ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ နံနက်တွင် ဆမီးမြို့ အမှတ် (၁) ရပ်ကွက်အနီး တောင်ကုန်းပေါ် အခြေစိုက်ထားသည့် စစ်ကောင်စီဗျူဟာကုန်းကို AA တပ်ဖွဲ့ဝင်များက လာရောက်တိုက်ခိုက်ရာ အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆမီးမြို့ခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ပထမတော့ စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ ကျနော်တို့အထင် သူတို့ ဗျူဟာကုန်းအနီးအနားကို AA တပ်ဖွဲ့ဝင်တွေ ကပ်မလာအောင် ပစ်တာလို့ထင်တယ်။ နောက် ဟိုဘက်ဒီဘက် အပြန် အလှန် လက်နက်ကြီးတွေနဲ့ ထုကြတယ်။ နေ့လယ်ပိုင်းလောက်မှာ အနီးကပ်တိုက်ပွဲတွေ ထွက်လာတော့ မြို့ကလူတွေ လည်း ကြောက်ပြီးအကုန်ပြေးကုန်ကြတယ်” ဟု ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမီးမြို့ခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသလို ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ပလက်ဝက်ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့်အတူ ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ဗျူဟာကုန်းနှင့် နှုံးဘူးဗျူဟာကုန်းတို့ကိုလည်း နိုဝင်ဘာ ၁၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာ ၄ ရက်တွင် တရွန်အိုင်ဗျူဟာကုန်း၊ ဒီဇင်ဘာ ၁၀ ရက်၌ နှုံးဘူးဗျူဟာကုန်းတို့အပြင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ မြိတ်ဝစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထို့ပြင် AA အနေဖြင့် ကျန်ရှိနေသေးသည့် ပလက်ဝမြို့နယ်အထွက်ပိုင်း ကုလားတန်အရှေ့ဘက်ကမ်းရှိ ရှင်းလက်ဝဗျူဟာ ကုန်းနှင့် ကုလားတန်အနောက်ဘက်ကမ်းရှိ ခဝဲဗျူဟာကုန်းတို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်ချေမှုန်းရန် ကြိုးပမ်း နေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက် ထိ ၄၅ ရက်တာအတွင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၁၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်းလည်း AA က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်း စသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုများကိုပါ ဖြတ်တောက်ထားသည်။
AA အနေဖြင့် လက်ရှိဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲဖော်ဆောင်မှုမှာ ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာ မိတ်သုံးဖွဲ့နှင့် တိုက်ခိုက်နေသည့် စစ်ဗျူဟာနှင့်မတူသလို ပြီးခဲ့သည့် ၂၀၁၈၊ ၂၀၁၉ က ဖြစ်ပွားခဲ့သော ရခိုင်တိုက်ပွဲကာလ နှင့်လည်းမတူဘဲ တမူထူးခြားနေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုသည်။
စစ်ရေးအကဲခတ်တဦးက “ရခိုင်မြောက်ပိုင်း အခုတကြိမ် တိုက်ပွဲကာလမှာ စစ်ကောင်စီက ရခိုင်လူထုရော၊ AA ကိုပါ ရိက္ခာဖြတ်တောက်ထားတဲ့အတွက် AA အနေနဲ့ ရိက္ခာသယ်ယူမှု လမ်းကြောင်းတခုကို ဖွင့်သွားအောင် အိန္ဒိယနဲ့ဘင်္ဂလား နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု ဆိုသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့အထက်ပိုင်းရှိ အခိုင်အမာတည်ဆောက်ထားသော စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ဒေသကာကွယ်ရေးတပ်များဖြစ်သည့် Maraland Defense Force – MDF တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။
AA အနေဖြင့် ပလက်ဝအထက်ပိုင်းရှိ တရွန်အိုင်၊ နှုံးဘူး၊ မြိတ်ဝ ဗျူဟာကုန်းတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ ကျန်ရှိနေ သေးသော ရှင်းလက်ဝဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်နိုင်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တို့မှ ရခိုင်မြောက်ပိုင်း သို့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတခု ဖွင့်သွားနိုင်သည့် အခြေအနေရှိကြောင်းလည်း စစ်ရေးအကဲခတ်များက သုံးသပ် ပြောဆိုသည်။
ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကုလားတန်မြစ်ကြောင်း တလျှောက်တွင် စစ်ကောင်စီသည် ပလက်ဝအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၈၉ အပြင် ပြည်မအခြေစိုက် တပ်မ-၁၁ လက်အောက်ခံ ထည့်သွင်းကာ ပလက်ဝမြို့အောက်ပိုင်း၌ မီးဝဗျူဟာကုန်း၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောက်ဗျူ ဟာကုန်းတို့ကို အခိုင်အမာတည်ဆောက်ကာ ခံစစ်အနေအထားဖြင့် ပြင်ထားကြောင်းလည်း သိရသည်။
You may also like these stories:
စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်
ပလက်ဝက စစ်ကောင်စီစခန်းကို CNA ဝင်တိုက်
ပလက်ဝတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန်မြင့်တက်နေ