မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားနှင့် တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းခြင်းကို လုံခြုံရေးကျွမ်းကျင်သူများနှင့် အမေရိကန် ပြည်ထောင်စုမှ မြန်မာလူမှုအသိုက်အဝန်းက ပြစ်တင်ရှုတ်ချသောကြောင့် အမေရိကန်အစိုးရ အရှက်တကွဲ ဖြစ်ရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံအလိုက် အကြမ်းဖက်မှု အစီရင်ခံစာများ ၂၀၂၂ (Country Reports on Terrorism 2022) တွင် ပူးတွဲတင်ပြသည့် စာရင်းအင်း အချက်အလက် နောက်ဆက်တွဲ ၂၀၂၂ (Annex of Statistical Information 2022) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆိုင်ရာ ပင်မ အစီရင်ခံစာတွင် မြန်မာ သို့မဟုတ် တော်လှန်ရေးအင်အားစုများကို ဖော်ပြထားခြင်း မရှိပေ။
ထိုနောက်ဆက်တွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် Development Services Group Inc. (DSG) ၏ ကမ္ဘာ့အကြမ်းဖက်မှု အခြေအနေနှင့် လေ့လာရေးဌာန (Global Terrorism Trends and Analysis Center for the State Department) က ပြုစုသည်။
ထိုနောက်ဆက်တွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) နှင့် ချင်းပြည်ကာကွယ်ရေးတပ် (CDF) တို့ကို ၂၀၂၂ ခုနှစ် အကြမ်းဖက်မှုဖြစ်ရပ်များကို ကျူးလွန်သူများအဖြစ် ဖော်ပြသောကြောင့် ထိုအဖွဲ့များသည် အကြမ်းဖက်အဖွဲ့များဟု ဆိုလိုရာရောက်သည်။
၂၀၂၂ ခုနှစ်က မြန်မာတွင် ဖြစ်ရပ် ၃၉၁ ခုရှိပြီး သေဆုံးမှု ၂၁၃၀ ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF များသည် ထိုဖြစ်ရပ်များကို အဓိကကျူးလွန်သူဖြစ်ကာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ကျူးလွန်သည်ဟု ထိုနောက်ဆက်တွဲက ဖော်ပြသည်။ CDF နှင့် KNDF တို့သည် ဖြစ်ရပ် စုစုပေါင်း၏ ၇ ရာခိုင်နှုန်းစီကို ကျူးလွန်ကြောင်း ဖော်ပြထားသည်။
KNLA သည် မြန်မာတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။ PDF သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး KNDF နှင့် CDF တို့သည် ကရင်နီ (ကယား) နှင့် ချင်း ပြည်နယ်များမှ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ အကြမ်းဖက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည့် ထိုလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသည် မြန်မာစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းများဖြစ်သည်။
အခြားအဖွဲ့အစည်း အများအပြားနှင့်အတူ PDF, KNDF နှင့် CDF တို့သည် ထိုစစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြစ်သည်။ ထို့အပြင် အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည့် အဖွဲ့အစည်း လေးခုလုံးသည် ၎င်းတို့၏ ရည်မှန်းချက်များအတွက် လူထုထောက်ခံမှုရှိသော အဖွဲ့အစည်းများဖြစ်သည်။
DSG အစီရင်ခံစာသည် တုန်လှုပ်စရာကောင်းလောက်အောင် ညံ့ဖျင်းကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဇာကာရီ အဘူဇာက ဧရာဝတီသို့ပြောပြီး ထိုအစီရင်ခံစာသည် နောက်ခံသမိုင်းနှင့် ကျွမ်းကျင်မှု ကင်းမဲ့ပြီး မြန်မာအကြောင်း မသိခြင်းမှအပ အခြားမည်သည်ကိုမှ မဖော်ပြကြောင်း ဆက်လက် ပြောကြားသည်။
“ဒီအစီရင်ခံစာက အမေရိကန်အစိုးရကို ကသိကအောက်ဖြစ်စေပြီး ပိုမိုအန္တရာယ်များတာက ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးနဲ့ ကူညီရေးအတွက် အသုံးပြုထားတာ ဖြစ်တယ်” ဟုလည်း ဒေါက်တာ ဇာကာရီ အဘူဇာက ပြောပြီး ထိုအဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီက ထိုအစီရင်ခံစာကို အသုံးပြုနေကြောင်း ရည်ညွှန်းပြောကြားသည်။
DSG သည် လုံးဝကျွမ်းကျင်မှု မရှိသည့် ဟန်ပြအဖွဲ့အစည်းနှင့် အကျိုးအမြတ်ရှာသည့် အတိုင်ပင်ခံ လုပ်ငန်းသာဖြစ်ကြောင်း ဒေါက်တာ အဘူဇာက ပြောပြီး ထိုသို့ သတ်မှတ်ရန်အတွက် အတွေ့အကြုံ မရှိသူများကို ငှားရမ်းကာ မည်သည့်နိုင်ငံတော်တပိုင်း အဖွဲ့အစည်းကိုမဆို အကြမ်းဖက်သမားအဖြစ် အလိုလိုသတ်မှတ်သည့် သဘောသဘာဝရှိကြောင်းလည်း ပြောသည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအစီရင်ခံစာကို သေသေချာချာ မစစ်ဆေးဘူး၊ ဒါမှမဟုတ် ဘာအရည်အသွေး ထိန်းချုပ်မှုမှ မလုပ်လို့ အရမ်းကို ဆိုးရွားနေတယ်။ အမေရိကန် အခွန်ထမ်းတွေရဲ့ ငွေနဲ့ထုတ်လုပ်တဲ့ အစီရင်ခံစာက အစိုးရရော ကွန်ဂရက်ကပါ ဆန့်ကျင်တဲ့ စစ်ကောင်စီ ဝါဒဖြန့်ဖို့ ဖြစ်နေတယ်” ဟုလည်း ၎င်းကပြောသည်။
စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များကို ထိုနောက်ဆက်တွဲတွင် ထည့်သွင်းထားသည်ကို မြန်မာစစ်ကောင်စီက ဝါဒဖြန့်ရန် လွန်ခဲ့သောအပတ်က အသုံးပြုပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် PDF နှင့် ထိုအစီရင်ခံစာပါ အခြားအဖွဲ့အစည်းများကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြောင်း ပြောသည်။ စစ်ကောင်စီသည် PDF နှင့် NUG ကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ထားသည်။
စစ်ကောင်စီက ထိုသို့ပြောကြားခြင်းကို အမေရိကန် ပြည်ထောင်စုရှိ မြန်မာအဝေးရောက် အဖွဲ့အစည်း ၂၆ ခုမှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ရှုတ်ချသည်။
“စဉ်းစားသုံးသပ်ပြီးနောက် အဲဒီလို ထည့်သွင်းထားခြင်းကို ကျနော်တို့ စိုးရိမ်ကြောင်း ဖော်ပြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဆိုင်ရာဌာနကို စာတစောင်ရေးဖို့နဲ့ ရှင်းလင်းချက်တောင်းခံဖို့ ကျနော်တို့ သဘောတူခဲ့တယ်” ဟု လော့စ်အိန်ဂျယ်လိ မြန်မာလှုပ်ရှားမှု (LA2M) အဖွဲ့ဝင် ဂျိမ်းစ်ရွှေက ပြောသည်။
သူသည် ထိုစာကို မြန်မာဌာနသို့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပေးပို့သည်။ မြန်မာဌာနခွဲအကြီးအကဲ ဂျက်ဒတ်က ထိုနောက်ဆက်တွဲကို ကန်ထရိုက်တာတဦးက အလွယ်တကူရသည့် အချက်အလက်များကို အခြေခံ ပြုစုခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူဝါဒကို ကိုယ်စားမပြု သို့မဟုတ် အမေရိကန် အစိုးရ၏ ဥပဒေရေးရာဆုံးဖြတ်ချက်ကို မထင်ဟပ်ကြောင်း အကြောင်းပြန်ကြားသည်။
ထိုနောက်ဆက်တွဲကို ကန်ထရိုက်တာတဦးက ပြုလုပ်သည့်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ရှိပြီး အဝေးရောက် မြန်မာအဖွဲ့အစည်းများက ထိုကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် တုံ့ပြန်သည်ကို လိုလားကြောင်း ဂျိမ်းစ်ရွှေက ဧရာဝတီသို့ ပြောသည်။
“ကန်ထရိုက်တာက တင်ပြလာတာကို သူတို့ သုံးသပ်ရမယ်။ အခုဖြစ်ခဲ့တဲ့အခြေအနေကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်လိုမျိုး ကျနော်တို့ လိုချင်တယ်။ လာမယ့်အပတ်မှ သူတို့နဲ့ တွေ့ဖို့ရှိတယ်” ဟုလည်း ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US Red-Faced as Contractor Lists Myanmar Resistance Groups in Terrorism Index ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်
စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့
မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ
စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ