ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် အကြောင်းအမျိုးမျိုးပြကာ မြို့နယ်အသီးသီးရှိ အရပ်သား ၁၈၀ နီးပါးကို ဖမ်းဆီးထားကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ပြုစုထားသည့် စာရင်းများအရ သိရသည်။
ဖမ်းဆီးခံရသည့် အရပ်သားများမှာ စစ်တွေမြို့နယ်အတွင်းမှ ၅၀ ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ ၂၁ ဦး၊ မောင်တော မြို့နယ်အတွင်းမှ ၆ ဦး၊ ရသေ့တောင်မြို့နယ်အတွင်းမှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ၅ ဦး၊ ပေါက်တောမြို့နယ်အတွင်း မှ ၃ ဦး မြောက်ဦးမြို့နယ်အတွင်းမှ ၅ ဦး၊ သံတွဲမြို့နယ်အတွင်းမှ ၃၀ ဦး၊ တောင်ကုတ်မြို့နယ်အတွင်းမှ ၁၇ ဦး၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ ၃၃ ဦး၊ ရမ်းဗြဲမြို့နယ်အတွင်းမှ ၂ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့ ဖြစ်သည်။
အဆိုပါစာရင်းသည် ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ လက်လှမ်းမီသလောက်ပြုစုထားသော စာရင်းများဖြစ်ကာ မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင် ကြောင်းလည်း စစ်တွေအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အဖမ်းခံရတဲ့ အရေအတွက်က လူပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ အခု အဖမ်းခံရတဲ့အထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငွေးကြေးတတ်နိုင်သူတွေလည်း ပါနေတဲ့အခါကျတော့ မိသားစုဝင်တွေက အပြင်ကို သတင်းမထုတ်ချင် ကြဘူး။ တချို့နယ်ဘက်တွေမှာကျပြန်တော့လည်း အင်တာနက်လိုင်းမရတာ။ လိုင်းပေါ်မတင်ရဲတာတွေ ရှိနေကြတော့ လက်လှမ်းမီသလောက်ကိုပဲ ကောက်ယူထားတာဖြစ်တယ်။ တကယ်မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်” ဟု ဆိုသည်။
စစ်တွေမြို့ပေါ်တွင် ဒီဇင်ဘာ ၁၄ တရက်တည်းပင် စစ်တွေကမ်းခြေ၊ ကိုးရီယားဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်နေသည့် လှေသမား ၅၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ ဦးအား ဒဏ်ငွေဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျောက်ဖြူမြို့နယ် အတွင်း ဒီဇင်ဘာ ၁၇ ရက်တွင် မြို့ပေါ်ဈေးသွားရောင်းသည့် ကျောက်တလုံး မွတ်ဆလင်စစ်ရှောင်စခန်းမှ ဒုက္ခသည် ၁၃ ဦး နှင့် မြို့ ပေါ်ဈေးလာဝယ်သည့် ဂုံးချိန်ကျေးရွာသား ၆ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့ပေါ် ကျောက်တလုံးစစ်ရှောင်စခန်းမှ ဒုက္ခသည်တဦးက “စစ်တပ်က မြို့ကို လုံးဝ အဝင်မခံတဲ့အခါကျတော့ ကျနော်တို့ ဒုက္ခသည်စခန်းကလူတွေ တဖြည်းဖြည်း ရိက္ခာတွေပြတ်လာတော့ မြို့ကို ဟင်းသီးဟင်းရွက်ရောင်းဖို့ တခြားနေ ရာတခုကနေ ပတ်ပြီးတော့ဝင်တဲ့အချိန် မြို့ပေါ်မှာ ကင်းချထားတဲ့စစ်တပ်က ဖမ်းဆီးလိုက်တာ။ သူတို့မှာ ဘာအပြစ်မှလည်း မရှိဘူး။ ဈေးသွားရောင်းတာတခုတည်းနဲ့ အဖမ်းခံရတာ။ အခုထိ သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာလည်း မသိရဘူး” ဟု ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံရသူများထဲ စီးပွားရေးလုပ်ငန်းရှင်များလည်းပါဝင်ပြီး ၎င်းတို့ပြန်လွတ်မြောက်ရန် စစ်ကောင်စီက ငွေကျပ်သိန်း ၃၀၀ ရာထိ တောင်းခံမှုများရှိသလို တချို့သော ဒေသခံ ရခိုင်တိုင်းရင်းသားများကိုလည်း AA နှင့် ပတ်သက်မှုရှိသည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် အမှုဖွင့်တရားစွဲတင်ရန် ကြိုးပမ်းနေကြောင်း လည်း သိရသည်။
ဘူးသီးတောင်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “စစ်ကောင်စီက AA ကို တိုက်မနိုင် တဲ့အခါကျတော့ အရပ်သားတွေ အကြောက်တရား ကြီးစိုးလာအောင် ဥပဒေအမျိုးမျိုးနဲ့ ဖမ်းဆီးတယ်။ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုမှုတွေလုပ်တယ်။ သွားလာရေးတွေကို ပိတ်ဆို့တယ်။ အငတ်ဘေးဆိုက်အောင် ကုန်စည်စီးဆင်းမှုကို ဖြတ် တောက်တယ်။ ဒါက သူတို့ လုပ်လို့ရသောက် စစ်ရာဇဝတ်မှု ကျုးလွန်မယ်ဆိုတဲ့သဘောကို ပြနေတာပဲ” ဟု မှတ်ချက်ပြု သည်။
လတ်တလောတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည် ရမ်းဗြဲကျွန်းနှင့် တောင်ကုတ်မြို့နယ်များ၌လည်း ဒီဇင်ဘာ ၁၈ ရက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ထိုသို့ အရပ်သားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်တပ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားသည့် သတင်းမှားသာဖြစ်ကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်လေ့ရှိသည်။
You may also like these stories:
တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ
စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို