ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် အင်တာနက်ဆက်သွက်ရေးလိုင်းများ ဒီဇင်ဘာလဆန်းကစ၍ ပြတ်တောက် လာရာ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် လူထုသတင်းအချက်အလက် ရရှိနိုင်မှု အခက်အခဲများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA )နှင့် စစ်ကောင်စီတို့ကြား ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မြောက်ပိုင်းမြို့ နယ်တခုလုံးအား ကုန်းလမ်း ရေလမ်းနှင့် ကုန်စည် စီးဆင်းမှုများကိုပါ အကန့်အသတ်မရှိ ပိတ်ဆို့ထားလိုက်ခြင်းဖြစ်သည်။
ထိုပိတ်ဆို့မှုကြောင့် မြို့နယ်အသီးသီးရှိ ဖုန်းတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ခြင်း၊ စက်ချို့ယွင်းမှုအပါအဝင် သက်ဆိုင်ရာ ဆက်သွယ်ရေး ဝန်ထမ်းများ လာရောက် ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လာခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။
ကျောက်တော်မြို့နယ်မှ ဒေသခံတဦးက “ကျောက်တော်နယ်ဘက် တော်တော်များများမှာ အင်တာနက်လိုင်း ပြတ်တာ တပတ်နီးပါးလောက်ရှိနေပြီ ၊ ဖုန်းတာဝါတိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်သွားတာလို့ ပြောတယ်။ မြို့ပေါ်က တာဝါတိုင် တာဝန်ခံတွေလည်း လမ်းပိတ်ထားလို့ မလာနိုင်တော့ဘူး ။ ဒီနေ့ဆိုရင် ဖုန်းလိုင်းတွေပါ လိုင်းမကောင်းတော့လို့ ရွာပြင် ထွက်ပြီးတော့ လိုင်းရှာပြီး ပြောနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မောင်တော၊ ဘူး သီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သော၂၀၁၉ ခုနှစ်ဇွန် ၂၁ ရက်က အင်တာနက်လိုင်းများ ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ပြန်လည်ဖွင့်ပေးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ MPT၊ ယခင် တယ်လီနောကို အမည် ပြောင်းထားသည့် Atom၊ Mytel ၊ Ooredoo စသည်တို့ဖြစ်ကာ လက်ရှိတွင် စက်သုံးဆီနှင့် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက် ထားခြင်းတို့ကြောင့် ဒေသတွင်းဆက်သွယ်ရေးဆောင်ရွက်ရန် အခက်ခဲများဖြစ်ပေါ်နေသည်။
မင်းပြားမြို့နယ်အတွင်းက ဒေသခံတဦးက “ဒီဇင်ဘာလဆန်းပိုင်းကတည်းက အင်တာနက်လိုင်းတွေ ပုံမှန် မရတော့ဘူး။ လိုင်းက ကောင်းတချက် မကောင်းတချက် လူတွေ လိုင်းကောင်းတဲ့နေရာကို လိုက်ရှာရင်း ဟိုတောင်ကုန်းကို ရောက် လိုက် ဟိုသစ်ပင်ကို သွားလိုက် ငွေလွှဲ ငွေထုတ်လုပ်တဲ့လူတွေဆိုရင် ချောင်းကမ်းစပ်မှာ နေရာကွက်ပြီး လိုင်းနည်းနည်း အသုံးပြုလို့ရတဲ့အတွက် ကမ်းစပ်မှာ အဆောင်လေးဆောက်ပြီး ငွေလွှဲငွေထုတ် လုပ်ကြတာတွေ့ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဘူးသီးတောင်မြို့နယ် ရသေ့တောင်မြို့နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာသဖြင့် အင်တာနက်သုံး၍ ငွေလွှဲငွေထုတ် လုပ်ငန်းများ ရပ်ဆိုင်းသွားသည့်အခြေအနေသို့ ရောက်ရှိကာ ဒေသခံများအနေဖြင့် ငွေသားသုံးစွဲရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတဦးက ပြော သည်။
၎င်းက “ပုဏ္ဏားကျွန်းမြို့မဈေးကြီးကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ မီးလောင်ကတည်းက မြို့ပေါ်က ဆိုင်တွေ အကုန် ပိတ်သွားတယ်။ မြို့ပေါ်မှာ လူမရှိတော့ဘူးဆိုတော့ Kpay၊ Wave money ဆိုင် အကုန်ပိတ်သွားတယ်။ အခု နယ်ဘက်မှာ လည်း အင်တာနက်လိုင်းတွေ ပြတ်တဲ့အတွက် တချို့နေရာတွေမှာဆို ငွေ ၁သိန်းကို ၆ ထောင်၊ ၈ ထောင် အဲဒီလောက် အထိ ရာခိုင်နှုန်းပေးပြီး ထုတ်ကြရတယ်” ဟု ပြောသည်။
လက်ရှိဖြစ်နေသော တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် ရေလမ်းကုန်းလမ်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်း အားလုံး ကို ပိတ်ထားသည့်အပြင် စက်သုံးဆီရောင်းချခွင့်ကို ပိတ်ပင်ထားခြင်း၊ လျှပ်စစ်မီးများ ပုံမှန်မလာခြင်း၊ တပ်စခန်း အနီးရှိ စပါးခင်းများတွင် စပါးမရိတ်နိုင်အောင် သေနတ်ဖြင့်လှမ်းပြီး ပစ်ခတ်ခြင်း ၊ မြစ်ကမ်းဘေးအနီးရှိ စပါးခင်းများကိုလည်း စပါးရိတ်သိမ်းခြင်း မပြုလုပ်နိုင်ရန် ရေကြောင်းမှ လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းစသည်တို့ပြုလုပ်ကာ အရပ်သားများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိသည်။
မကြာမီက စစ်တပ်မီးရှို့မှုကြောင့် ထွက်ပြေးရသည့် စစ်တွေတဘက်ကမ်း ရဲရိုးပြင်ရွာမှ ဒေသခံတဦးက “ကျနော်ရွာကို ပြန်သွားကြည့်တဲ့အချိန် စစ်တပ်က မီးရှို့လို့ ရွာက ပြာပုံ ဖြစ်သွားတယ်။ ရွာအနီးက လယ်ကွင်းထဲမှာ မှည့်နေတဲ့ စပါးခင်း တွေကို ရွာမှာ ကျန်ခဲ့တဲ့ လူငယ်တချို့က နေစရာမရှိ စားစရာလည်း မရှိတော့ဘူးဆိုတော့ စပါးရိတ်ဖို့ ကြိုးစားပြီး လယ်ထဲ ကို ဆင်းတာနဲ့ Navy ကနေ လက်နက်ကြီးတွေ လှမ်းပစ်နေလို့ ဘာမှ မတတ်နိုင်တော့ ဒီအတိုင်းပဲ ကြည့်နေရ တယ်” ဟု ဆိုသည်။
စက်သုံးဆီရောင်းချမှု ကန့်သတ်ထားသဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် စက်သုံးဆီ ပြတ်လပ်နေပြီး စစ်တွေမြို့ တွင် 92 တစ်လီတာလျှင် ကျပ် ၃ သောင်းကျော်ထိ မြင့်တက်လာကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်မှ မင်းပြား၊ စစ်တွေ၊ ပုဏ္ဏားကျွန်းစသည့်မြို့များအနီးရှိ ရွာများကို လက်နက် ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်နေ (၁၃) နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စမှန်၍ သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့သလို စစ်တွေမြို့ ဝါဘိုရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲသဖြင့် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် (၁) လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ပုဏ္ဏားကျွန်းမြိုနယ်၊ ပဒေသာရွာသစ် အတွင်းသို့ လက်နက်ကြီး (၂) လုံး ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ရပြီး ဒေသခံတချို ထိခိုက် ဒဏ်ရာရခဲ့ကြောင်း AA က ယနေ့ ( ဒီဇင်ဘာ ၁၁ )သတင်းထုတ်ပြန်သည်။
You may also like these stories:
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ
ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ
ရခိုင်တွင် ကာလရှည် ပိတ်ထားသည့် အင်တာနက် ပြန်ဖွင့်ပေး