အာဏာသိမ်းပြီးနောက် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်လာခြင်း၊ နယ်မြေမတည်ငြိမ်၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲလာခြင်း၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ယခုနှစ်အတွင်း ကြက်ဘဲ မွေးမြူရေးလုပ်ငန်း အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
လုပ်ငန်းအတွက် အဓိကလိုအပ်သော လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အပြင် မီးလာသည့်အချိန်တွင်လည်း မီးအား မပြည့်သဖြင့် မီးစက်ကိုသာ အားထားနေပြီး ယခုနောက်ပိုင်း မီးစက်အတွက် စက်သုံးဆီ ရရှိရန်ပင် ခက်ခဲလာခြင်း နယ်မြေ တည်ငြိမ်မှု မရှိခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်ခဲများကြောင့် မွေးမြူရေးလုပ်ငန်းများကို လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်း များ ပြုလုပ်လာကြသည်။
ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ရှမ်းပြည်နယ်တို့တွင် မျိုးခြံနှင့် ဥဖောက်စက်များဖြင့် မွေးမြူရေးလုပ်ငန်းများကို အများဆုံး လုပ်ကိုင် ကြပြီး မန္တလေးတိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပြင်ဦးလွင်၊ တံတားဦး၊ မြင်းခြံ အစရှိသည့်တို့တွင် ကြက်မွေးမြူရေးဇုန်အဖြစ် သတ်မှတ် မွေးမြူကြသည်။
ရန်ကုန်တိုင်းအတွင်း မွေးမြူရေးလုပ်ငန်းနှင့် အစာစပ် ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “သွင်းကုန်ပစ္စည်းတိုင်း အကုန်ဈေးတက်တယ်။ ပြည်တွင်းပစ္စည်းတွေက ဈေးကျတယ်။ Export ကို မသွားနိုင်ကြဘူး။ မွေးမြူရေးထုတ်ကုန် က လည်း တဖြေးဖြေးနဲ့ တချို့ သွားလာလို့ မရတဲ့နယ်မြေတွေ များလာတယ်၊ ကြက်ပေါက်ဆိုရင် ဝယ်မယ့်သူ မရှိတော့ဘူး။ ဒါကြောင့် မွေးမယ့်သူ တော်တော်လေးကို နည်းသွားတယ်။ ဒီနှစ်ထဲမှာ မွေးမြူရေးက ၃၀ နဲ့ ၃၅ ရာခိုင်နှုန်းလောက် ဆုတ်ယုတ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိခဲ့သည့်အနက် ကြက်၊ဘဲ၊ မွေးမြူရေးလုပ်ငန်း များမှာလည်း နယ်မြေ မတည်ငြိမ်မှုကြောင့် သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများ ဖြစ်လာသလို မွေးမြူရေးအတွက် အဓိက လိုအပ်သော လျှပ်စစ်မီး မရ၍ မီးစက်အတွက် ဒီဇယ်ကို မှောင်ခိုဈေးဖြင့် ပိုပေးကာ ဝယ်ယူရခြင်း၊ ကုန်ကြမ်း ပစ္စည်း များ ဈေးတက်လာခြင်းစသည်တို့ကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာကာ ပြန်လည်ရောင်းချရာတွင် တွက်ခြေ မကိုက် ခြင်း၊ ဈေးတင် ရောင်းပါကလည်း စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးကာ ဈေးနှုန်းချခိုင်းခြင်းတို့ကြောင့် ဈေးကွက်ပျက်လာကာ ရှိသည့်လုပ်ငန်းကိုပင် ရသည့်ဈေးနှင့် ရောင်းချရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “တချို့ နယ်မြေ မအေးချမ်းတဲ့ဒေသမှာဆိုရင် ရန်ကုန်ကနေ နယ်ကို ပြန်ပို့ရတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ ဥပမာ ရန်ကုန်မှာ ၁ ပိဿာကို ၄,၇၀၀ ကျပ်လောက်ရှိတယ်ဆိုရင် နယ်မှာ ၁ ပိဿာကို ၇,၀၀၀ လောက် ဖြစ်နေပြီ။ သူတို့ကိုယ်တိုင် ထုတ်လုပ်မှု မရှိတော့ဘူး။ ကျနော်တို့ နယ်မှာ မွေးမြူရေး လုပ်ငန်းတွေ မလုပ်ကြတော့ ကျနော်တို့ ကြက်ပေါက်လေးတွေက ရောင်းမထွက်တော့ဘူး။ ခါတိုင်း တကောင် ၁,၂၀၀ ကျပ်၊ ၁,၃၀၀ ကျပ်ရှိတာက အခုဆို ၄၀၀၊ ၅၀၀နဲ့ ရောင်းတာတောင် မကုန်ဘူး။ ဝယ်မယ့်သူ မရှိဘူး” ဟု ဆိုသည်။
စစ်တပ်အာဏာ မသိမ်းခင်က မြန်မာ့ကြက်မွေးမြူရေးမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် မွေးမြူရေးလုပ်ငန်းများမှာ ၃၀ ရာခိုင်နှုန်းကျော်အထိ ဆုတ်ယုတ်လာကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် တဦးက “အဓိကတော့ ကျနော်တို့က ဈေးကွက်ခိုင်မာမှု မရှိတော့ မလုပ်ရဲတော့တာ။ ကုန်ဈေးနှုန်းဆိုတာကတော့ ရေမြင့် ကြာမြင့်ပဲပေါ့။ အခုက ဈေးကွက်ရဖို့ မသေချာဘူး။ ဘာလို့လဲဆို နယ်မြေ မတည်ငြိမ်မှုတွေရှိတယ်။ ကိုယ်နယ်မှာ မွေးပေမယ့် ကိုယ်နယ်မှာ ရောင်းလို့ မရတော့ တခြားကို သွားဖို့က သွားလာရ အခက်အခဲ၊ ပြီးတော့ အဲဒီမှာ ရှိပြီးသားဈေးကွက်လည်း ရှိတော့ ထပ်တိုးဖို့ မလွယ်ဘူး”ဟု ပြောသည်။
လက်ရှိတွင် စစ်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး အစရှိသည့် ဒေသများရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများမှာလည်း အခက်အခဲများ ရှိလာသဖြင့် ဆက်လက်၍ လုပ်ငန်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွေးမြူရေးလုပ်ငန်းများတွင် တီထွင်ကြံဆ လုပ်ဆောင်မှု မရှိသည့်အတွက် ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတဘဲ ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်း ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်း က ပြောခဲ့သလို နိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားရေး၊ ပြည်သူများ၏ လူမှုဘဝ စီးပွားရေး မြင့်မားအောင် ကြိုးစားမည်ဟု ချမှတ်ထားသည်။
You may also like these stories:
လျှပ်စစ်မီး၊ စက်သုံးဆီ အခက်အခဲကြောင့် မန္တလေးရှိ အိမ်တွင်းလုပ်ငန်းများ ရပ်နား
လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးရန် အစိုးရက ကျပ် ဘီလီယံ ၉၀ ကျော်သုံးမည်