စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ခါမ်းပါတ်မြို့အား ထိုးစစ်ဆင် တိုက်ခိုက်လာသော စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မိဘမဲ့ဂေဟာမှ ဓားစာခံကလေးများနှင့် အုပ်ထိန်းသူများ ပြန် လွတ်လာပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်တဦးက “မနေ့ညနေပိုင်းက မိဘမဲ့ဂေဟာက ကလေး တွေ ပြန်လွတ်လာပါပြီ။ ကျနော်တို့ သူတို့ လွတ်လာတဲ့အချိန်ကတည်းက လုံခြုံတဲ့နေရာ ပို့ထားပါတယ်။ ဘယ်လို လွတ်မြောက်လာတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကတော့ အောက်ခြေနဲ့ သေချာအဆက်အသွယ်မရသေးတဲ့ အတွက် မသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ခမ်းပါတ်မြို့၊ အမှတ် (၁) ရပ်ကွက်နှင့် တပ်ကုန်းကြားရှိ မိဘမဲ့ဂေဟာမှ ကလေး ၃၆ ဦးနှင့် အုပ်ထိန်း သူ ၄ ယောက်ကို စစ်တပ်က ဒီဇင်ဘာ ၁၀ ရက်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ထိုသို့ ဓားစာခံဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
နိုဝင်ဘာ ၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ ခါမ်းပတ်မြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေချိန် ဒီဇင်ဘာ ၆ ရက်မှစတင်ကာ စစ်ကောင်စီက အင်အားရာဂဏန်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲများဖြစ်ပွားနေကြောင်းလည်း သိရသည်။
တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီတပ်သား အင်အား ၁၈၀ ကနေ ၂၀၀ နီးပါး လောက်ရှိမယ်။ ကလေးမြို့ကနေထွက်ပြီး တမူးဘက်ကို တက်တယ်။ ပြီးရင် ကျနော်တို့တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့ကို ပြန်လည်ရယူဖို့ ပြောက်ကျားဗျူဟာနဲ့ တိုက်ခိုက်လာတာ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မြို့ခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေပြီး မြို့ပေါ်ရပ်ကွက်တချို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများ က ဆိုသည်။
စစ်ကောင်စီတပ်များ ပြန်လည်ခြေကုပ်မယူနိုင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့ သော ဗျူဟာကုန်းနှင့် ခါမ်းပါတ်မြို့ရဲစခန်းတို့တွင် အခိုင်အမာဆောက်လုပ်ထားသည့် ဘန်ကာများကို ဖျက်ဆီးထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်တွင်လည်း တမူးခရိုင်မြောက်ပိုင်း၊ ဟုမ္မလင်းအနီးရှိ စစ်ကောင်စီ၏ အောင်ဇေယျတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ရုံးချုပ်က ဓာတ်ပုံများ နှင့်တကွ ထုတ်ပြန်ထားသည်။
You may also like these stories:
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း
တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်
စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ
“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ