စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ပိုင်း ညောင်ဖြူပင်တိုက်နယ်ရှိ ကြာပိုင်(ကျပိုင်)ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ ၂ ရက်က ဝင်စီးပြီး ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ကာ အိမ်များမီးရှို့ ခဲ့သဖြင့် ဘေးလွတ်ရာတိမ်းရှောင်နေသည့် ဒေသခံများ ယနေ့အချိန်ထိ ရွာသို့ မပြန်ရဲကြသေးကြောင်း သိရသည်။
ကြာပိုင်ကျေးရွာသည် မုံရွာမြို့တောင်ဘက် ၈ မိုင်ကျော်အကွာရှိ အိမ်ခြေ ၁ ထောင်ကျော် လူဦးရေ ၃ ထောင်ကျော်နေ ထိုင်သော ကျေးရွာကြီးဖြစ်ကာ ဒေသခံအများစုမှာ ကွမ်းစိုက်ပျိုးမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရ သည်။
စစ်ဘေးရှောင်များအား ကူညီနေသူတဦးက “စစ်ကြောင်း ပြန်ထွက်သွားပေမယ့် လောလောဆယ်ထိတော့ ဘယ်သူမှ ရွာပြန်မကပ်ရဲကြသေးဘူး၊ နေ့ခင်းနေ့လယ် ပစ္စည်းသွားယူတာ၊ အိမ်မှာ ကျန်ခဲ့တဲ့အရေးကြီးပစ္စည်းသွားသိမ်းတာမျိုး လောက်ပဲ လုပ်ကြတယ်၊ အဓိကတော့ အခုလိုမျိုး နောက်တကြိမ် အလစ်အငိုက်ဝင်စီးတာမျိုးလုပ်ခံရမှာ ကြောက်တာ ရယ်၊ မီးရှို့ခံထားရတာတွေကို သေချာမရှင်းလင်းရသေးတာရယ်၊ စစ်တပ်က မိုင်းထောင်သွားမှာမျိုးတွေကို စိုးရိမ်တာ လည်း ပါတာပေါ့”ဟု ပြောသည်။
မြေနဲရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် တောပုရွာမှ ပျူစောထီး အင်အား ၈၀ ကျော်က ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီကျော်အချိန် ဝင်စီးပြီး အိမ်များကို မီးရှို့ဖျက်ဆီးကာ ညနေ ၃ နာရီကျော်မှ ပြန်ထွက်သွားကြောင်း၊ ထိုနောက် ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ကျေးရွာအတွင်း ဝင်ရောက်မီးငြှိမ်းသတ်ရာ ရွာအလယ် နေအိမ်တလုံး၌ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရထားသော အမျိုးသားအလောင်း ၁၁ လောင်းထိ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မုံရွာခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူတဦးက “ကျနော်တို့ ကိုယ်တိုင် အလောင်းတွေကို ကောက်ယူပြီး သဂြိုဟ်ပေးခဲ့ ရတာ ၁၁ လောင်းထိ ရှိပါတယ်။ နောက်ထပ် အလောင်းတွေ တွေ့တယ်လို့ သိရပေမယ့် အဲဒါကိုတော့ အတည်ပြုလို့ မရပါဘူး။ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ညနေပိုင်း စစ်ကြောင်းထွက်သွားချိန်မှာတော့ မီးငြှိမ်းပေးတာတို့ အလောင်းကောက်ပေးတာ၊ နယ်မြေရှင်းလင်းရေးနဲ့ တွေ့ရတဲ့ရုပ်အလောင်းတွေကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ သဂြိုဟ်ပေးပြီးပါပြီ”ဟု ပြောသည်။

ကြာပိုင်ရွာအား ဝင်ရောက်စီးနင်းချိန်တွင် အဖမ်းခံရသူ ၆၀ ကျော်ထိရှိခဲ့ပြီး အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးခဲ့သော်လည်း လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများအား ပြန်မလွှတ်မပေးခင် ရွာလယ်ခေါင်ရှိ ဘုရားဝင်းအတွင်းမှနေ၍ နေအိမ်များ မီးလောင်နေ မှုကို ကြည့်ခိုင်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ကြာပိုင်ဒေသခံတဦးက “တောပုနဲ့ ကျနော်တို့ရွာက ကပ်နေတာ အလွန်ဆုံး ၁ မိုင်ခွဲပေါ့။ မထင်မှတ်ထားတဲ့အချိန်မှာ ဝင်စီးတာဆိုတော့ တော်တော်များများက ပြေးချိန်မရလိုက်ဘဲ အဖမ်းခံလိုက်ကြရတာ။ တောအလုပ်ထဲမှာ မိတဲ့သူတွေ ရော၊ အိမ်တွေထဲမှာ ကျန်နေခဲ့တဲ့သူတွေရော အဖမ်းခံလိုက်ရတာ ၆၀ ကျော်ထိရှိခဲ့တာမှာ မိန်းမတွေနဲ့ သက်ကြီးရွယ် အို တွေကို ပြန်လွှတ်ပေးပြီး အသတ်ခံလိုက်ရတဲ့သူတွေကို ဆက်ဖမ်းခံထားရတဲ့သူတွေ။ သတ်ခံရပြီးမှ မီးရှို့တာလား၊ အရှင်လတ်လတ် လှောင်ပိတ်ပြီး မီးရှို့သွားတာလားဆိုတာတော့ မသိရဘူး” ဟု ပြောသည်။
အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရထားသူများမှာ အသက် ၂၀ မှ ၅၃ နှစ်အရွယ် အမျိုးသားများဖြစ်ကြကြောင်း သိရသည်။
ကြာပိုင်ရွာသားတဦးက “ကာကွယ်ရေးအဖွဲ့တွေနဲ့ ရွာထဲကို ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်တာ မီးလောင်ထားတဲ့ အိမ် တလုံးထဲက မီးကျွမ်းထားတဲ့ အလောင်း ၁၀ လောင်းထိ တွေ့ခဲ့ကြရတာ၊ အများစုက ဘယ်သူဘယ်ဝါဆိုတာကို သိဖို့ တောင် မလွယ်တော့တဲ့ အနေအထားမျိုးတွေပါ။ အချို့ဆိုရင် အရိုးစု၊ အချို့ဆိုရင် မီးလောင်ကျွမ်းလို့ ဘာမှမကျန်တော့ ဘူး။ အလောင်းတွေက ဘယ်လိုမှ မပီတော့တာကြောင့် မိသားစုဝင်တွေက သူတို့ အမှတ်အသားလေးတွေ၊ အင်္ကျီ အမှတ်အသားလေးတွေကို ကြည့်ပြီးတော့မှ ခွဲခြားအတည်ပြုထားခဲ့တာပါ”ဟု ပြောသည်။

ဒီဇင်ဘာ ၁ ရက်ညပိုင်းတွင် တောပုရွာပျူစခန်းနှင့် မုံရွာမြို့အဝင် မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက်ဆီဆိုင်အနီး ဖွင့်လှစ်ထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရမှုကြောင့် တောပုရွာနှင့်ကပ်လျက်ရှိသော ကြာပိုင် ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက်စီးနင်းချိန်တွင် နေအိမ်များမှ တန်ဖိုးကြီးပစ္စည်း ရွှေငွေများနှင့် ထွန်စက်၊ ဆိုင်ကယ်၊ ဖုန်း၊ အိမ်တွင်းပရိဘောဂစသည့် ပစ္စည်းများကို တောပုကျေးရွာရှိ ပျူစခန်းသို့ ယူဆောင်သွားကြကြောင်း သိရသည်။
“ရွာကို ဝင်စီးပြီး မီးမရှို့ခင်ကတည်း ပစ္စည်းတွေ၊ အိမ်တွင်း ပရိဘောဂတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို ကွင်းပြင်တခုထဲ မှာ စုပုံထားပြီးတော့မှ မီးရှို့ကြတာ၊ ထွန်စက်၊ ထော်လာဂျီတွေရော ဆိုင်ကယ်တွေရော ပါသွားတယ်၊ ရွာကို ပြန်မကပ် ရဲကြသေးတော့ ဘယ်လောက်အထိ ခိုးယူခံလိုက်ရတယ်ဆိုတာ အသေးစိတ်တော့ မသိနိုင်သေးဘူး။ ကျနော့်အိမ် ကနေ TV၊ အောက်စက်၊ ရေစုပ်စက်တွေကအစ အကုန်မရှိတော့ဘူး။ အချို့လည်း အိမ်က မီးထဲပါမသွားပေမယ့် ဖျက်ဆီးခံရ တာပစ္စည်း ခိုးခံရတာတွေကြောင့် ဘာမှမကျန်သလောက်ပဲ” ဟု ကြာပိုင်ဒေသခံတဦးက ပြောသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် “စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု စစ်တမ်း” ကို ထုတ်ပြန်ခဲ့ရာ ယခုနှစ် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ၁ လကျော်ကာလအတွင်း ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁ ကြိမ်၌ စစ်ကိုင်းတိုင်းတွင် ၄ ကြိမ်အထိ ပါဝင်နေသလို စစ်ကောင်စီ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ၃၀၉ ဦးထိ သေဆုံးခဲ့ရာ တွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ကာ ၁၀၂ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
You may also like these stories:
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်