မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ် မတ်လအထိ ၁ ရာခိုင်နှုန်းသာရှိမည်ဖြစ်ရာ အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက် ကျကျန်နေခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ က ဆိုသည်။
မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျလျက်ရှိပြီး ပြည်တွင်းပဋိပက္ခများ ကျယ်ပြန့်လာမှု၊ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အတားအဆီးများ ဖြစ်ပေါ်နေခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာမှု အခြေအနေများကြောင့် တိုင်းပြည်စီးပွားရေးသည် နလန်မထူနိုင်ဘဲ နှေးကွေးနေဦးမည်ဟု ဆိုဖော်ပြထား သည်။
ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အဟုန် ဆက်လက်မြင့်မားလာခြင်း မရှိသည့်တိုင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှု မရှိဘဲ နှေးကွေးနေမည်ဖြစ်သလို လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း စိုက်ပျိုးရေး၊ ကုန်ထုတ် လုပ်မှု နှင့် ကုန်သွယ်ရေးကဏ္ဍအစရှိသည့် ကဏ္ဍများ၏ နှေးကွေး ကျဆင်းမှုများသည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” ဟု အမည်တပ်ထားသည့်အစီအရင်ခံစာက ထောက်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမော္ဘဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က “ စီးပွားရေး အခြေ အနေက ယိုယွင်းပျက်စီးလာနေပြီးတော့ အနာဂတ်အတွက်လည်း မသေချာ မရေရာမှုတွေက ပိုပို ဆိုးလာ နေပါတယ်” ဟု ပြောသည်။
ထို့ပြင် ငွေကြေးဖောင်းပွမှုနှင့် အစားအသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာမှုသည် ဆင်းရဲနွမ်းပါးသူများအပေါ် ပိုမိုဆိုးရွား သည့် အကျိုးသက်မှုများရှိခဲ့ပြီး ထိုသူများသည် ၎င်းတို့ဝင်ငွေအများစုကို အစားအစာအတွက် သုံးစွဲနေကြရပြီး ဈေးနှုန်း အပြောင်းအလဲ အတက်အကျ မြန်ဆန်နေသောဒေသများ၌ နေထိုင်သော ဝင်ငွေနည်းပြည်သူများက ထိုဒဏ်ကို ပိုခံနေကြ ရကြောင်း ၎င်းက ပြောသည်။
ယခု ၂၀၂၃ ခုနှစ် ဇွန်လကုန်တွင် ကုန်ဈေးနှုန်းများသည် ၂၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သလို ကျပ်ငွေတန်ဖိုးကျဆင်း မှုနှင့် ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် ယခုလများအတွင်း ဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ပြီး IFPRI (International Food Policy Research Institute) ၏ ယခုနှစ်လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ၄၀ ရာခိုင်နှုန်း သော အိမ်ထောင်စုများ၏ ပျမ်းမျှ ဝင်ငွေသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း ဆိုသည်။
စီးပွားရေးပညာရှင်တဦးက “ကမ္ဘာ့ဘဏ်ကတော့ သူတို့ရရှိတဲ့ အချက်အလက်ဒေတာပေါ် အခြေခံပြီးတော့ ဘယ်လောက် ဆိုးရွားလာမယ်ဆိုတာကို ခန့်မှန်းတွက်ချက်တာပေါ့။ ဒါပေမယ့် တကယ့် မြန်မာ့စီးပွားရေးအခြေအနေက ဒီထက်ပိုဆိုး ပါတယ်၊ အခုဆိုရင် ကုန်သွယ်ရေးကရပ်နေ၊ လျှပ်စစ်မီးက မမှန်ဘူး။ သိပ်မကြာခင် သွင်းကုန်တွေ ပြတ်တောက်တာ တွေအထိ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့စီးပွားရေးဆိုးရွားနေမှုသည် နိုင်ငံရေးမတည်ငြိမ်မှုအပြင် စစ်ကောင်စီ၏ ဈေးကွက် စီးပွားရေးစနစ်အပေါ် အတင်းအကျပ် ဝင်ရောက်ထိန်းချုပ်မှုများကြောင့် ပုံမှန်လည်ပတ်နိုင်သော စီးပွားရေးလုပ်ငန်းများပါ အခက်အခဲ အကျပ် အတည်းများဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။
ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကန့်သတ်ချက်များ၊ သယ်ယူထောက်ပံ့ပို့ဆောင်ရေးစရိတ်ကြီး မြင့်လာမှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများက စီးပွားရေးလုပ်ငန်းများကို ကုန်ကျစရိတ်မြင့် တက်စေပြီး နိုင်ငံတကာဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေလျက်ရှိကြောင်း ထိုအစီအရင်ခံစာက ဖော်ပြထားသည်။
အထက်ပါ စီးပွားရေးပညာရှင်က “ပို့ကုန်ရငွေကန့်သတ်ချက်ဆိုရင် တကယ်တမ်းက သူနိုင်ငံခြားငွေလိုတယ်ဆိုရင် ပို့ကုန် သမားတွေကို ပိုပြီးတော့ တင်ပို့နိုင်အောင် လုပ်ပေးရမှာ။ အဲဒီအစား သူတို့က ဒေါ်လာကို သိမ်းယူပုံစံ လုပ်လိုက်တော့ အရင်က ဝင်နေတဲ့ ဒေါ်လာပါ ပိုရှားသွားတယ်။ နောက်ဆုံး လာဘ်စားမှုတွေဖြစ်ပြီး အချင်းချင်း အရေးယူရတာတွေအထိ ဖြစ်ကုန်ရော” ဟု ပြောသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး ကုမ္ပဏီများ၏ စီးပွားရေးလုပ်ဆောင်မှုဆိုင်ရာ အညွှန်းကိန်းများ ပိုမို ဆိုးရွား လာခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလတွင် ၎င်းတို့လုပ်ဆောင်နိုင်စွမ်း၏ ၅၆ ရာခိုင်နှုန်းသာ လည်ပတ်နိုင်ခဲ့ပြီး မတ်လ၌ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် လက်လီရောင်းချသူများအတွက် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအား လျော့ကျသွားခြင်းက အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Kim Alan Edwards က “အနာဂတ်မှာ မသေချာ မရေရာမှုတွေနဲ့အတူ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေဟာ ရင်းနှီး မြှုပ်နှံမှုနဲ့ တိုးတက်ရေးထက် လုပ်ငန်း ဆက်လက်ရှင်သန်ရပ်တည်ရေးကိုသာ ပိုအာရုံစိုက်နေရတယ် “ဟု ပြောသည်။
လတ်တလောတွင် စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေအကျပ်အတည်းကို အကြီးအကျယ် ရင်ဆိုင်လာနေရပြီး စက်သုံး ဆီ အပါအဝင် ပြည်ပမှ အရေးကြီးကုန်စည်များ တင်သွင်းနေသော ကုမ္ပဏီများကို နိုင်ငံခြားငွေဒေါ်လာထုတ် မရောင်းပေး နိုင် တော့သည်အထိ ဖြစ်လာကာ ပြီးခဲ့သည့်ရက်ပိုင်းများက စက်သုံးဆီဈေးကွက်အတွင်း ဆီပြတ်လပ်မှုများ ဖြစ်ခဲ့သည်။
You may also like these stories:
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော
ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ