW အဖွဲ့က ဆိုထားသည်။
လူဦးရေ ၄ သိန်းခွဲခန့်ရှိသည့် ကရင်နီပြည်နယ်တွင် ၃ သိန်းခန့်မှာ စစ်ဘေးရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ထံမှ သိရသည်။
You may also like these stories:
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်နေ
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ
စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ