စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက် (Online Trading) တွင် အရောင်းအဝယ် ပြုလုပ်သည့် ငွေလဲနှုန်းကို သတ်မှတ်ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်လိုက်သောကြောင့် တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲနှုန်းပေါ်မူတည်၍ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုမည် ဖြစ်သော်လည်း ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရမည်ဟု ဆိုသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဟုဆိုကာ ဖွဲ့စည်းထားသော အဆိုပါကော်မတီသည် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူနိုင်ခြင်း မရှိသော တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ စသည်တို့ကိုဝယ်ယူရေးအတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုခြင်းအပါအဝင် ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည် ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများ ပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည်တို့ကို စိစစ်ဆောင်ရွက်ရသည်။
ယခုထုတ်ပြန်လိုက်သော စစ်ကောင်စီကြေညာချက်အရ ယခင် သတ်မှတ်ထားသည့် ၁ ဒေါ်လာ ၂,၁၀၀ ကျပ်နှင့် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကိုမူ ဆက်လက် ဖြတ်တောက်သွားမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုသာ ပို့ကုန်လုပ်ငန်းရှင်မှ လွတ်လပ်စွာ အပြင်ဈေးဖြင့် ရောင်းချခွင့်ပေးလိုက်ခြင်းဖြစ်၍ ယခင်ကဲ့သို့ Online Trading စနစ်ဖြင့် ၁ ဒေါ်လာလျှင် ၂,၉၂၂ ကျပ်ဖြင့် ရောင်းချရန် မလိုတော့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့မှ ဒေါ်လာငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတဦးက “လောလောဆယ်တော့ ၁ ဒေါ်လာ ၃,၅၆၀ ကျပ်ပေါ့။ အလုပ်လုပ်တဲ့သူကတော့ လုပ်တယ်။ ဒါပေမယ့် တော်တော်များများကတော့ ထိုင်ကြည့်ပေါ့။ အခုက ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်း ၁ ဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ ဖြတ်မှာက ဆက်ရှိနေမှာ။ ဒါကြောင့် ဒီဟာကို ပြင်မပေးဘဲနဲ့ ပို့ကုန်သမားကလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ အခု သူတို့ တဆင့်ဖြည်ပေးတယ်ဆိုတာလည်း သူတို့ထိန်းတယ်၊ ဖမ်းတယ်၊ လုပ်တယ်။ မအောင်မြင်တော့ လုပ်ပေးတာ။ အခုကတော့ လန့်ပြီးဈေးက ခုန်တက်တဲ့ သဘောပဲ၊ မနေ့ကနဲ့ဆို ၁ ဒေါ်လာ ၈၀ ကျပ်၊ ၉၀ ကျပ်လောက် တက်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒီဇင်ဘာ ၅ ရက်က အမေရိကန် ၁ ဒေါ်လာလျှင် ၃,၄၆၀ ကျပ်ဝန်းကျင်ရှိရာမှ ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် ၁ ဒေါ်လာ ၃,၅၆၀ ကျပ်အထိ တက်လာခြင်းဖြစ်ပြီး အရောင်း အဝယ်အေးကာ ဈေးကွက်အခြေအနေကို စောင့်ကြည့်သူ များ နေကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ အထက်ပါ လုပ်ငန်းရှင်က “ဒါကြောင့် သူတို့ ဖြေလျှော့ပေးလည်း မလွယ်သေးဘူး။ အခုက အလုပ်လုပ်ရမယ့်သူက ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဗဟိုဘဏ် လုပ်ထုံးလုပ်နည်းက တမျိုး၊ ကော်မတီက တမျိုး၊ လောလောဆယ် တဆင့်လျှော့တယ်သာပြောတာ အလုပ်ဖြစ်၊ မဖြစ် မသိသေးဘူး။ ဒါကြောင့် အခု ဒေါ်လာဈေးက တက်နေပေမယ့် ဆက်တက်မလား ဆိုတာက စောင့်ကြည့်ရမယ်။ ဘာလို့ဆို ပို့ကုန်သမားမပို့နိုင်လို့ ငွေမဝင်ရင် အရောင်း၊ အဝယ်မဖြစ်ဘူး။ ဈေးကွက်က အေးမှာပဲ”ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်မှစ၍ ပို့ကုန်သမားထံမှ ကျန်ရှိသည့် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ၁ ဒေါ်လာလျှင် ၂,၉၂၂ ကျပ် နှုန်းဖြင့် ဘဏ်များ၌ Online Trading စနစ်ဖြင့် ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် ရောင်းချပါက ဖမ်းဆီး အရေးယူခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။
ယင်းအခြေအနေများကြောင့်လည်း မြန်မာနိုင်ငံတွင် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ စစ်ကောင်စီ၏ ဗဟိုဘဏ် ရည်ညွှန်းဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ စစ်ကောင်စီ၏ ဘဏ်ဈေးကွက် သတ်မှတ်ဈေး ၂,၉၂၂ ကျပ်နှင့် ပြင်ပ ဈေးကွက်ပေါက်ဈေးဟူ၍ သုံးမျိုးဖြစ်ပေါ်ခဲ့သည်။
လက်ရှိထုတ်ပြန်ချက်ကြောင့် ဈေးကွက်တွင် လှုပ်ခတ်မှုများဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်များ တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ပြည်တွင်းရှိ စီးပွားရေး ပညာရှင်တဦးက “ဒေါ်လာရောင်းဝယ်တဲ့ကိစ္စ၊ သွင်းကုန်ခွင့်ပြုတဲ့ကိစ္စ၊ အရေးကြီးတဲ့ စားဆီတို့ စက်သုံးဆီ ဒါတွေအကုန်လုံးကို ထိန်းချုပ်ထားတာ။ သေချာတာကတော့ အများစုက ဈေးနှုန်းတွေ တက်လာတော့မယ်လို့ မှန်းကြတာပေါ့။ တက်လည်း တက်နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေက တော်တော်လေး မရေမရာ ဖြစ်နေသေးတယ်။ စက်သုံးဆီသွင်းမယ့်သူတွေက ဒေါ်လာကို ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ပြီးငွေချေရတော့မယ်ဆိုတဲ့ အခါ လက်ရှိဈေးတွေနဲ့ သူတို့ တွက်ချေမကိုက်တော့ဘူး။ အဲ့ဒီတော့ ငွေမချေတာ၊ ဆီထုတ်မပေးတာ။ ဒါကြောင့် တနိုင်ငံလုံး ဆီပြတ်သွားတယ်လို့ ယူဆရတယ်”ဟု ဆိုသည်။
လက်ရှိတွင် ဒီဇင်ဘာ ၄ ရက်ကစ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသလို ဆီဆိုင်များသို့ ဆီပြန်လည်ဖြန့်ဝေပေးမည့်ဘောက်ဆာကားများမှာ သီလဝါတွင် အချိန်ကြာမြင့်စွာ တန်းစီနေကြရပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးမှာပင် စက်သုံးဆီဆိုင်အချို့ ပိတ်ထားရခြင်းများ ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ၏ အစည်းအဝေးအရ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီခွဲတမ်းကို ဒီဇင်ဘာ ၄ ရက်မှ စ၍ ရပ်ဆိုင်းလိုက်ပြီး လုပ်ငန်းရှင်များကိုယ်တိုင် ဆီသွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး စက်သုံးဆီ လုပ်ငန်းရှင် တဦးက “စက်သုံးဆီတွေ ပြတ်လပ်နေတာက ဒေါ်လာကိုလည်း ဖြည်ချလိုက်တယ်။ စက်မှုဇုန်ကိုလည်း ဆီ မပေးတော့ဘဲ စက်မှုဇုန်က ပြန်ဝင်တဲ့ငွေနဲ့ ဆီသွင်းခိုင်းတယ်။ ဒီလိုသတင်းတွေက တခါတည်း ထုတ်ပြန်လိုက်တဲ့အတွက် ငွေကိုင်ထားရင် အဆင်ပြေမှာလား၊ စက်သုံးဆီပဲ ကိုင်ထားရတော့မလား၊ ဒေါ်လာကိုင်ထားရတော့မှာလား အဲဒီလိုမျိုးတွေ ဖြစ်ကုန်တာပါတယ်”ဟု ဆိုသည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ယခင်က ၎င်းတို့ဆီဆိုင်တွင် ပြန်ရောင်းချရန်ဆီကို သီလဝါရှိ Terminal တခုတွင်သာ တကြိမ်တန်းစီဝယ်ယူရုံဖြင့် ရနိုင်သော်လည်း ယခုအခါ ခွဲတမ်းစနစ်ဖြင့် Terminal ၂ ခု ၃ ခုတွင် လိုက်လံတန်းစီ ဝယ်ယူရသည့်အတွက် အချိန်ပိုကြန့်ကြာကာ ယခုကဲ့သို့ ပြတ်လပ်မှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် စစ်ကောင်စီက အစည်းအဝေးများ ဆက်တိုက်ခေါ်ယူ ညှိနှိုင်းနေကြောင်း၊ ယခုအပတ်မှ စ၍ စစ်ကောင်စီက ဒီဇယ်ဝယ်ယူရန် ဒေါ်လာ ရောင်းချပေးသော်လည်း ဓာတ်ဆီအတွက် ရောင်းချ မပေးတော့သောကြောင့် ငွေချေရန် အခက်ခဲများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် အမေရိကန်၏ အရေးယူပိတ်ဆို့ခံရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ ပို့ကုန်ကျဆင်းသွားခြင်း၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းတို့ကြောင့်လည်း လက်ရှိတွင် နိုင်ငံခြားအရန်ငွေ အကျပ်အတည်းနှင့် အပြင်းအထန် ကြုံနေရသည်။
You may also like these stories:
စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်
MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်
စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော