အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် တစ်သျှူးအစားထိုးအဖွဲ့ (NOTTO) သည် အင်ဒရာ ပရာဆသာ အပိုလိုဆေးရုံနှင့် ပတ်သက်သည့် ကျောက်ကပ်ရောင်းချမှု စွပ်စွဲချက်တခုကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ထိုပုဂ္ဂလိကဆေးရုံအုပ်စုသည် မြန်မာနိုင်ငံသားများ ငွေကြေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းချရန် ဆွဲဆောင်သည့် တရားမဝင် လုပ်ငန်းများတွင် ပတ်သက်နေသည်ဟု ဗြိတိန်အခြေစိုက် တယ်လီဂရပ် သတင်းစာက စွပ်စွဲသောကြောင့် ထိုစုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခြင်းဖြစ်သည်။
“အဲဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ NOTTO က ကျနော်တို့ကို အကြောင်းကြားတယ်။ နိုင်ငံတကာ အချိတ်အဆက်တွေ ပါဝင်နေလို့ ခိုင်မာတဲ့တွေ့ရှိချက်ရဖို့ ဌာနအနေနဲ့ အချိန်ယူရမယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက News18 သို့ ပြောသည်။
ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖော်ပြသည့်သတင်းအရ မြန်မာကျေးလက်မှ လူငယ်များကို အပိုလို၏ ဒေလီ ဆေးရုံသို့ ခေါ်ဆောင်လာပြီး မြန်မာမှ ချမ်းသာကြွယ်ဝသောသူများအတွက် ကျောက်ကပ်လှူဒါန်းစေကာ ငွေကြေးပေးသည်ဟု ဖော်ပြထားသည်။
ထိုစွပ်စွဲချက်များကို အင်ဒရာပရာဆသာ ဆေးဘက်ဆိုင်ရာကော်ပိုရေးရှင်း လီမိတက် (IMCL) က ကြေညာချက်ထုတ်ပြန် ငြင်းဆန်ပြီး ထိုစွပ်စွဲချက်များသည် လုံးဝ မှားယွင်း လှည့်ဖြားသည့် စွပ်စွဲချက်များ ဖြစ်ကြောင်း ပြောသည်။
အပိုလိုဆေးရုံသည် အိန္ဒိယတွင် အကြီးမားဆုံး ဆေးရုံလုပ်ငန်း ကွင်းဆက်ဖြစ်ပြီး နှစ်စဉ် အစားထိုးကုသမှု ၁,၂၀၀ ကျော်ပြုလုပ်ကာ တကမ္ဘာလုံးမှ လူနာများကို ဆွဲဆောင်နိုင်သည့် လုပ်ငန်းဖြစ်သည်။
“အချက်အလက်များ အားလုံးကို သက်ဆိုင်ရာ သတင်းသမားများထံ အသေးစိတ် ပေးပို့ထားသည်။ ရှင်းလင်းစွာ ဖော်ပြရပါက IMCL သည် အစိုးရက ချမှတ်ထားသည့် လမ်းညွှန်ချက်များ အားလုံးနှင့် လိုက်နာရန် စည်းကမ်းချက်များထက် ကျော်လွန်သည့် မိမိတို့၏ ကျယ်ပြန့်သော ဌာနတွင်းလုပ်ငန်းစဉ်များ အပါအဝင် အစားထိုးကုသမှု လုပ်ငန်းအတွက် ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းချက်တိုင်းကို လိုက်နာသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ပါ သတင်းတွင် ၂၀၁၆ ခုနှစ်က အင်ဒရာပရာဆသာ အပိုလိုဆေးရုံသည် ကျောက်ကပ်ရောင်းချမှု အရှုပ်တော်ပုံတခုတွင် ပါဝင်ပတ်သက်ပြီး ထိုကာလအတွင်း လူအများအပြား အဖမ်းခံရသည့် ဖြစ်ရပ်တခုကိုလည်း ဖော်ပြထားသည်။
ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် ငွေပေးချေမှုသည် ကမ္ဘာ့နေရာအများစုတွင်ကဲ့သို့ အိန္ဒိယတွင်လည်း တရားမဝင်သည့် လုပ်ငန်းဖြစ်ကြောင်း ထိုသတင်းက ဖော်ပြသည်။
သို့သော် တယ်လီဂရပ်ဖ် သတင်းစာ၏ စုံစမ်းစစ်ဆေးမှုတွင် မြန်မာမှ ဆင်းရဲသော ကျေးရွာသားများကို အပိုလို၏ ဒေလီဆေးရုံသို့ ခေါ်ယူကာ မြန်မာမှ ချမ်းသာသူများအတွက် ကျောက်ကပ်များ လှူဒါန်းစေသည်ဟု ဖော်ပြသည်။
“ထိုလုပ်ငန်းသည် ကြီးမားသောလုပ်ငန်း ဖြစ်သည်” ဟု အထက်ပါသတင်းက ထိုလုပ်ငန်းကိုယ်စားလှယ် တဦးကို ကိုးကားဖော်ပြသည်။ “ထိုအရှုပ်တော်ပုံတွင် မှတ်ပုံတင်စာရွက်စာတမ်းများ အတုပြုလုပ်ခြင်း၊ လှူဒါန်းသူများသည် ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးခံမည့် လူနာဆွေမျိုးဖြစ်သည်ဟု ပြသသည့် ဓာတ်ပုံများ အတူရိုက်ကူးခြင်းတို့ ပါဝင်သည်။”
အိန္ဒိယနှင့် မြန်မာ ဥပဒေများအရ လူနာတဦးသည် သာမန် အခြေအနေတွင် လူစိမ်းတဦးထံမှ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုကို လက်ခံနိုင်ခြင်း မရှိ ဟုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။
တကမ္ဘာလုံးမှ အစားထိုးကုသမှု ၁၀ ခုလျှင် တခုသည် တရားမဝင်မှောင်ခိုမှု ဖြစ်သည်ဟုလည်း ထိုသတင်းက ဖော်ပြသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် အမျိုးသားကျန်းမာရေးဌာနမှ ဗြိတိန်လူနာ အနည်းဆုံး ၁၅၈ ဦးသည် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးရန် ပြည်ပသို့ သွားရောက်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးဌာန၏ စာရင်းများကိုလည်း ထိုသတင်းတွင် ဖော်ပြသည်။
“စာရင်းများအရ ထိုခွဲစိတ်ကုသမှုအများစု (၂၅ ရာခိုင်နှုန်း) ကို အိန္ဒိယတွင် ပြုလုပ်ပြီး အိန္ဒိယသည် ခန္ဓာကိုယ် အစိတ်အပိုင်း တရားမဝင်ရောင်းချမှု ပြဿနာရင်ဆိုင်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်” ဟုလည်း ဖော်ပြသည်။
“ထိုတရားမဝင်ရောင်းဝယ်မှုသည် နိုင်ငံတွင် ကြီးထွားတိုးတက်နေသည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းမှ တဆင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အပိုလိုဆေးရုံများသည် ထိုကဏ္ဍတွင် အဓိကကျသည့် လုပ်ငန်းများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်” ဟုလည်း ထိုသတင်းတွင် ဖော်ပြသည်။
အပိုလို၏ ဖြေရှင်းချက်
တရားဝင်ထုတ်ပြန်သည့် စာအရ IMCL အနေဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းအလှူရှင်သည် နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနက အသိအမှတ်ပြု ပုံစံ ၂၁ ပေးအပ်ရန် လိုအပ်သည်ဟု ဖော်ပြသည်။
“ထိုပုံစံသည် ခန္ဓာကိုယ် အစိတ်အပိုင်းအလှူရှင်နှင့် လက်ခံမည့် လူနာသည် အမှန်တကယ် ဆွေမျိုး တော်စပ်ကြောင်း ပြည်ပအစိုးရက အသိအမှတ်ပြုသည့် လက်မှတ်ဖြစ်သည်။ အစိုးရက ခန့်အပ်သည့် IMCL မှ အစားထိုးကုသမှု အာဏာပိုင်ကော်မတီသည် အလှူရှင်နှင့် လက်ခံမည့်လူနာကို တွေ့ဆုံမေးမြန်းခြင်း အပါအဝင် အစားထိုးကုသမှု တခုစီအတွက် စာရွက်စာတမ်းများကို စစ်ဆေးသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
“ထိုကော်မတီသည် နိုင်ငံရှိ သက်ဆိုင်ရာသံရုံးများနှင့်လည်း ထိုစာရွက်စာတမ်းများကို ထပ်မံအတည်ပြုသည်။ လူနာများနှင့် အလှူရှင်များသည် မျိုးဗီဇ စစ်ဆေးခြင်း အပါအဝင် ကျန်းမာရေး စစ်ဆေးမှု အများအပြားကိုလည်း ခံယူရသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
“ထိုလုပ်ငန်းစဉ်များသည် အစားထိုးကုသမှု လုပ်ငန်းအတွက် စည်းကမ်းလိုက်နာမှုထက်ပင် ကျော်လွန်နေပြီး အလှူရှင်နှင့် လက်ခံမည့်လူနာသည် သက်ဆိုင်ရာဥပဒေအရ ဆွေမျိုးတော်စပ်ကြောင်း သေချာအောင် စစ်ဆေးသည်။ IMCL သည် အမြင့်မားဆုံး ကျင့်ဝတ်စံနှုန်းများကို လိုက်နာရန် ကတိပြုပြီး အားလုံးအတွက် အကောင်းဆုံး ကျန်းမာရေး ဝန်ဆောင်မှုပေးရန် မိမိတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကား ။ ။ News18 သတင်း Health Ministry’s Transplant Body Launches Probe Into Cash-for-Kidney Scam Against Apollo Hospitals
You may also like these stories:
မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
ကျောက်ကပ် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးအတွက် ကြိုးပမ်းနေတဲ့ မရှင်ငြိမ်းမယ်
အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်
မန္တလေး၌ ဆေးဝါးအချို့ ပြတ်လပ်နေ