စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့နံနက်က တိုက်ခိုက် သိမ်းပိုက်လိုက်သည်။
ကချင်လွတ်လပ်ရေးတပ် (KIA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စသည့် ပူးပေါင်းတပ်များက မော်လူးမြို့ ရဲစခန်းတွင် ရှိနေသည့် စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ကာ မြို့ကို သိမ်းလိုက်ခြင်းဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက “မနက် ၂ နာရီခွဲကနေ မနက် ၆ နာရီခွဲအထိ ၄ နာရီ တိုက်ရတယ်။ တိုက်ရတဲ့အခါမှာ စခန်းကို အောင်မြင်စွာ သိမ်းဆည်းနိုင်တယ်။ အရှင် ၂ ကောင် အသေ ၇ ကောင်ရရှိထားတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်ဖမ်းနေဆဲဖြစ်တယ်” ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီတပ်မှာ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မော်လူးမြို့ရဲစခန်းတွင် အထိုင်ချကာ မြို့ကို ထိန်းချုပ် ထားခြင်းဖြစ်ကြောင်း၊ မြို့တွင် စစ်ကောင်စီ အခြေစိုက် တပ်စခန်း မရှိကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်များအထိုင်ချထားသော ရဲစခန်းကို သိမ်းပိုက်နိုင်သဖြင့် မော်လူးမြို့ကို သိမ်းနိုင်ပြီဟု ဆိုရခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
မော်လူးမြို့သည် အင်းတော်မြို့နယ်ထဲရှိ မြို့တမြို့ဖြစ်ပြီး ရွှေဘို- မြစ်ကြီးနားကားလမ်းဖြတ်သန်းရာ မြို့ဖြစ်သလို မန္တလေး- မြစ်ကြီးနား ရထားလမ်း ဖြတ်သန်းရာ မြို့လည်းဖြစ်ပြီး ယခု လတ်တလောအခြေအနေအရ အဆိုပါလမ်းများကို အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။
မော်လူးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများသည် တော်လှန်ရေး ပူးပေါင်းတပ်များထံ အလင်းဝင်လာသဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားကြောင်း တော်လှန်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အချိန်အတွင်း မော်လူးမြို့မြောက်ဘက် မိုးညှင်းမြို့ ရှိ စစ်ကောင်စီ၏ အမှတ် (၉၀၄) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သလို ရဲစခန်းကို သိမ်းပိုက်ပြီးသည့်နောက် နံနက် ၇ နာရီ ၂၀ မိနစ်တွင်လည်း တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးလာကြဲခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက “လေယာဉ်က ပွိုင့်ဖိုက်နဲ့ လာပစ်သွားတယ်။ လေယာဉ်ပစ်တာနဲ့ ပတ်သက်လို့ ထိခိုက်မှုတော့ မရှိပါဘူး။ လောလောဆယ်တော့ စစ်ကောင်စီဘက်က စစ်ကူလာတာတို့၊ စစ်ကြောင်းပြန်ထိုး တာတော့ မရှိသေးဘူး” ဟု ဆိုသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့်အချက်အလက်များအရ မော်လူးမြို့တွင် လူဦးရေ ၈,၀၀၀ ကျော်နေထိုင်ကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်းတွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မော်လူးမြို့တွင် နေထိုင်သည့် လူအများစုသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် နီးစပ်သူအချို့က ဆိုသည်။
စစ်ရေးလေ့လာသူတဦးကလည်း မော်လူးမြို့သည် ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းရာမြို့ဖြစ်သဖြင့် တော်လှန်ရေး ပူးပေါင်း တပ်များ သိမ်းနိုင်ခြင်းသည် ကချင်ပြည်နယ်နှင့် မန္တလေးကို ဆက်သွယ်ထားသည့် ကုန်းလမ်းကြောင်းကို ဖြတ်တောက်လိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း ပြောသည်။

၎င်းက “အရေးပါတယ်လို့ ပြောလို့ရတာပေါ့။ အောက်ဘက်မှာရှိတဲ့ အင်းတော်တို့ ကသာတို့ ထီးချိုင့်မြို့တွေနဲ့ မြောက်ဘက် က နန့်စီးအောင်တို့ ၊ မိုးညှင်းတို့ မြို့တွေကြားမှာ အဆက်အသွယ် ဖြတ်တောက်လိုက်သလို ဖြစ်သွားတော့ စစ်ကောင်စီတပ် အတွက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်သွားတာပေါ့။ နောက်တခုက မော်လူး က မြေပြန့်ဖြစ်တဲ့အတွက် ဆန်ရေစပါး ပေါတယ်။ ဒါကြောင့်တော်လှန်ရေးတပ်တွေအတွက် ရိက္ခာဖူလုံသွားတာပေါ့။ ကချင် ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်းက တော်လှန်ရေးတပ်တွေကြားမှာတော့ ဆက်သွယ်ရေးလမ်းကြောင်း ထောက်ပို့လမ်းကြောင်း ပိုကောင်းသွားတာပေါ့” ဟု ဆိုသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကိုင်းတိုင်းအတွင်း မော်လူးအပါအဝင် ကောလင်း ၊ ခါမ်းပတ်နှင့် ရွှေပြည်အေးစသည့် မြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
You may also like these stories:
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်