ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဖော်ဆောင်မှုအနေဖြင့် နိုဝင်ဘာလအတွင်း မြို့ ၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း နယ်မြေ ထိန်းချုပ်စိုးမိုးမှု ပိုမိုအားကောင်းလာကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူများက ပြောသည်။
CDF ပူးပေါင်းတပ်များအနေဖြင့် နိုဝင်ဘာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမြို့ ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါဒါရ်မြို့၊ မတူပီမြို့ နယ် လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့အား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ယခင်ကလည်း စစ်ကောင်စီတပ်များ စွန့်ခွာသွားသည့် ဖလမ်းမြို့နယ်မှ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်မှ နှာရိန်မြို့နှင့် ဟားခါးမြို့နယ်မှ ဆူရ်ခွာမြို့၊ မင်းတပ်မြို့နယ်မှ မကွီးအိမ်နူးမြို့တို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည့်အတွက် စုစုပေါင်းမြို့နယ် ခွဲအဆင့် မြို့ ၇ မြို့အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းဒေသ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် CJDC ထံမှ သိရသည်။
လက်ရှိ ချင်းပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် မြို့ပေါ်ရှိ တပ်စခန်းများနှင့် အခြေချ တပ်စခန်းကုန်းတချို့၌သာ နေရာယူ နိုင်သည့် အခြေအနေဖြစ်ပြီး ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ယန္တရားများလှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ လေကြောင်းဖြင့်သာ အဓိက လှုပ်ရှားနိုင်ကြောင်းလည်း CDJC အထွေထွေ အတွင်းရေးမှူး ဆလိုင်းတင်မီက ပြောသည်။
၎င်းက “စခန်းတွေ ဆုတ်ခွာပြီး မြို့ပေါ်နဲ့ တပ်စခန်းကြီးအချို့မှာပူးပေါင်း နေရာယူထားတယ်။ စစ်ကြောင်းထိုးဖို့ မပြောပါနဲ့ သူတို့ဟာ သူတို့ (စစ်ကောင်စီ) လုံခြုံအောင်ပဲ ကာကွယ်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ သူတို့က ခံစစ်အနေနဲ့ ပြင်ဆင် နေသလို ကျနော်တို့ဘက်ကလည်း မြို့တွင်းစစ်ဆင်ရေးကြီးတွေကို တဖြည်းဖြည်းနဲ့ လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ချင်းတောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရေဇွာမြို့အား နိုဝင်ဘာ ၂၆ ရက်ကစတင်ပြီး “ZZLMS စစ်ဆင်ရေး” အနေဖြင့် တိုက်ခိုက်ရာ နိုဝင်ဘာ ၂၉ ရက်တွင် ချင်းဒေသ ကာကွယ်ရေးပူးပေါင်းတပ်များ အပြီးတိုင် သိမ်းပိုက် နိုင်ခဲ့သည်။
“ZZLMS စစ်ဆင်ရေး” ဆိုသည်မှာ ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဒေသတွင်းလူမျိုးစုကာကွယ်ရေး တပ်ဖွဲ့ ၅ ဖွဲ့ဖြစ်သည့် CDF-Zotung (ဇိုတုန်)၊ CDF- Zophei (ဇိုဖေ)၊ CDF-Lautu (လောက်တူ)၊ CDF-Mara (မရာ) နှင့် CDF-Senthang (ဆဲန် ထန်) တို့၏အမည် အစ စာလုံးများကို အစွဲပြု၍ ပေးထားခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀ ဦးခန့် လက်ရဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက် တပ်ဖွဲ့ဝင်အချို့ သေ ဆုံးကာ ချင်းဒေသ ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်ကလည်း ၃ ဦး သေဆုံးခဲ့သည်။
ရေဇွာမြို့သည် မတူပီမြို့နှင့် ဟားခါးမြို့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး စစ်ရေးအရအရေးပါသည့် နေရာ ဖြစ်ကြောင်းလည်း CDF-Zotung တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ရေဇွာမြို့က လုံးဝ အချက်အချာကျတဲ့နေရာ၊ ချင်းတောင်ဘက်နဲ့ မြောက်ဘက်ကို စစ်ရေးအရပဲကြည့်ကြည့် ကဏ္ဍ အမျိုးမျိုးကြောင့် သွားလာလှုပ်ရှားတဲ့အခါမှာ လယ်ကူစွာ သွားလာနိုင်တော့မှာဖြစ်တယ်၊ ဒါကြောင့်မို့လို့ တော်လှန်ရေး အတွက် လုံးဝကို အထောက်အကူပြုပါတယ်” ဟု ပြောသည်။
ရေဇွာမြို့အနောက်ဘက်ရှိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်အကြား မြန်မာ-အိန္ဒိယဆက်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ လိုင်လင်းပီမြို့ကိုလည်း CDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၄ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
လိုင်လင်းပီမြို့တွင် စစ်ကောင်စီက အင်အားသုံးဆယ်ကျော်ဖြင့် အထိုင်ချတပ်စွဲခဲ့ပြီး CDF ပူးပေါင်းအဖွဲ့၏ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။ ထိုသို့ ထွက်ပြေးသွားသူများအား အိန္ဒိယ၊ အာသံရိုင်ဖယ်တပ်ဖက်က လာရောက် ခေါ်ဆောင်သွားခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
လိုင်လင်းပီမြို့သည် စစ်ဘေးရှောင်များ ဆက်သွယ်သွားလာရာတွင်လည်းကောင်း၊ စစ်ရေးအရ ချိတ်ဆက်ဆောင်ရွက်ရာ တွင်လည်းကောင်း လုံခြုံရေးအရ မဟာဗျူဟာကျသည့်မြို့ဖြစ်ပြီး လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးအတွက် ပြည်သူ့ အုပ်ချုပ်ရေးအား ပူးတွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) နှင့် CDF-Mara က ကြေညာထား သည်။
ကြားကာလ မရာ (Mara) နယ် ကောင်စီ၊ အမှုဆောင်အရာရှိချုပ် ကိုဂျိမ်းက “မရာနယ်နဲ့ ဇိုတုန်ဒေသမှာတော့ စစ်ကောင်စီကို အားလုံး ဖယ်ရှားလိုက်ပြီ။ ကိုယ့်ဟာကိုယ် စီမံအုပ်ချုပ်ဖို့ အချိန်က နီးစပ်လာပါပြီ။ စကစ မြေပြင်ကနေ စစ်ကြောင်း လာထိုးမယ့်ဟာ မရှိတော့ပါဘူး။ လေကြောင်းကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ပြီး ချထားဖို့ကလည်း မရှိနိုင်တော့ဘူး မှတ်ယူတယ်” ဟု ပြောသည်။
လိုင်လင်းပီမြို့အား CDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သော်လည်း ဒေသခံ စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်မှုရှိသည့်အတွက် ယမန်နေ့အထိ မြို့အတွင်း ပြန်လည်အခြေချနေထိုင် ခြင်း မရှိသေးဘဲ နီးစပ်ကျေးရွာများတွင် ခိုလှုံနေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ် စခန်းနှစ်ခုအား CNF နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် တပ်ဖွဲ့အများအပြားမှာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။
တိုက်ပွဲများတွင် စစ်ကောင်စီဘက်က မြေပြင်စစ်ကူမရှိခဲ့ဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် အဓိကအားကိုး ခုခံခဲ့ရပြီး မြို့များအား လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။
ဆလိုင်းတင်မီက “ကျနော်တို့ စခန်းတခု သိမ်းမယ်ဆို သူတို့ သိတယ်။ ဒါပေမယ့် သူတို့ စစ်ကူကို လုံးဝ မလွှတ်နိုင်တဲ့ အခြေ အနေမှာ ရှိတယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အရမ်းကို ကျဆင်းနေတယ်၊ သိမ်းဆည်းရရှိတဲ့ ခဲယမ်းကျည်ဆန် ကြည့်ရင်လည်း သိပ်ပြီး မဖြည့်နိုင်တော့တဲ့ အခြေအနေမျိုး တွေ့ရတယ်။ သူတို့ တပ်ပျက်နေတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ နေရာအများအပြားတွင် တိုက်ပွဲများ ဖော်ဆောင်နေသည့်အတွက် ချင်းပြည်နယ်အတွင်း ၌လည်း CDF ပူးပေါင်းတပ်များက မြို့ပြစစ်ဆင်ရေးနှင့် မြို့သိမ်းတိုက်ပွဲများအား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
၎င်းက “၂၀၂၄ လောက်မှာ ဆိုရင်တော့ ကျနော်တို့ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြော သည်။
CDF- ဟားခါးအနေဖြင့်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ အခြေစိုက်ရာ ဟားခါးမြို့အား သိမ်းပိုက်ရန် စစ်ဆင်ရေး လုပ်ဆောင်မည်ဖြစ်ပြီး မြို့သိမ်းစစ်ဆင်ရေး အကြိုအနေဖြင့် နိုဝင်ဘာ ၂၆ ရက်နှင့် ၁၇ ရက်တို့တွင် မြို့တွင်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ အခိုင်အမာနေရာယူထားသော တရွန်အိုင်ဗျူဟာကုန်းနှင့် နှုံးဘူးဗျူဟာကုန်းတို့အား ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
မြန်မာနိုင်ငံအနောက်ဘက် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့တွင် ပလက်ဝမြို့နယ် မှ လွဲ၍ ကျန် ၈ မြို့နယ်အား စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ